သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရှောင် မွန်-ကရင်တချို့ နေရပ်ပြန်


စစ်ကောင်စီတပ်က တိုက်ခိုက်မီးရှို့အပြီး မြင်ရသည့် ဂျိုင်းမြစ်ကမ်းနဘေးက ဓမ္မသကျေးရွာ။ (ဓါတ်ပုံ_ဂဠုန်စစ်ကြောင်း)
စစ်ကောင်စီတပ်က တိုက်ခိုက်မီးရှို့အပြီး မြင်ရသည့် ဂျိုင်းမြစ်ကမ်းနဘေးက ဓမ္မသကျေးရွာ။ (ဓါတ်ပုံ_ဂဠုန်စစ်ကြောင်း)

စစ်ရေးတင်းမာခဲ့တဲ့ မွန်-ကရင်နယ်စပ် ဂျိုင်းမြစ်ကမ်းနံဘေးတလျှောက်က အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်တချို့ နေရပ်ပြန်လာကြတယ်လို့ ရွာခံနဲ့ စစ်ဘေးရှောင်ကူညီရေး လုပ်နေသူက ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီကတော့ ကော့ဘိန်းကျေးရွာနဲ့ ပတ်ဝန်းကျင်ဒေသတွေကို ပြန်လည်ထိန်းချုပ်နိုင်ကြောင်း ပြသဖို့အတွက် ရွာသူရွာသားတွေကို နေရပ်ပြန်ခေါ်နေပြီး အခြေခံပညာစာသင်ကျောင်းတွေ ဖွင့်လှစ်ဖို့ ကြိုးစားနေပါတယ်။ ကော့ဘိန်းကျေးရွာမှာ စာသင်ကျောင်း ဖွင့်လှစ်နိုင်တာ မရှိသေးပေမယ့် ဓမ္မသကျေးရွာ၊ ကော့ပလိုင် ကျေးရွာတွေမှာတော့ ကျောင်းတွေ ဖွင့်လှစ်နေပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က ပြောပြထားပါတယ်။


ပြီးခဲတဲ့ မတ်လကုန်လောက်က စစ်ရေးပြင်းထန်ခဲ့တဲ့ မွန်-ကရင်နယ်စပ်က ကော့ဘိန်း၊ ကော့ပလိုင်၊ တရနာ၊ ဓမ္မသ စတဲ့ ကျေးရွာကတချို့က စစ်ဘေးရှောင်တွေ နေရပ်ပြန်လာ နေကြပြီလို့ စစ်ရှောင်အရေး ကူညီနေသူတဦးက ပြောပါတယ်။

“ ပြန်မလာကြသေးဘူး။ အခုလက်ရှိ ၆၀ ရာခိုင်နှုန်းလောက်ပဲ ပြန်လာတယ်။ ကော့ဘိန်းရွာလောက်ပဲ တခြားရွာတွေ မပါသေးဘူး၊ တခြားရွာက နည်းနည်းပါးပါးတော့ ပြန်လာတယ်။ ပြန်လာလည်း သူတို့အိမ် ပျက်တဲ့လူတွေ မပြန်လာရသေးဘူး။”

ပြီးခဲ့တဲ့ မတ် ၂၄ ရက်နေ့က နှစ်ဘက် တိုက်ခိုက်မှုပြင်းထန်ပြီး တော်လှန်ရေးအင်အားစုတွေ ကော့ဘိန်းနယ်မြေရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီနောက် စစ်ကောင်စီတပ်ရဲ့ လေကြောင်း ရေကြောင်း တိုက်ခိုက်မှုကြောင့် အိမ်ခြေ ၁,၀၀၀ လောက်ရှိတဲ့ ဓမ္မသကျေးရွာဟာ နေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျခဲ့ပါတယ်။ ဒီအခြေအနေတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ အရေအတွက်ဟာ ၅၀,၀၀၀ ထက်မနည်း ရှိနေတယ်လို့ မွန်ပြည်ဖယ်ဒရယ်ကောင်စီ (MSFC) က ဗွီအိုအေကို ပြောပါတယ်။

ကော့ဘိန်းရဲစခန်း သိမ်းပိုက်ခံရပြီး တလအကြာ ဧပြီ ၂၅ ရက်နေ့မှာ စစ်ကောင်စီတပ်က အင်အား အလုံးအရင်းနဲ့ စစ်ကြောင်း ထိုးဝင်လာပြီး လက်နက်ကြီးနဲ့လေကြောင်း အသုံးပြု တိုက်ခိုက်ကာ ပြန်လည် သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အပါအဝင် စစ်ကောင်စီအဖွဲ့တွေ ဓမ္မသကျေးရွာ အခြေအနေကို သွားရောက်ကြည့်ရှုခဲ့ပြီး ဒေသအခြေအနေ တည်ငြိမ်အေးချမ်းနေပြီဖြစ်တာကြောင့် ရွာသူရွာသားတွေ နေရပ်ပြန်လာကြဖို့ တိုက်တွန်းခဲ့တယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။

ကျေးရွာမှာ မလုံခြုံတဲ့ အခြေအနေကြောင့် စစ်ဘေးရှောင်အများစုက မပြန်လာရဲ သေးဘူးလို့ ဓမ္မသရွာ စစ်ရှာင် ကူညီနေသူတဦးက ခုလို ပြောပါတယ်။

“ရွာတိုင်းလိုလို နေရပ်ပြန်လာလို့ရပြီး ဒါပေမယ့် ကြောက်စိတ်များတဲ့လူက မပြန်ရဲသေးဘူး။ အသက်ကြီးပိုင်းတွေပဲ အရင်ပြန်လာကြတယ်။ စိုးရိမ်ကြောက်ရွံ့ နေရတယ်လေ။ စစ်ကောင်စီတပ်တွေလည်း အင်အား နည်းနည်းပါးပါး ရွာထဲမှာ ရှိနေတုန်းပဲဆိုတော့ ပြန်လာလို့ သိပ်အဆင်မပြေဘူးလေ၊ စစ်ဒဏ်ခံခဲ့ရတဲ့ လူတွေက ပိုကြောက်နေကြတာပေါ့။” လို့ မွန်ဘာသာနဲ့ ပြောသွားတာပါ။

ဓမ္မသကျေးရွာမှာ နေအိမ် အပျက်အစီး မရှိတဲ့သူ အိမ်ခြေ ၁၀၀ ကျော်လောက်သာ ပြန်လာနေကြတယ်လို့ ရွာခံတဦးက ပြောပါတယ်။

“နေရပ်ပြန်လာဖို့ အတွက်က သူတို့ ခွင့်ပြုထားပါတယ်။ ဒါပေမဲ့ ပြန်လာတဲ့လူလည်း ရှိတယ် မပြန်ရဲတဲ့လူလည်း ရှိတယ်။ တချို့ အိမ်ရှိတဲ့သူတွေက ပြန်လာတယ် အဲ့လိုပေါ့။ တချို့က တ ရက်ပဲ ပြန်လာပြီး ဘေးလွတ်ရာကို ပြန်ပြောင်းသွားတာလည်း ရှိတယ်။ အခုပြန်လာနေတဲ့သူက အိမ် ၁၀၀ ကျော်ကျော်လောက်ပဲ ရှိမယ်။” လို့ မွန်ဘာသာနဲ့ ပြောသွားပါတယ်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာ မီးလောင်ကျွမ်းနေစဉ် (မတ် ၂၇၊ ၂၀၂၄)
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာ မီးလောင်ကျွမ်းနေစဉ် (မတ် ၂၇၊ ၂၀၂၄)

ရွာခံတချို့ နေရပ်ပြန်လာကြပေမယ့် တချို့သူတွေ ညဘက် နေအိမ်မှာ မအိပ်ရဲကြပဲ ဘေးလွတ်ရာမှာ သွားအိပ်ကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ ကော့ဘိန်းကျေးရွာနဲ့ ပတ်ဝန်းကျင်ဒေသတွေကို ပြန်လည်ထိန်းချုပ်နိုင်တဲ့အကြောင်း ပြသဖို့အတွက် ရွာသူရွာသားတွေကို နေရပ်ပြန်ခေါ်နေပြီး အခြေခံပညာ စာသင်ကျောင်းဖွင့်ချိန်မှာ ကျောင်းတွေ ဖွင့်လှစ်နေပါတယ်။

ဓမ္မသကျေးရွာ၊ ကော့ပလိုင်းကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဇွန် ၃ ရက်နေ့ကတည်းက ကျောင်းအပ်နှံတာကို စစ်ကောင်စီက လက်ခံပြီးတော့ ကျောင်းတွေ ဖွင့်လှစ်နေပါတယ်။ ရဲစခန်းသိမ်းတိုက်ပွဲဖြစ်ခဲ့တဲ့ ကော့ဘိန်းကျေးရွာကတော့ ကျောင်းဖွင့်လှစ်တာမျိုး မရှိသေးပါဘူး။

ဓမ္မသကျေးရွာမှာ စာသင်ကျောင်းဖွင့်ထားပေမယ့် ကျောင်းသားအနည်းငယ်သာ တက်ရောက်နိုင်တဲ့အကြောင်း ဓမ္မသရွာခံက အခုလို ပြောပါတယ်။

“ပြီးခဲ့တဲ့ ဇွန် ၃ ရက်နေ့က ကျောင်းစအပ်တာ သူတို့ လက်ခံတယ်၊ ကျောင်းဖွင့်တာပေါ့နော်။ မော်လမြိုင်ဘက်မှာ နေနေတဲ့ အစိုးရကျောင်းဆရာမတွေက ပြန်လာကြပြီးတော့ စာသင်ကျောင်း ဖွင့်နေတယ်၊ ကျောင်းသားအရေအတွက်က သိပ်မများဘူးပေါ့နော်။ အရင်ကျောင်းသား ၈၀၀ လောက်ရှိရာကနေ အခု ကျောင်းသား ၁၀၀ တောင် မပြည့်ဘူး၊ အဲ့ဒါ ပထမနေ့ ကျောင်းအပ်တဲ့ ရက်ပေါ့နော်၊ နောက်ရက်တွေ အရေအတွက် ဘယ်လောက်ဖြစ်လာမလဲ မသိဘူး။” လို့ မွန်ဘာသာနဲ့ ပြောသွားပါတယ်။

မွန်နဲ့ကရင်ပြည်နယ်စပ် ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ ရဲစခန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူစဥ်။ (မတ်လ ၂၅၊ ၂၀၂၄/Lion Battlian)
မွန်နဲ့ကရင်ပြည်နယ်စပ် ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ ရဲစခန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူစဥ်။ (မတ်လ ၂၅၊ ၂၀၂၄/Lion Battlian)

ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ရှိနေပြီလို့ စစ်ကောင်စီဘက်က ပြောဆိုထားပေမယ့် လမ်းဆုံလမ်းခွနေရာနဲ့ ဘုန်းကြီးကျောင်းတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲ နေရာယူထားဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေ ရွာထဲမှာ နေရာယူထားတာမို့ အချိန်မရွေး ပစ်ခတ်မှုတွေ ထပ်ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

“စစ်ကောင်စီက ပြန်လာစေချင်တယ်လို့ ပြောတယ်ပေါ့လေ၊ ရွာထဲမှာ သူတို့ တပ်စွဲနေထိုင်နေကတည်းက အချိန်မရွေး ပစ်ခတ်မှု ထပ်ဖြစ်လာနိုင်တယ်ပေါ့နော်။ တကယ်လို့ အခြေအနေက အေးချမ်းနေပြီးဆိုရင် သူတို့ ဒီမှာ နေစရာအကြောင်း မရှိဘူးလို့ မြင်တယ်ပေါ့နော်။ နောက်တခုက စစ်ကောင်စီတပ်တွေ အဲ့မှာရှိနေရင် ရွာသူရွာသားတွေ အကုန်လုံး မပြန်ရဲဘူး။ စစ်ကောင်စီက သူတို့လုံခြုံရေးအတွက် ရွာခံတွေနဲ့ အတားအဆီး ကာဗာယူချင်တာပေါ့။ ရွာခံတွေ များလေ သူတို့လည်း လုံခြုံလေဆိုတဲ့သဘော သူတု့ိအတွက်ပဲပေါ့နော်။ ရွာသူရွာသားတွေအတွက်က သူတို့ရှိနေရင် မလုံခြုံဘူး ပိုကြောက်ရတယ်။” လို့ မွန်ဘာသာနဲ့ ပြောသွားတာပါ။

ဒေသခံတွေ ဘေးလွတ်ရာမှာ တိမ်းရှောင်နေချိန် ဆိုင်ကယ်နဲ့ နေအိမ်ထဲရှိတဲ့ တန်ဖိုးကြီးပစ္စည်းတွေ ဖျက်စီးခံရတာ ခိုးယူခံရတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG