သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ကုလ လုံခြုံရေးကောင်စီ အရေးယူကိုင်တွယ်ဖို့ မြန်မာသံအမတ်ကြီးထပ်မံတောင်းဆို


ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း

စစ်တပ်အာဏာသိမ်းတာ ၃ နှစ်ခွဲရှိလာပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းမှု လုံခြုံမှုမရှိပဲ အစစ ချို့ယွင်းလာနေပေမယ့် နိုင်ငံတကာအသိုင်းဝိုင်းရဲ့ တိကျပြတ်သားတဲ့ အရေးယူဆောင်ရွက်မှုမရပဲ ဖြစ်နေတာကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချက်ချင်း အရေးယူကိုင်တွယ်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဗုဒ္ဓဟူးနေ့ လုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းဝေးမှာ တောင်းဆိုလိုက်ပါတယ်။

လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဌ ဆီရီယာလီယွန်းနိုင်ငံက ကြီးမှူးပြုလုပ်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေးနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်လာတဲ့ မြန်မာအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် ၆၉ နိုင်ငံက ကိုယ်စားလှယ်တွေကို ပန်ကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အာဏာသိမ်း စစ်တပ်လက်အောက်မှာ ငြိမ်းချမ်းမှု လုံခြုံမှု ဖွံ့ဖြိုးတိုးတက်မှု မရှိပဲ နေရပ်စွန့်ခွါရသူ ၃.၂ သန်းအထိ ရှိလာနေသလို လူသားစားနာမှု အကူညီလိုအပ်သူကလည်း ၁၉ သန်းလောက် ရှိလာနေတဲ့ အတွက် အခုအချိန်မှာ ပြည်သူတွေ လက်တွဲပြီး စစ်အာဏာရှင် အပြီးသတ်ချုပ်ငြိမ်းဖို့နဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ဖို့ တော်လှန်ရေးတရပ်ကို ဆင်နွှဲနေကြောင်းလည်း တင်ပြခဲ့တာပါ။

မြန်မာပြည်သူတွေဟာ နိုင်ငံတကာအသိုင်းဝိုင်းရဲ့ ထိရောက်တဲ့ အရေးယူမှုကို တောင်းဆိုနေပေမယ့် မျက်ကွယ်ပြု ခံနေရတာ အတွက်လည်း စိတ်ပျက်မိကြောင်း ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေနေဟာ သိပ်ကို ဆိုးဝါးနေတဲ့ အတွက် နိုင်ငံတကာ အသိုင်းဝိုင်းက တိကျပြတ်သားတဲ့ အရေးယူ ဆောင်ရွက်မှုတွေ ပေးကြဖို့လည်း ပန်ကြားခဲ့တာပါ။

ဒါ့အပြင် အာဏာသိမ်းထားတဲ့ စစ်တပ်ကို ဖယ်ရှားနိုင်ဖို့ သူတို့ရဲ့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ၊ ငွေကြေး စီးဆင်းမှု အားလုံးကို ဖြတ်တောက်နိုင်အောင် နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ပေးဖိုနဲ့ ဒီလို လုပ်ဆောင်နိုင်ဖို့ ကုလသမဂ္ဂ အထူးသဖြင့် လုံခြုံရေးကောင်စီရဲ့ အခန်းကဏ္ဍက သိပ်အရေးပါတာကြောင့် လုံခြုံရေးကောင်စီ အနေနဲ့ ချက်ချင်း အရေးယူ ဆောင်ရွက်ပေးဖို့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG