သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားတိုက်ခိုက်မှုကြောင့် ယူကရိန်းမှာ ၃၇ ဦးထက်မနည်း သေဆုံး


ရုရှားဒုံးကျည်ထိမှန်ခဲ့တဲ့ Kyiv မြို့တော်က ကလေးဆေးရုံတရုံမြင်ကွင်း (ဇူလိုင် ၈၊ ၂၀၂၄)
ရုရှားဒုံးကျည်ထိမှန်ခဲ့တဲ့ Kyiv မြို့တော်က ကလေးဆေးရုံတရုံမြင်ကွင်း (ဇူလိုင် ၈၊ ၂၀၂၄)

ရုရှားက ဒုံးကျည်တွေနဲ့ ပစ်ခတ်လို့ ယူကရိန်းမှာ မနေ့က လူ ၃၇ ဦးထက်မနည်း သေဆုံးပြီး လူပေါင်း ၁၇၀ ကျော် ထိခိုက် ဒဏ်ရာ ရခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဒီကိစ္စ အရေးပေါ် အစည်းအဝေး ခေါ်ယူဖို့ ရှိနေသလို၊ ယူကရိန်း ကလည်း ဝမ်းနည်းဖွယ်ရာနေ့ အဖြစ် ဒီကနေ့ ကြေညာခဲ့ပါတယ်။ မနေ့က နေ့ခင်းဘက်ကြီးမှာပဲ ရုရှားက ဒုံးကျည်တွေနဲ့ ဆက်တိုက် ပစ်ခတ် တိုက်ခိုက်တာမှာ Kyiv မြို့တော်က ကလေးဆေးရုံ တရုံကလည်း တိုက်ခိုက်ခံရတဲ့အထဲမှာ ပါ ပါတယ်။

မြို့တော်ဝန် Vitali Klitschko ကတော့ ယူကရိန်းစစ်ပွဲကာလအတွင်း အဆိုးဆုံး တိုက်ခိုက်မှုတခုပါပဲလို့ ပြောပါတယ်။ “အကြမ်းဖက် ရုရှားအနေနဲ့ ဒီကိစ္စကို တာဝန်ယူရလိမ့်မယ်” လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က လည်း မနေ့က ပြောဆိုပါတယ်။ နိုင်ငံတကာ အနေနဲ့ ဝမ်းနည်းကြောင်း ပြောတာတွေက ရုရှားကို ပြန်တိုက်လို့ရတဲ့ လက်နက်တွေ မဟုတ်သလို၊ ရုရှားရဲ့ ဒုံးကျည်တွေ ပစ်ချဖို့နဲ့ တိုက် လေယာဥ်တွေကို ဖျက်ဆီးဖို့ လက်နက်တွေ လိုအပ်နေတဲ့အကြောင်းနဲ့ ရုရှားကို ပြင်းပြင်းထန်ထန် တုံ့ပြန် သွားရလိမ့်မယ်လို့လည်း သမ္မတ Zelenskyy က ပြောပါတယ်။

ယူကရိန်း လိုအပ်နေတာတွေကို ကူညီနိုင်စွမ်း ကမ္ဘာကြီးမှာ အပြည့်ရှိသလို၊ အမြန်ဆုံး ကူညီနိုင်အောင် ဆုံးဖြတ်ကြဖို့လည်း နေတိုး မဟာမိတ်အဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲ ဒီကနေ့ ဝါရှင်တန်မှာ ကျင်းပဖို့ ရှိနေချိန်မှာ သမ္မတ Zelenskyy က ပြောကြားလိုက်တာပါ။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ရုရှားရဲ့ တိုက်ခိုက်မှုဟာ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်လို့ ပြောပြီး ယူကရိန်းအတွက် အထောက်အပံ့တွေ ဆက်ပေးသွားမယ်လို့ ပြောပါတယ်။

ရုရှားရဲ့ တိုက်ခိုက်မှုတွေ ကနေ ယူကရိန်း အရပ်သားတွေကို ကာကွယ်ဖို့ အတွက် ယူကရိန်းရဲ့ လေကြောင်းရန် ကာကွယ်ရေး အားကောင်းလာစေမယ့် အစီအမံ အသစ်တွေကို ထုတ်ပြန် ကြေညာသွားဖို့ ရှိသလို၊ ယူကရိန်း ပြည်သူတွေနဲ့အတူ အမေရိကန်က ရပ်တည်နေပါတယ်လို့လည်း သမ္မတ ဘိုင်ဒင်က တနင်္လာနေ့ နှောင်းပိုင်းက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG