သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲကြောင့် ကုန်စည်စီးဆင်းမှု မချောမွေ့ဖြစ်နေတဲ့ အာရှလမ်းမကြီး


အာရှလမ်းမကြီးပေါ်က ကားလမ်းအခက်အခဲ (Photo: C J )
အာရှလမ်းမကြီးပေါ်က ကားလမ်းအခက်အခဲ (Photo: C J )

ကရင်ပြည်နယ်အတွင်းမှာ စစ်ကော်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး အာရှလမ်းက ကုန်စည်စီးဆင်းမှု လုပ်မရပဲ ဖြစ်နေတဲ့အတွက် တောလမ်းတွေကိုအသုံးပြုနေရတဲ့ ကုန်သည်တွေလည်း အခက်အခဲဖြစ်လာတာ ၈ လလောက် ကြာနေပြီဖြစ်ပါတယ်။ တောလမ်းတွေကလည်း မိုးတွင်းဖြစ်တာကြောင့် ကားမှောက်တာတွေ နေ့စဉ်နီးပါး ရိှနေပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

စစ်ကော်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် ပြည်သူ့ကာကွယ်ရေးတပ်တွေ ကရင်ပြည်နယ်မှာ တိုက်ပွဲ ဆက်ဖြစ်နေပြီး အာရှလမ်းကတဆင့် ကုန်စည် စီးဆင်းမှု လုပ်မရတဲ့အတွက် ကုန်သည်တွေလည်း အခက်အခဲ ဖြစ်နေပါတယ်။

ကုန်ပစ္စည်းရောက်ဖို့က အနည်းဆုံး ၁၀ ရက်အထိ ကြာနိုင်ပြီး လမ်းမှာပဲ ကုန်တွေပျက်စီးတာ ကားတွေ တိမ်းမှောက်တာတွေ ဖြစ်နေတာပါ။ ကုန်ပစ္စည်းတွေကိုတော့ ကားအဆင့်ဆင့်နဲ့ ပို့ဆောင်နေရပြီး လမ်းခရီးမှာ ကြန့်ကြာနေတာတွေလည်း ရှိနေပါတယ်။ ကုန်ပစ္စည်း ပို့ဆောင်တဲ့ကုမ္ပဏီ တခုရဲ့ တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

" ရန်ကုန်ကနေ ကားဂိတ်ကိုပို့တယ် သူတို့ကလည်း ကားကြီးနဲ့ သယ်မရတော့ ကားလေးနဲ့ သယ်ရတယ်၊ အဲဒီမှာပစ္စည်းတချို့က ရန်ကုန်ကားဂိတ်ကို ပို့ရင် ဒီနေ့ပို့ရင် ဒီနေ့မထွက်ဘူး ချက်ချင်းမထွက်ဘူး ၃ ရက်လောက်ကြာတယ်။ သူတို့ထက်အရင် စီနီယာပုံးတွေ (အရင်ရောက်နေတဲ့ ပုံးတွေ)ကို အရင်ပို့ရတယ်၊ ကားလေးနဲ့ပို့တယ်။ ကားလေးက ဘားအံကိုပို့တယ် ၊ ဘားအံကနေ ထပ်ပြီး ကော့ကရိတ်ကို ပို့တယ်၊ ကော့ကရိတ်ကိုရောက်ရင် ထိုကော့ကိုးလမ်းကလာမလား ၊ ဒါမှမဟုတ် ၁၀၁၈ လမ်းက လာမလား ( ၁၀−၁၈ လမ်းဆိုတာက ၁၀ လပိုင်း ၁၈ ရက်နေ့က မနှစ်တုန်းက တိုက်ပဲွဖြစ်တဲ့နေရာကို ရှောင်ပြီး မောင်းတာကို ၁၀ ၁၈ လမ်းလို့ ခေါ်ကြတယ်။) တောင်ပေါ်လမ်းဟောင်းကပဲလာမလား အဲဒီလမ်းကနေ အတက်အဆင်း တရက်စီသွားတော့ တခါ စောင့်ရတယ်၊ လမ်းကလည်း မကောင်း ရွှံ့တွေဗွက်တွေနဲ့ လမ်းမှာ ကားကပျက် နောက်တစီးနဲ့ ပြန်ချိန်း၊ ပစ္စည်းတွေကချ မိုးတွေကရွာ ရွှံ့ဗွက်တွေနဲ့ ကားတွေက ပြန်ဆဲွရနဲ့ အတော်ကို အခက်အခဲတွေဖြစ်တယ်။ "

အာရှလမ်းမကြီးပေါ်က ကားလမ်းအခက်အခဲ (Photo: C J )
အာရှလမ်းမကြီးပေါ်က ကားလမ်းအခက်အခဲ (Photo: C J )

ကုန်ပစ္စည်း သယ်ဆောင်လာတဲ့ ကားတွေဟာ အရှိန်နဲ့ ရွှံ့ဗွက်တွေ ချိုင့်ခွက်တွေကို မရှောင်နိုင် မထိမ်းနိုင်ပဲ နေ့စဉ်နီးပါး တိမ်းမှောက်တာကြောင့် ကုန်ပစ္စည်း ဆုံးရှုံးမှုတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် ကားတွေကို လယ်ထွန်စက်တွေနဲ့ ဆဲွနေရတာတွေလည်း လုပ်နေရပါတယ်။ ဒီလို လမ်းမှာ အခက်အခဲတွေ ဖြစ်နေသလို ကော့ကရိတ်ဘက်မှာ တိုက်ပဲွတွေ ဆက်ဖြစ်နေတယ်လို့လည်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တဦးက ပြောပြပါတယ်။

" ဒီကာလက မိုးတွင်းဆိုတော့ တိုက်ပဲွကတော့ ဆက်ဖြစ်နေတယ် မနေ့ညကလည်း ဖြစ်နေတယ်။ အောင်ဇေယျစစ်ကြောင်းကို ဟန့်တားနိုင်ဖို့ ကြိုးစားနေတယ် အခုထက်ထိ အောင်ဇေယျ စစ်ကြောင်းကလည်း ရှေ့ကို မတက်နိုင်ဘူး။ "

တိုက်ပဲွတွေဖြစ်နေပေမယ့် သင်္ကန်းညီနောင်ဘက်ကနေ တိုက်ပဲွတွေဖြစ်တဲ့ကြားက ကားတချို့တက်လာတာတွေလည်း ရှိကြပါတယ်။ ကုန်ကားတွေကတော့ မသွားနိုင်ပေမယ့် အိမ်စီးကားငယ်တချို့ဟာ လက်နက်ကိုင်ဂိတ်တွေကို ဂိတ်ကြေးတွေပေးပြီး သွားလာတာတွေတော့ ရှိနေတယ်လို့ ဆိုပါတယ်။

" အာရှလမ်းကနေ သင်္ကန်းညီနောင်ဘက်ကို ဖြတ်တက်လာတဲ့ အိမ်စီးကားလေးတွေရှိတယ်။ ကျနော်တို့ဆီကိုလာတဲ့ ကုန်သည်ကတော့ ဂိတ်ကြေးတွေ အများကြီး ပေးရတယ်။ ဂိတ်တွေလည်း အများကြီးရှိတယ်။ အပြောင်အပျက်ပြောတာကတော့ အဲဒီလမ်းမှာ ၃ ပေ ၁ ဂိတ် ရှိတယ်လို့ ပြောနေကြတယ်။ "

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ထဲမှာ တိုက်ပဲွတွေဖြစ်ပြီး လမ်းတံတားတွေ မိုင်းခဲွခံရတာကြောင့် ကျိုးပျက်ပြီး ကားအသွားအလာ အခက်အခဲတွေ ဖြစ်ရတာကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်သွားတာ ရှိနေပါတယ်။ ဒီလိုအခြေအနေတွေအောက်မှာပဲ ကုန်သည်တွေက တောလမ်းကနေ သွားလာပြီး လုပ်ကိုင်စားသောက်နေရတာပါ၊ ထိုင်းဘက်က မြန်မာပြည်ကို ပို့တဲ့ ကုန်စည်စီးဆင်းမှုတွေကတော့ ရပ်နားသလောက် ဖြစ်နေပါတယ်။ လမ်းခရီး အခက်အခဲအပြင် မြန်မာငွေကြေး ဖောင်းပွမှု၊ ငွေစျေး မတည်ငြိမ်မှုတွေကြောင့်လည်း မြန်မာဘက်က ကုန်သည်တွေဟာ ထိုင်းဘက်ကကုန်ပစ္စည်းတွေ ဝယ်တဲ့အခါ အရှုံးပေါ်တာဖြစ်ပြီး ပိုပြီး ခက်ခဲနေတယ်လို့ ဆိုပါတယ်။ အခုဆိုရင် ရန်ကုန် မြ၀တီထိ ကားခက တဦးကို ၁ သိန်း ၇ သောင်းလောက်ကနေ ၂ သိန်းလောက်အထိ ပေးနေရပြီး အရင်ကထက်စာရင် ၃ ဆလောက် ပိုစျေးကြီးသွားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG