သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွိုင်ကော်အနီးတဝိုက် တိုက်ပွဲတွေကြောင့် ဒေသခံတွေစိုးရိမ်


ကယားပြည်နယ် လွိုင်ကော်မြို့ကို တိုက်ခိုက်စဉ်အတွင်း ထွက်ပြေးတိမ်းရှောင်နေကြတဲ့ မြို့ခံများကို တွေ့ရစဉ် (နိုဝင်ဘာ ၁၄၊ ၂၀၂၃)
ကယားပြည်နယ် လွိုင်ကော်မြို့ကို တိုက်ခိုက်စဉ်အတွင်း ထွက်ပြေးတိမ်းရှောင်နေကြတဲ့ မြို့ခံများကို တွေ့ရစဉ် (နိုဝင်ဘာ ၁၄၊ ၂၀၂၃)

ကရင်နီဒေသ လွိုင်ကော်မြို့တဝိုက်မှာ လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက ထိုးစစ်ဆင်ရာမှာ အရပ်သားတွေ နေထိုင်ရာ နေရာတွေကိုပါ ထိခိုက်မှုတွေ ရှိနေတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ ကရင်နီဒေသမှာ ဒီရက်ပိုင်းအတွင်း စစ်ရေးတင်းမာမှုတွေ ပေါ်ပေါက်လာနေတယ်လို့လည်း ဒေသခံတချို့က ပြောပါတယ်။ ကရင်နီဒေသ စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး အလိမ္မာ တင်ပြထားပါတယ်။

စစ်ကောင်စီဘက်က လက်လွှတ်ဆုံးရှုံးခဲ့တဲ့ တပ်စခန်းတွေကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ ကရင်နီဒေသ လွိုင်ကော်မြို့ ဖက်ကို စစ်ထိုးဆင် စစ်ကြောင်းလှုပ်ရှားနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ပြောပါတယ်။ စစ်ကြောင်းလှုပ်ရှားမှုရှိတာကြောင့် လွိုင်ကော်မြို့ နောင်ယားရပ်ကွက်တွေမှာ အခုရက်ပိုင်း နေ့စဉ်ဆိုသလို နှစ်ဖက်ထိတွေ့မှု တိုက်ပွဲဖြစ်ပွားနေတယ်လို့ လည်း သူကတဆက်တည်း အခုလိုပြောပါတယ်။

“အခု ဒီမေလအတွင်းမှာကတော့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေက ခပ်စိတ်စိတ်မြို့ ပေါ်ရပ်ကွက်တွေမှာ ပြန်ဖြစ်လာပါတယ်။ နောင်ယားရပ်ကွက်ထဲမှာပေါ့နော်၊ နောင်ယား(က)၊(ခ)ရပ်ကွက်တွေထဲမှာ တိုက်ပွဲတွေကတော့ ခပ်စိတ်စိတ်ဖြစ်ပွားနေတယ်။ ပြင်းထန်တာကတော့ ဟိုဟာပေါ့နော် တခါတလေကျရင် နာရီပိုင်းပေါ့ ကြာတယ်၊ တခါတလေကျရင် ၁၅ မိနစ်၊ မိနစ် ၂၀၊ နာရီဝက် အဲ့လောက်ပဲ ကြာပါတယ်ပေါ့နော်။ ဆိုတော့ နေ့တိုင်းနီးပါးဖြစ်တယ်ပေါ့နော်။ အထူးသဖြင့် ညနေမိုးချုပ်ပြီးဆိုရင် စစ်ကောင်စီဘက်က စစ်ကြောင်းတွေ လှုပ်ရှားမှုတွေထပ်လုပ်လာတဲ့အတွက် တိုက်ပွဲတွေ ခဏခဏဖြစ်ရတာမျိုး ရှိပါတယ်။”

ခန့်မှန်းခြေအင်အား ၅၀၀ လောက်ပါဝင်တဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ကနေ ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်ထဲ ရောက်ရှိလာပြီး ထိုးစစ်ဆင်နေတာလို့ (KNDF) ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဆိုပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ ဆီဆိုင်-လွိုင်ကော်-မိုးဗြဲ လမ်းခွဲအထိ ရောက်လာတာကြောင့် အဲ့ဒီနေရာမှာလည်း အခုမေလထဲမှာ တိုက်ပွဲဖြစ်ခဲ့တာရှိတယ်လို့ ပြောပါတယ်။

လွိုင်ကော်မြို့နယ်ထဲ စစ်ထိုးဆင်နေတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြောရေဆိုခွင့်ရှိသူ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးကို ဆက်သွယ်ပေမယ့် မရသေးပါဘူး။ စစ်ကောင်စီဘက်ကလည်း တစုံတရာ ထုတ်ပြန်တာမရှိသေးပါဘူး။

လွိုင်ကော်မြို့မှာ တိုက်ပွဲဖြစ်ပွားတဲ့ အသံနဲ့ လက်နက်ကြီးပစ်ခတ်တဲ့အသံတွေ နေ့နေ့ညည ကြားနေရတဲ့အကြောင်း လွိုင်ကော်မြို့နဲ့ နီးတဲ့ ဒီးမော့ဆိုဒေသခံတဦးက ခုလို ပြောပါတယ်။

“လွိုင်ကော်ဖက်မှာတော့ နေ့တိုင်းဖြစ်တယ်။ ကျမတို့ ဒီးမော့ဆိုဖက်မှာတော့ တိုက်ပွဲဖြစ်တာတော့ မရှိဘူးရော။ (လွိုင်ကော်ဖက်)လက်နက်ကြီးတွေ ကြားနေရတယ်လေ၊ သူတို့ လက်နက်ကြီးထုတာအကုန်ကြားရတယ် ဒီးမော့ဆိုကနေကြားနေရတယ်။ ခါတိုင်းရက်တွေ ခါတိုင်းညတွေလည်း ကြားနေရတယ်။”

ပြီးခဲ့တဲ့ မေလ ဒုတိယအပတ်လောက်က လွိုင်ကော်မြို့နယ် လွိုင်လင်လေးမြို့ဖက်မှာလည်း ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အရပ်သား အိမ်ခြေ ၃၆၀ ကျော်နဲ့ လူဦးရေ ၁၆၀၀ ကျော်လောက်ဟာ အိုးအိမ်စွန့်ခွား ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ လွိုင်လင်လေးဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ထိုးစစ်ဆင် စစ်ကြောင်းလှုပ်ရှားနေတာကြောင့် တိုက်ပွဲကျယ်ပြန့်လာ စစ်ဘေးရှောင်ဒေသခံတွေ တနေရာပြီး တနေရာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားရေးသောက်ရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု အကူအညီလိုအပ်နေဆဲဖြစ်တယ်လို့ စစ်ဘေးရှောင်တွေက ပြောဆိုကြပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ကရင်နီဒေသအပါအဝင် နိုင်ငံတဝန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ၂.၃ သန်းကျော် ရှိနေပြီလို့ ကုလသမဂ္ဂရဲ့ ၂၀၂၄ခုနှစ် ဖေဖေါ်ဝါရီလမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG