သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲပြင်းထန်နေတဲ့ သံတွဲ ပြင်ပအဆက်အသွယ် လုံးဝ ပြတ်တောက်


သံတွဲ ငလပီကမ်းခြေမှာတွေ့ရတဲ့ အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များ။ (Photo: AA Info Desk)
သံတွဲ ငလပီကမ်းခြေမှာတွေ့ရတဲ့ အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များ။ (Photo: AA Info Desk)

စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AAကြား တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တဲ့ သံတွဲ ငလပီကမ်းခြေက ကျန်ရှိနေသေးတဲ့ ဒေသခံတွေကို စစ်ကောင်စီက ဖမ်းဆီး စိစစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် ဒီရက်ပိုင်းအတွင်းမှာပဲ ငပလီကမ်းခြေမှာ အသတ်ခံထားရတဲ့ အလောင်း ၇ လောင်းတွေ့ရှိရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာတော့ သံတွဲမြို့ပေါ်ကို AA ဘက်က ထိန်းချုပ်ထားပြီး ကွင်းဝိုင်း ရေတပ်အနီးအနားမှာ တိုက်ပွဲတွေ ရှိနေသေးတာလည်းဖြစ်ပါတယ်။ ရန်ကုန်ကပေးပို့ထားတဲ့ ဒီသတင်းကိုတော့ ကိုဇော်မိုးကျော်က တင်ပြထားပါတယ်။

ရခိုင်တောင်ပိုင်းက သံတွဲမြို့ပေါ်ကို အာရက္ခတပ်တော် AA ဘက်က ထိန်းချုပ်လိုက်ပြီးနောက် လက်ကျန် စစ်ကောင်စီတပ်သားတွေဟာ ကွင်းဝိုင်းရေတပ်နဲ့ အနီးဆုံးနေရာတွေကို ဆုတ်ခွာပြီးတော့ ခုခံနေကြတာလည်းဖြစ်ပါတယ်။ အထူးသဖြင့်တော့ ကွင်းဝိုင်းရေတပ်နဲ့ အနီးဆုံးဖြစ်တဲ့ ငပလီကမ်းခြေက ဂျိတ္တော ရပ်ကွက်မှာ စစ်ကောင်စီက ခုခံစစ် ပြင်ဆင်ထားတာပါ။

လက်ရှိမှာတော့ စစ်ကောင်စီတပ်သားတွေဟာ ဂျိတ္တောရပ်ကွက်မှာ ကျန်ရှိနေသေးတဲ့ ဒေသခံတွေကို ဖမ်းဆီးထားတယ်လို့ သံတွဲဒေသကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ အမျိုးသမီးတဦး ကပြောပါတယ်။


“ သံတွဲ ဂျိတ္တော ရပ်ကွက်မှ ာဆိုလို့ရှိရင် စစ်မရှောင်နိုင်ပဲ ကျန်ခဲ့တဲ့ လူတချို့ရှိတယ်လေ။ အဲလူတွေ အကုန်လံုးကို မနေ့က အကုန်လုံးကို ဖမ်းတယ်။ အမျိုးသမီးတွေရော အမျိုးသားတွေရော အကုန်လုံးကို အိမ်တွေထဲအထိ ဝင်ဖမ်းတယ်လို့ ပြောတယ်၊ ဖမ်းပြီးတော့ သူတို့ စစ်စရာရှိတာတွေ စစ်ပြီးတော့ အမျိုးသမီးတွေကို ပြန်လွှတ်ပေးတယ်။ အမျိုးသားတွေထဲမှာ ဆိုလို့ရှိရင်လည်း သံတွဲမြို့ခံတွေကို ပြန်လွှတ်ပေးတယ်။ ဒါပေမဲ့ ညီမတို့ဘက်မှာက ပင်လယ်လုပ်ငန်းတွေ ဘာတွေရှိတော့ ညီမတို့ဆီမှာ ရွှေ့ပြောင်းလုပ်သားတွေ အရမ်းများတယ်။ အဲဒီမှာ ဗမာပြည်က လာလုပ်တဲ့သူတွေ ရှိတယ်၊ ရခိုင်မြောက်ပိုင်းက လာလုပ်တဲ့ သူတွေလည်း ရှိတယ်၊ အဲဒီထဲမှာ ဗမာပြည်ကလာတဲ့ သူတွေကိုလည်း ပြန်လွှတ်ပေးတယ်၊ ရခိုင်မြောက်ပိုင်းက လူတွေကိုတော့ ထိန်းသိမ်းထားတယ်လို့ သိရတယ်ရှင့်။”

ဒါ့အပြင် အဲဒီ ဂျိတ္တောရပ်ကွက်အနီးအနား ကမ်းခြေမှာပဲ အလောင်းတချို့တွေ့ရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

“ ညီမတို့ ကမ်းခြေမှာ အလောင်း ၇ လောင်းတွေ့တယ်၊ ကမ်းခြေကတော့ ညီမတို့ ဂျိတ္တောမြပြင် ကမ်းခြေမှာပေါ့နော် ဘယ်နားလောက်လဲဆိုတော့ Aureum palace Hotelနဲ့ Jade Mari Hotel နားပေါ့နော် Public Area နဲ့ နည်းနည်းတော့ နီးတယ်ပေါ့နော်၊ အဲဘက်အခြမ်းမှာ တွေ့တာလို့ပြောတယ် ၇ လောင်းလို့ ပြောတယ်။ ကြားရတဲ့ သတင်းကတော့ အလောင်းတွေက ရုပ်ပျက်နေပြီ ဘယ်သူဘယ်ဝါလဲတော့ မသိဘူး၊ အသတ်ခံထားရတာကတော့ တော် တော် ကြာနေပြီလို့ ခန့်မှန်းရတယ်၊ အဲအလောင်းတွေကို သွားကောက်ဖို့လည်း အခွင့်မသာလို့ သွားကောက်လို့လည်းမရဘူးလို့ ပြောတယ်။”

လက်ရှိမှာတော့ အာရက္ခတပ်တော် AA အနေနဲ့ သံတွဲမြို့နယ်မှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ငပလီကမ်းခြေတလျောက် တိုက်ပွဲတွေ ရှိနေသေးတာလည်း ဖြစ်ပါတယ်။တိုက်ပွဲပြင်းထန်နေတဲ့ သံတွဲမြို့နယ်တခုလုံးမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာဖြစ်ပြီး ဒေသတွင်း အခြေအနေကို တိတိကျကျသိရဖို့ ခက်ခဲနေတာပါ။ အာရက္ခတပ်တော် AA ဘက်ကလည်း ရခိုင်တိုက်ပွဲ သတင်းတွေနဲ့ပတ်သတ်လို့ တစုံတရာ ထုတ်ပြန်ထားတာ မရှိသလို ၊ စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်ချက် တစုံတရာမရှိသေးတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG