သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံတွဲအကျဉ်းထောင်က အကျဉ်းသား ၃၇၀ ကျော် အာရက္ခတပ်တော်ကယ်တင်


သံတွဲမြို့
သံတွဲမြို့

ရခိုင်ပြည်နယ်တောက်ပိုင်း သံတွဲအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၄၀ ကျော်အပါအဝင် ပြစ်မှုမျိုးစုံနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသား စုစုပေါင်း ၃၇၂ ယောက်ကို ကယ်တင်ပြီး ဘေးလွတ်ရာကို ကယ်ထုတ်လိုက်တဲ့အကြောင်း အာရက္ခ တပ်တော် AA က မနေ့ ဩဂုတ်လ ၈ ရက်နေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီနဲ့ AA အကြား မောင်တောနဲ့ သံတွဲမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီလေကြောင်းပစ်ခတ်မှုကြောင့် အရပ်သားထိခိုက် သေဆုံးတာတွေလည်း ရှိနေတာပါ။ ဒီအကြောင်း ရန်ကုန်ပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့ကို အာရက္ခတပ်တော် AA က ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့က အပြီးအပိုင် သိမ်းပိုက်ခဲ့ပြီးတဲ့နောက် သံတွဲ အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၄၃ ဦးအပါအဝင် အကျဉ်းသား ၃၇၂ ဦးကို ကယ်ထုတ်နိုင်ခဲ့တဲ့အကြောင်း ကြေညာချက် ထုတ်ပြန်တာပါ။ အဲဒီလို ကယ်ထုတ်နေချိန်မှာဘဲ အကျဉ်းသားတွေထဲက (၇) ဦးဟာ စစ်ကောင်စီက ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန် သေဆုံးသွားခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ကျန်းမာရေးမကောင်းသူ ၁၇ ဦးကိုတော့ ဆေးကုပေးထားတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

လက်ရှိမှာ AA က သံတွဲမြို့ပေါ်ကို ထိန်းချုပ်ထားတယ်ဆိုပေမယ့် ငပလီကမ်း ခြေတလျှောက်မှာတော့ စစ်ကောင်စီနဲ့ AA ကြား တိုက်ပွဲတွေ ဆက်လက်ပြင်း ထန်နေဆဲဖြစ်တယ်လို့ စစ်ရေးနီးစပ်သူ တဦးက ဗွီအိုအေကို ပြောပါတယ်။

“ငပလီမှာတော့ တိုက်ပွဲတွေရှိနေသေးတယ်။ ငပလီကမ်းခြေမှာရှိတဲ့ မောင်ရွှေလေး စစ်ကောင်စီရေတပ်စခန်းမှာ တိုက်ပွဲတွေ ဖြစ်နေသေးတယ်။”

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ ဂွမြို့နယ်အတွင်းက ကျေးရွာတချို့ကို လေကြောင်းကနေ ဗုံးကြဲတာတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ မနေ့ကလည်း ဂွမြို့နယ် ကျိ န္တလီမြို့က ညောင်ပင်ကွင်းကျေးရွာနဲ့ စေတီကွင်းကျေးရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၂ဦးသေဆုံးပြီးတော့ ၁ဝဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရေးနီးစပ်သူတဦးက ပြောပါတယ်။


“ နေဗီ (Navy) ကနေပြီးတော့ သဲကုန်းရွာတောင်တန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခဲ့လို့ ကျေးရွာသားတွေ ထွက်ပြေးနေရတာတွေရှိတယ်။ မနေ့ကတော့ လေယာဉ်နဲ့ လာပြီးတော့ ဗုံးကြဲတယ်။ အဲဒီမှာ သေဆုံးသူ နှစ်ဦးရှိတယ်၊ ဒဏ်ရာရတဲ့သူတွေလည်းများတယ်။ လောလောဆယ် သိရသလောက် ဒဏ်ရာရတဲ့သူ ၁ဝဦးထက်မနည်း ရှိတယ်။”

သေဆုံးသူနှစ်းဦးဟာ လက်ရှိတိုက်ပွဲပြင်းထန်နေဆဲ ငပလီ ကျိတ္တောရပ်ကွက်ကနေ ညောင်ပင်း ကွင်းကျေးမှာ လာရောက်ခိုလုံနေတဲ့ စစ်ဘေးဒုက္ခသည်တွေ ဖြစ်ပါတယ်။

ဒါ့အပြင် ရခိုင်မြောက်ပိုင်းက မောင်တောမြို့နယ်မှာလည်း စစ်ကောင်စီလက်ကျန်တပ်စခန်းတွေကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲတွေ တောက်လျှောက် ပြင်းထန်နေတယ်လို့ စစ်ရေးနီးစပ်သူတဦးက ပြောပါတယ်။

“ မောင်တောမှာတော့ လက်ကျန်စခန်းတွေကို AA က ထိုးစစ်ဆင်နေတယ်။ စစ်ကောင်စီဘက်ကတော့ လေတပ်ရယ်၊ ကြည်းတပ်ရယ်၊ နတ်မြစ်မှာရှိတဲ့ နေဗီ (Navy) တွေက လက်နက်ကြီးတွေနဲ့ ပစ်နေတာရှိတယ်။ လေတပ်က ဗုံးကြဲနေတာရှိတယ်။ အဓိကတော့ မြို့သိမ်းတိုက်ပွဲဆိုတော့ မြို့ထဲမှာပဲ အဓိက ဖြစ်နေတာ။ မနေ့ညကဆိုရင် အထက (၂) ကျောင်းဝန်းထဲကို လေယာဉ်နဲ့ ပစ်နေတာ။”

လက်ရှိတိုက်ပွဲပြင်းထန်နေဆဲ မောင်တောမြို့ပေါ်မှာရှိနေတဲ့ ဒေသခံတွေကို စစ်ကောင်စီနဲ့ မွတ်ဆလင်လက်နက်ကိုင်တွေက ဓားစာခံအဖြစ် ပိတ်လှောင်ထားပြီး အဲဒီထဲက မွတ်ဆလင်ဒေသခံ ၃ဝဝ လောက်ကို မနေ့က ကယ်ထုတ်ပြီး တော့ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့တယ်လို့လည်း AA ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မောင်တောမြို့နယ်ကို သိမ်းပိုက်နိုင်ရေးအတွက် AA က ထိုးစစ်ဆင် တိုက်ခိုက်နေတာ လနဲ့ချီကြာရှိနေပြီး တိုက်ပွဲအတွင်း အရပ်သား ထိခိုက် သေဆုံးမှုတွေလည်း တော်တော်များများ ရှိနေပါတယ်။ မောင်တောမြို့နယ်ဟာ မွတ်ဆလင်အများဆုံးနေထိုင်တဲ့ မြို့နယ်တခုဖြစ်ပြီး ဒီရက်ပိုင်းအတွင်းမှာပဲ မောင်တောကနေ တဘက်ဘင်္ဂလားဒေရှ့်နိုင်ငံကို ထွက်ပြေးကြတဲ့ မွတ်ဆလင်တွေ လက်နက်ကြီးကျည်ထိမှန်ပြီး အများအပြား သေဆုံး ကြတာတွေလည်း ရှိပါတယ်။

အခုလိုထွက်ပြေးတိမ်းရှောင်ကြတဲ့ မွတ်ဆလင်တွေကို AA က ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ မွတ်ဆလင်အရေး လှုပ်ရှားသူတွေက ပြောဆိုကြပေမယ့် AA ကတော့ မွတ်ဆလင်တွေကို ပစ်ခတ်ခဲ့တာမရှိကြောင်း တုံ့ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG