သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းမှာ ငွေလဲနှုန်းတင်သူတွေကို အရေးယူမည် (ဗဟိုဘဏ်)


ငွေလဲနှုန်းမတည်ငြိမ်ဖြစ်နေ
ငွေလဲနှုန်းမတည်ငြိမ်ဖြစ်နေ

နိုင်ငံခြားငွေစျေးတွေ နှစ်ရက်အတွင်း ထိုးတက်လာပြီးနောက် လူမှုကွန်ရက်ပေါ်ကနေ ငွေလဲနှုန်း ဆွဲတင်နေသူတွေကို အရေးယူသွားမယ်လို့ မြန်မာဗဟိုဘဏ်က ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ ထုတ်ပြန်လာပါတယ်။ ပြည်တွင်းမှာတော့ ငွေလဲနှုန်းကွာဟပြီး ကျပ်ငွေကျဆင်း လာတာနဲ့အတူ အထွေထွေကုန်စျေးနှုန်းလည်း အဆမတန် တက်လာနေတယ်လို့ ကြုံတွေ့နေရသူတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့ထားတဲ့သတင်းကို အခြေခံပြီး အလိမ္မာက တင်ပြပေးထားပါတယ်။

Facebook, Viber, Telegram စတဲ့ လူမှုကွန်ရက်တွေ ပေါ်ကနေ နာမည်အတုသုံးပြီး ငွေလဲနှုန်းကို မတည်မငြိမ်ဖြစ်အောင် လုပ်နေသူတွေကို အရေးယူမယ်လို့ ဗဟိုဘဏ်က မေလ ၂၉ ရက်နေ့မှာ ထုတ်ပြန်လိုက်တာပါ။ အရင်ကတည်းက တဖြည်းဖြည်းတက်လာနေတဲ့ ကုန်စျေးနှုန်းဟာ ဒီနှစ်ရက်အတွင်းမှာ အရှိန်နဲ့ထိုးတက်လာပြီး စားဝတ်နေရေး အပါအဝင် အထွေထွေ အကျပ်အတည်းတွေကို ရင်ဆိုင်နေရတယ်လို့ စားသုံးသူတွေက ပြောပါတယ်။

ပြည်တွင်းရွှေစျေးနဲ့ နိုင်ငံခြားငွေလဲနှုန်းတွေ အဆမတန် ဖြစ်လာချိန်မှာ ကုန်စျေးနှုန်းတွေလည်း ရုတ်ချည်းဆိုသလို တက်လာတာပါ။ တနေ့တာ မဖြစ်မနေစားသောက်ရမယ့် မီးဖိုချောင်ကုန်စည်တွေလည်း စျေးတက်လာလို့ အခက်တွေ့နေကြပါတယ်။ အသား၊ ငါးနဲ့ အသီးအရွက်စျေးတွေပါ တရက်ပြီးတရက် တက်လာနေတယ်လို့ စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်နေသူတဦးက ပြောပါတယ်။

"တချို့အသားတွေဆို တရက်ထဲနဲ့ ၃,၀၀၀ လောက် ခုန်တက်တာဗျ။ တချို့ဟာတွေ ကျတော့လည်း တရက်ချင်းကို ၅၀၀ တက်လိုက်၊ ၁,၀၀၀ တက်လိုက်နဲ့ ဆက်တိုက်ကို ဖြစ်တာဗျ။ စျေးတွေကတော့ တောက်လျှောက် တက်နေတုန်းပဲ။ ဒီနေ့ဆိုရင်လည်း ၁,၀၀၀ ထပ်တက်တာပေါ့။ အဲလိုမျိုးဆိုတော့ တော်တော်လေးတော့ လုပ်ရကိုင်ရ ခက်တယ်ဗျ။ အသီးအရွက်တွေရောပေါ့။ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ မုန်ညှင်း၊ နံနံပင်၊ ကြက်သွန်မြိတ်။ အကုန်လုံးပဲ ကြောက်စရာကောင်းလောက်အောင် တက်တာ။ ဂေါ်ဖီထုပ်ဆိုလည်း အရင်ကဆို တထုပ်ကို ၁,၅၀၀၊ စျေးတက်လို့ရှိရင် ၂,၀၀၀ ပေါ့။ အခုဆိုရင် ဂေါ်ဖီထုပ်က ၄,၀၀၀၊ တချို့တွေဆို ၄,၅၀၀။ တရုတ်နံနံ တစီးဆို ၈၀၀ တို့ အဲလိုမျိုးတွေ ဖြစ်ကုန်တာ။ အရင်ကဆို ၅၀၀ ဖိုး ၃စီး။ အခုဆိုရင် ၁စီးကို ၈၀၀ ပေါ့။ အဲလိုမျိုးတွေ ဖြစ်တာဗျ။"

လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အရင်ကတည်းက ကုန်စျေးနှုန်းတွေက အတက်ဘက်မှာ ရှိနေပြီး အခုရက်ပိုင်းထဲမှာတော့ စျေးတွေ အဆမတန် တက်သွားတာလို့ ပြောပါတယ်။

နိုင်ငံခြားငွေလဲနှုန်း မတည်ငြိမ်တာကြောင့် ပြည်ပကနေ ပစ္စည်းယူရောင်း နေသူတွေလည်း အခက်ကြုံနေတယ်လို့ ပြောပါတယ်။ ထိုင်းဘတ်စျေးမငြိမ်လို့ ပစ္စည်းအသစ်မဝယ်ဘဲ ရှိတဲ့ပစ္စည်းလက်ကျန်ကိုပဲ ထိန်းရောင်းနေတယ်လို့ အွန်လိုင်းကနေ ထိုင်းကုန်ပစ္စည်းတွေ ရောင်းချနေသူတဦးကလည်း အခုကြုံတွေ့နေရတဲ့ အခြေအနေကို ပြောပါတယ်။

"ကုန်ပစ္စည်း အသစ်ဝယ်တာတော့ ရပ်ရတာပေါ့။ မရပ်လို့မှ မရတာ၊ ဝယ်နေသရွေ့က ရှုံးနေဦးမှာပဲ ဆိုတော့လေ။ လက်ထဲရှိတဲ့ ပစ္စည်းကို အခုဘတ်စျေးနဲ့ တွက်ပြီးတော့ပဲ ပြန်ထုတ်ရောင်းနေရတယ်။ ဘတ်စျေးက မငြိမ်လို့။ တကယ်လို့ သူကတက်ပေမယ့် တက်တဲ့နေရာမှာ ငြိမ်နေရင် အလုပ်လုပ်လို့ရတယ်။ အခုက တချိန်နဲ့တချိန်က တက်တက်နေတာ့ ဒီစျေးနဲ့က တွက်လို့မရဘူး ဖြစ်နေတာ။ တချို့ဆိုရင် လုပ်ငန်းတွေ နားထားရတဲ့ သူတွေတောင်ရှိတယ်။ ဘတ်စျေးမငြိမ်လို့၊ အစ်မတို့က ဘတ်စျေးနဲ့ အလုပ်လုပ်ရတာ ဆိုတော့လေ။"

မြန်မာကျပ်ငွေ ကျဆင်းမှုနဲ့အတူ ပြည်တွင်းက အထွေထွေကုန်စျေးနှုန်း တက်လာတာတွေကြောင့် အခက်တွေ့နေကြတာကို လူမှုကွန်ယက်ပေါ်မှာလည်း ညည်းညူထားကြပါတယ်။

ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေအပြင် ရာသီဥတု အခြေအနေကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ ရှိနေပြီး ကုန်စျေးနှုန်းက အတက်ဘက်မှာပဲ တောက်လျှောက် ရှိနေတာပါ။ အခု ရက်ပိုင်းထဲမှာတော့ ရွှေစျေးနဲ့ ဒေါ်လာစျေး အဆမတန် တက်လာပြီး၊ စျေးကွက်ထဲမှာ အရောင်းအဝယ် ပိတ်ထားတဲ့အထိ ဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG