သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ရှိတဲ့နေရာ အတိအကျမသိရသေး


ပြီးခဲ့တဲ့ ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို နေရာထပ်မံ ပြောင်းရွှေ့လိုက်တယ်လို့ မီဒီယာတချို့မှာ သတင်းထပ်မံ ထွက်ပေါ်လာပါတယ်။ ဒီသတင်းကို အတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း နှုတ်ဆိတ် နေဆဲပါ။ နေပြည်တော် အချုပ်ထောင်ကိုပဲ ထောင်ဝင်စာပစ္စည်းတွေ ပို့ခဲ့ရတယ်လို့ သူတို့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်တပ် အာဏာသိမ်းတာ ၃ နှစ်ကျော်တဲ့အထိ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မံ နေရာပြောင်းရွှေ့လိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ မကြာသေးခင်ကတော့ နေပူပြင်းတာမို့ အကျဉ်းထောင်ကနေ နေရာရွှေ့တယ်လို့ စစ်ကောင်စီဘက်က ပြောခဲ့တာဖြစ်ပြီး ခုတခါ ထပ်မံ ပြောင်းရွှေ့တဲ့ သတင်းထွက်လာတာပါ။ သုံးသပ်သူ တချို့ကတော့ စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်း တခုခု ကြုံလာရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့သတင်း ထွက်လာတာ တွေ့ရတဲ့အတွက် စစ်ကောင်စီက နိုင်ငံရေးအရ အသုံးချနေတယ်လို့ ဝေဖန်ပါတယ်။

ရန်ကုန်ကပေးပို့တဲ့ ဒီသတင်း စုစည်းတင်ပြချက်ကိုတော့ ကိုရဲမွန်က ပြောပြမှာပါ။


ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဒေါ်အောင်ဆန်းစုကြည်ကို နေရာထပ်မံ ပြောင်းရွှေ့လိုက်တယ်လို့ သတင်းမီဒီယာတချို့မှာ သတင်း ထပ်မံ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒီသတင်းကို အတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း နှုတ်ဆိတ် နေဆဲပါ။ လက်ရှိမှာတော့ ရှေ့နေအဖွဲ့က အပတ်စဉ် ပို့နေကျအတိုင်း နေပြည်တော် အချုပ်ထောင်ကိုပဲ ထောင်ဝင်စာ ပစ္စည်းတွေ ပို့ခဲ့ရတယ်လို့ သူတို့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာတယ်ဆိုတဲ့ သတင်းစကားသာ ကြားခဲ့ရပါတယ်။

လက်ရှိအချိန်ထိလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေနဲ့ပတ်သတ်လို့ တွေ့ခွင့်ရဖို့ ရှေ့နေတွေဘက်က အကြိမ်ကြိမ် ကြိုးပမ်းမှုတွေ လုပ်ပေမယ့် ခုချိန်ထိ တွေ့ခွင့်မရသေးပါဘူး။ နေအိမ် လေလံတင်ကိစ္စလည်း ဒေါ်အောင်ဆန်းစုကြည် မသိရသလို၊ ရှေ့နေတွေနဲ့ တိုင်ပင်ခွင့် မရပဲ မျက်ကွယ်မှာ စီရင်ခံနေရတဲ့အမှု ဖြစ်ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ တည်ဆဲဥပဒေအရ အကျဉ်းချထားခံရသူကို နေရာ ပြောင်းရွှေ့ခွင့် ရှိပေမယ့် မိသားစုဖြစ်စေ ရှေ့နေနဲ့ဖြစ်စေ တရားဝင် တွေ့ဆုံခွင့်ပေးရမှာ ဖြစ်တယ်လို့ပြောပါတယ်။ တရားဝင် တွေ့ဆုံခွင့်မပေးသရွေ့ ဒါဟာ ဥပဒေနဲ့မညီတဲ့ လုပ်ဆောင်မှု ချုပ်နှောင်မှုသာ ဖြစ်တယ်လို့ ဥပဒေအရ သူကပြောပါတယ်။

" ပြောချင်တာကတော့ အကျဉ်းထောင် လက်စွဲဥပဒေမှာ ထားတဲ့နေရာ ဘယ်နေရာထားထား။ အကျဉ်းထောင်လို့သတ်မှတ်ရမယ်လို့ အဲဒါတော့ ဥပဒေအရ ရှိတယ်လေ။ ဒါပေမယ့် မိသားစုနဲ့တွေ့ခွင့်မပေးဘူး။ ရှေ့နေတွေနဲ့ တွေ့ခွင့်မပေးဘူး ဆိုတာကျတော့ အဲဒါကတော့ မဖြစ်သင့်ဘူးပေါ့နော် ၊ ရှေ့နေတွေကလည်း တချို့အမှုတွေက မပြတ်သေးဘူးလေ ဒါတွေရှိတယ်။ အဲဒါကျတော့ ဥပဒေနဲ့မညီဘူးလေ။ ရှေ့နေတွေနဲ့ တွေ့ခွင့်မပေးတာ မိသားစုနဲ့ တွေ့ခွင့် မပေးတာကျတော့ ဥပဒေနဲ့ လုံးဝ မညီဘူးပေါ့လေ။ "

ဒီသတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကိုထားတဲ့နေရာ အတိအကျ ထုတ်ပြောတာ မရှိသလို စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာနကလည်း သတင်း မထွက်အောင် ထိန်းချုပ်ထားပါတယ်။ အတည်မပြုနိုင်တဲ့ သတင်းတွေအရတော့ နေပြည်တော်ထောင်ကနေ နေအိမ်အကျယ်ချုပ် ထားရှိရာကနေ ခုတခါမှာတော့ နေပြည်တော် စစ်ကောင်စီ ဝင်တွေနေတဲ့ နေရာကို ခေါ်ဆောင်ခံထားရတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းက ကမ္ဘောဒီယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အွန်လိုင်း ဗီဒီယိုကတဆင့် စကားပြောစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အွန်လိုင်းဗီဒီယိုကနေ စကားပြောခွင့်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီက လက်မခံခဲ့ပါဘူး။

အသက် ၇၈ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်အာဏာသိမ်းတဲ့ နေ့ကစလို့ ဖမ်းဆီးခဲ့ပြီး အမှု ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပါတယ်။ ဒီအထဲက ၆ နှစ်ကို မနှစ် သြဂုတ်လ ၁ ရက်နေ့က လွတ်ငြိမ်းသက်သာခွင့်နဲ့ လျှော့ပေါ့ ပေးခဲ့ပါတယ်။ ကျန်နေသေးတဲ့ ၁၄ မှုအတွက် လက်ရှိမှာ ထောင်ဒဏ် ၂၇ နှစ် ကျခံနေရဆဲဖြစ်ပါတယ်။ ဒီလို အကျဉ်းချထားပေမယ့် နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာ တက္ကိမက ပြည်တွင်းရော ပြည်ပမှာပါ ကြီးမားနေဆဲဖြစ်ပြီး အာဆီယံဥက္ကဌ အထူးကိုယ်စားလှယ်နဲ့ နိုင်ငံ့ခေါင်းဆောင်တွေ တော်တော်များများက သူနဲ့တွေ့ဖို့ စစ်ကောင်စီဆီမှာ တနည်းမဟုတ်တနည်း ကြိုးစားနေကြဆဲဖြစ်ပါတယ်။

စစ်ကောင်စီ မတိုင်ခင် အရင် စစ်အစိုးရတွေ အဆက်ဆက်မှာ ဖိအားတွေကို လျော့ပါးလိုတဲ့ ရည်ရွယ်ချက်နဲ့ နိုင်ငံတကာ သံတမန်တွေကို ထိန်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးတာတွေ လုပ်ခဲ့ပေမယ့် လက်ရှိစစ်ကောင်စီလက်ထက်မှာတော့ ခုချိန်ထိ တွေ့ခွင့်ပေးတာ မရှိသေးပါဘူး။

ဒါပေမဲ့ ဖိအား အကျပ်အတည်းတွေ များလာရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သတ်လို့ သတင်းတချို့ ထွက်ပေါ်လာတတ်တာမျိုးနဲ့ အာရုံလွှဲတာမျိုး ရှိတတ်ပြီး အခု ပြည်တွင်းစစ်နဲ့ ပြည်သူတွေ စီးပွါးမပြေလည်တာအပြင် နိုင်ငံတကာ ဖိအားတွေ အောက်မှာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချနေဆဲရှိတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက ခုလိုပြောပါတယ်။

" ဦးသန်းရွှေ လက်ထက်ထဲက အသုံးချလာတာ။ တောက်လျှောက်ပဲလေ။ ဒေါ်အောင်ဆန်းစုကြည်ကို တခုမဟုတ်တခု တနည်းမဟုတ်တနည်း အသုံးချဖို့ ခေါင်းထဲမှာ အမြဲရှိကြတယ်။ ဘယ်လို သုံးရမလဲဆိုတာကို စဉ်းစားနေ ကြိုးစားနေတာတော့ သေချာသလောက် ရှိတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အသုံးချ သတင်းလုပ်နေတာတော့ သေချာတယ်။ သတင်းလုပ်တာမှာ ၂ နည်းရှိတယ်။ တရားဝင်သဘောနဲ့ ပြောရေးဆိုခွင့်ရှိသူက ထွက်ပြောတာရှိသလို သတင်းလွှင့်တာလည်း ရှိတယ်။ ခုထိ နေရာရွှေ့တယ်ဆိုတဲ့ သတင်းလောက်ပဲ သတင်းထွက်နေတယ်။ နေရာရွှေ့သလောက်ပဲ သတင်း ထွက်နေတယ်ဆိုရင် သူတို့လိုချင်တဲ့အကွက် လိုချင်တဲ့ပုံစံ မဖြစ်သေးဘူး အဲ့ထဲကို ဒေါ်အောင်ဆန်းစုကြည် ဝင်မလာဘူးဆိုတာ ကောက်ချက်ဆွဲလို့ရတာပေါ့။ "

ထွက်ပေါက် လိုအပ်နေတဲ့ စစ်ကောင်စီဟာ သြဇာကြီးမားဆဲ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးလှည့်ကွက်မှာ အသုံးချနေပေမယ့် လက်ရှိ နိုင်ငံရေး အရွှေ့အပြောင်း လူထုတော်လှန်ရေး စတာတွေကို ရပ်တန့်သွားအောင်တော့ လုပ်နိုင်မယ် မထင်ဘူးလို့လည်း နိုင်ငံရေး စောင့်ကြည့်လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG