သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျိန္တလီတိုက်ပွဲ အရပ်သားတွေသေဆုံးရမှု သတင်းထွက်


ရခိုင်ပြည်နယ် ဂွမြို့နယ်၊ ကျိန္တလီမြို့ (Photo: C J)
ရခိုင်ပြည်နယ် ဂွမြို့နယ်၊ ကျိန္တလီမြို့ (Photo: C J)

လက်နက် ပစ်ခတ်ခံရတဲ့ ခရစ်ယာန်ကျောင်းအတွင်းမှာရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေထဲမှာ သံတွဲမြို့ကနေ ထွက်ပြေးလာသူတွေပါဝင်သလို လက်နက်ကြီးကြောင့် သေဆုံးသူအများစုဟာ ချင်းလူမျိုးတွေဖြစ်တယ်လို့ ပြောပါတယ်။ ကျိန္တလီမြို့အနီးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေ ရှိနေပါတယ်။


ရခိုင်တောင်ပိုင်း ဂွမြို့နယ် ကျိန္တလီမြို့အနီးမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA တို့ကြား ဒီကနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ကျိန္တလီမြို့ပေါ်က ခရစ်ယာန်ကျောင်းတခုကို မနေ့က ညနေပိုင်းလောက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ခရစ်ယာန် ဘုန်းတော်ကြီးတပါး အပါအဝင် စစ်ဘေးဒုက္ခသည် ၁၁ ဦး သေဆုံးခဲ့တယ်လို့ စစ်ရေးလေ့လာသူတဦးက ပြောပါတယ်။ ဂွမြို့နယ်နဲ့ အနီးစပ်ဆုံးမှာရှိတဲ့ ပုသိမ်ဘက်မှာလည်း လက်နက်ကြီး ပစ်သံတချို့ ရှိနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတာပါ။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကပေးပို့ထားတဲ့ သတင်းကိုတော့ မသိင်္ဂီထိုက်က တင်ပြပါမယ်။


လက်ရှိ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် တောင်ပိုင်း ဂွမြို့နယ် ကျိန္တလီမြို့ပေါ်က စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ ခရစ်ယာန်ကျောင်းအတွင်းကို ကြာသပတေး ညနေပိုင်းက စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ခရစ်ယာန်ဘုန်တော်ကြီးတပါး အပါအဝင် ဒုက္ခသည် ၁၁ ဦးသေဆုံးခဲ့တယ်လို့ စစ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ နေ့လည် ၁ နာရီ မိနစ် ၄ဝ လောက်မှာ ကျန္တိလီမြို့ စည်ပင်ရုံးနားက ခရစ်ယာန်အသင်းတော်ကျောင်း ရှိတယ်ဗျာ၊ အဲဒီနားမှာ ကျတဲ့အခါ ခရစ်ယာန်ဘုန်းတော်ကြီးတပါး အပါအဝင် အကုန်လုံး လူငယ်မိန်းကလေးအပါအဝင် ၁၁ ယောက် သေသွားတာ အတည်ပြုနိုင်တယ်။ ဒဏ်ရာရတဲ့သူတွေလည်း အများကြီးရှိတယ်။”

အရပ်သားတွေ သေဆုံးရမှုနဲ့ ပတ်သက်လို့တော့ VOA က သီးခြားအတည်မပြုနိုင်ခြင်း မရှိသေးပါဘူး။

လက်နက်ပစ်ခတ်ခံရတဲ့ ခရစ်ယာန်ကျောင်းအတွင်းမှာရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေထဲမှာ သံတွဲမြို့ကနေ ထွက်ပြေး လာသူတွေလည်း ပါဝင်သလို လက်နက်ကြီးကြောင့် သေဆုံးသူ အများစုဟာ ချင်းလူမျိုးတွေ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

“ တခါတည်း သူတို့ ပစ်လိုက်တာက နေရာ အတိအကျမှန်တာ ကျောင်းကို ကွက်တိကျတာ ကျိန္တလီမှာ တိုက်ပွဲ စဖြစ်တဲ့ နေ့ကတည်းက သူတို့က အကုန်လုံး အဲဒီကျောင်းမှာ ဝင်ပြီးတော့ စုနေကြတာ အများစုက ချင်းလူမျိုးအများစုဖြစ်တယ်။ ဒဏ်ရာရတဲ့သူတွေကလည်း ၁ဝ ယောက်ကျော်လောက်ရှိတယ်။”

ဒီကနေ့မှာလည်း ကျိန္တလီမြို့အနီးမှာ နှစ်ဘက် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

လက်ရှိ AA ထိုးစစ်ဟာ ကျိန္တလီမြို့အကျော် ဂွမြို့အနီးကို ရောက်ရှိလာတာကြောင့် စစ်ကောင်စီဘက်ကတော့ ဂွမြို့ပေါ်နဲ့ အနီးဝန်းကျင်မှာ အင်းအားတိုးချဲ့ပြီးတော့ ခံစစ် ပြင်ဆင်ထားသလို မြို့ပေါ်က ဆေးရုံတွေ ဌာနဆိုင်ရာရုံးတွေလည်း ပိတ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါအပြင့် စစ်ကောင်စီအနေနဲ့ ဂွမြို့နဲ့ ဆက်စပ်နေတဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့ပေါ်မှာ စစ်ရေးပြင်ဆင်တာတွေ ရှိနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ပုသိမ်ဒေသခံတဦးက ပြောပါတယ်။

“ လောလောဆယ် ပုသိမ်အခြေအနေကတော့ သိမ်တော့ မငြိမ်ဘူးဗျာ ပေါက်ကွဲသံတွေလည်း ကြားရတယ်ပြောတယ် ဒါပေမယ့်လည်း ဘယ်လိုပေါက်ကွဲတာ ဘယ်မှာပေါက်ကွဲတာလဲ မသိဘူး။ လွန်ခဲ့တဲ့ သြဂုတ်လ ဦးပိုင်းလောက်ကတော့ (နတခ)ကနေ သံချပ်ကာ ကားတွေနဲ့ ပုသိမ်မြို့ထဲကို ဖြတ်သွားတာတို့ ပုသိမ်မှာ တပ်စွဲထားတာတွေ လုပ်နေတယ်ဗျာ။ ပြီးတော့ ပုသိမ်မြို့ကို စစ်ဘေးရှောင်တွေလည်း ဝင်လာတာ နည်းနည်းများတယ်။ အရင်ထက်စာရင် အခု ပုသိမ်မြို့ခံတွေကတော့ ပုံမှန်အခြေအနေဆိုပေမယ့် နည်းနည်း ကြောက်လန့် နေကြတာပေါ့။ ဂွမြို့မှာ တိုက်ပွဲတွေ ဖြစ်နေပြီဆိုတော့ ဂွနဲ့ နည်းနည်းနီးတဲ့ သာပေါင်း ငွေဆောင် ရွှေသောင်ယံ ဒီဘက်တွေမှာ စစ်တပ်က တပ်စွဲပြီး ပြင်ဆင်နေတာတွေ ရှိတယ်ဗျာ။”

ရခိုင်ပြည်နယ်တောင်ပိုင်း တိုက်ပွဲတွေကတော့ တနေ့ထက်တနေ့ ပြင်းထန်လာနေသလို အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း တိုးလာနေတာပါ။ ဒါ့အပြင် တိုက်ပွဲတွေကြောင့် ဂွ ၊ တောင်ကုတ်၊ သံတွဲ ငပလီက ဒေသခံတွေဟာ တခြား တိုင်းနဲ့ပြည်နယ်တွေကို ထွက်ပြေး တိမ်းရှောင်နေကြရတာ ရှိသလို ဒေသတွင်းမှာပဲ ဘေးကင်းလုံခြုံမယ့်နေရာတွေကို ထွက်ပြေးနေကြရတာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG