သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ−ဘင်္ဂလာဒေ့ရှ် ကာကွယ်ရေးပူးပေါင်းမှု တိုးမြှင့်


ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ (ဝဲ) နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီ (ယာ)။
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ (ဝဲ) နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီ (ယာ)။


အိန္ဒိယနိုင်ငံဟာ ဒေသတွင်းက အင်အားကြီး တရုတ်နိုင်ငံကို တန်ပြန်နိုင်ရေး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု၊ ရေကြောင်းလုံခြုံရေး၊ သမုဒ္ဒရာစီးပွားရေး၊ အာကာသနဲ့ တယ်လီဖုန်း ဆက်သွယ်ရေးကဏ္ဍတွေမှာ သဘောတူညီချက်အများအပြားကို စနေနေ့က လက်မှတ်ရေးထိုးလိုက်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပတ်က အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ တတိယအကြိမ်မြောက် ဆက်တိုက် ဝန်ကြီးချုပ် အဖြစ် အာဏာရယူနိုင်ပြီးနောက်မှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာဟာ နယူးဒေလီကို ၁၂ ရက်အတွင်း ဒုတိယအကြိမ်မြောက် အဖြစ် ဇွန်လ ၂၁ ရက် (သောကြာနေ့) က ရောက်ရှိခဲ့ပြီး အဲဒီ ခရီးစဥ်အတွင်းမှာ နှစ်နိုင်ငံ သဘောတူ စာချုပ်တွေ ချုပ်ဆိုခဲ့ကြတာပါ။

ရေကြောင်းဆိုင်ရာကိစ္စရပ်တွေမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ဖို့ ရည်ရွယ်တဲ့ အိန္ဒိယရဲ့ “အင်ဒို-ပစိဖိတ် သမုဒ္ဒရာများ ပူးပေါင်းဆောင်ရွက်မှု” မှာ ပါဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း မိုဒီက ပြောပါတယ်။ ဒီသဘောတူညီချက်တွေဟာ အိမ်နီးချင်းနိုင်ငံတွေကို ပထမ ဦးစားပေးတဲ့ ချဉ်းကပ်မှုရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။ နှစ်နိုင်ငံ မြစ်ရေခွဲဝေ သုံးစွဲနိုင်ရေး၊ စွမ်းအင်ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ရေးတွေမှာ မြှင့်တင်ဖို့ ဆုံးဖြတ်နိုင်ခဲ့ကြောင်း ဟာဆီနာက နယူးဒေလီမှာ သတင်းထောက်တွေကို ပြောပါတယ်။


ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟာ ဇွန်လ ၉ ရက်တုန်းကလည်း မိုဒီရဲ့ တတိယအကြိမ် မြောက် ဝန်ကြီးချုပ် ရာထူးရယူတဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခဲ့ပါသေးတယ်။ သူ့ရဲ့ အခု ခရီးစဥ်မှာတော့ သောကြာနေ့ ညနေပိုင်းက ဒေလီကို ဆိုက်ရောက်ခဲ့ပြီး အဓိက တွေ့ဆုံ ဆွေးနွေးမှု သံခင်းတမန်ခင်း အလုပ်တွေကိုတော့ စနေနေ့မှာ ပြုလုပ်ခဲ့ပါတယ်။

ဟာဆီနာဟာ အိန္ဒိယစက်မှုလုပ်ငန်းတာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ရဲ့ ကြီးမားတဲ့ ဆိပ်ကမ်း စီမံကိန်းတွေ၊ ရေလမ်း၊ ရထားလမ်းနဲ့ ကားလမ်းဆက်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအစီအစဥ်တွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အိန္ဒိယအစိုးရကလည်း ဒီ အခြေခံအဆောက်အအုံ စီမံကိန်းတွေ တိုးချဲ့ လုပ်ဆောင်နိုင်ရေးအတွက် ပြီးခဲ့တဲ့ (၈) နှစ်အတွင်း ဘင်္ဂလားဒေ့ရှ်ကို ဒေါ်လာ ၈ ဘီလီယံ ထုတ် ချေးထားတာပါ။ ဒါ့အပြင် အိန္ဒိယဟာ အာရှဒေသအတွက်ဆိုရင် ဘင်္ဂလားဒေ့ခ်ျရဲ့ အကြီးဆုံး ပို့ကုန်တင်သွင်းနေရတဲ့ နိုင်ငံဖြစ်ပါတယ်။ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်မှာ နှစ်နိုင်ငံကုန်သွယ်မှုက ဒေါ်လာ ၁၅.၉ ဘီလီယံအထိ ရှိခဲ့ပါတယ်။

အိန္ဒိယက ၀ါဂွမ်း၊ မော်တော်ယာဉ်၊ သကြား၊ သံ၊ သံမဏိ၊ အလူမီနီယံ၊ လျှပ်စစ်နဲ့ အီလက်ထရွန်းနစ်ပစ္စည်းတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အဓိကတင်ပို့နေသလို ကောက်နှံ၊ ပျော့ဖတ်စက္ကူနဲ့ စက္ကူအထူ၊ ဘိလပ်မြေနဲ့ ကုန်ကြမ်းတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြန်လည် တင်သွင်းပါတယ်။

ဝန်ကြီးချုပ် ရှိတ်ဟာဆီနာရဲ့ အာဏာရအဝါမီလိဂ်ပါတီဟာ ၂၀၀၉ ခုနှစ် အာဏာရလာချိန်ကစပြီး ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေကြတဲ့ အိန္ဒိယစစ်သွေးကြွအဖွဲ့တွေနဲ့ ပတ်သက်ပြီး အိန္ဒိယရဲ့ စိုးရိမ်ချက်တွေကို ဖြေရှင်းနိုင်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ တဘက်မှာလည်း အဓိကကုန်သွယ်ဖက်နိုင်ငံ ဖြစ်တဲ့ တရုတ်နဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားနေပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံခြားငွေ ၈၀ % ကျော် ရရှိနေတဲ့ အထည်ချုပ်လုပ်ငန်းဟာ ကုန်ကြမ်းအတွက် ဆိုရင် တရုတ်နိုင်ငံအပေါ် အကြီးအကျယ်မှီခိုနေရပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်ဟာ တရုတ်ရဲ့ အဓိက ပြိုင်ဘက်တွေ ဖြစ်နေတဲ့ အိန္ဒိယနဲ့ အမေရိကန်နိုင်ငံတွေနဲ့လည်း သံတမန်ရေးနဲ့ ကုန်သွယ်ရေး ဆိုင်ရာတွေမှာ ဆက်ဆံရေးကို ဟန်ချက်ညီ လုပ်ဆောင်နေရလို့ တရုတ်နဲ့ အနီးကပ် ဆက်ဆံဖို့ဟာ ဘင်္ဂလားဒေ့ရှ်အတွက် စိန်ခေါ်မှုတရပ်ဖြစ်လာနေတယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG