ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာနိုင်ငံတဝန်းမှာ စာသင်ကျောင်းတွေ တိုက်ခိုက်ခံရမှု ၁၇၄ ကြိမ်ရှိခဲ့ပြီး ကလေးသူငယ်တွေရဲ့ ဘေးကင်းလုံခြုံစွာ ပညာသင်ကြားခွင့် ငြင်းပယ်ခံနေရတဲ့အကြောင်း ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာပညာရေးကဏ္ဍတိုက်ခိုက်ခံရမှုမှ ကာကွယ်ရေးနေ့မှာ ရန်ကုန် အမေရိကန် သံရုံးက Facebook လူမှုကွန်ယက်ကနေ သတင်းထုတ် ပြန်ထားပါတယ်။
မြန်မာနိုင်ငံက ပဋိပက္ခဒဏ်သင့်နေတဲ့ ကလေးငယ် သုံးသိန်းကျော်အတွက် ဘေးကင်းလုံခြုံတဲ့ သင်ကြားရေးနေရာတွေ ထောက်ပံ့ဖန်တီးပေးနိုင်ဖို့ ဒေသခံပညာရေး မိတ်ဖက်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အတူ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID အနေနဲ့ လက်တွဲလုပ်ဆောင်နေတဲ့အကြောင်းလည်း ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ချက်ချင်း ရပ်တန့်ဖို့လည်း အမေရိကန်သံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။
အတိုက်အခံ လက်နက်ကိုင် အင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေအတွင်း စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်မှုတွေ ဆက်လုပ်နေပြီး အထူးသဖြင့် ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်ထဲမှာ စာသင်ကျောင်းတွေ ပျက်ဆီးခဲ့သလို စစ်ဘေးရှောင် ကလေးငယ်တွေ ထိခိုက်သေဆုံးခဲ့တဲ့ သတင်းတွေ ထွက်နေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
မြန်မာနိုင်ငံဟာ ပညာရေးကဏ္ဍတိုက်ခိုက်ခံရတဲ့ နိုင်ငံတွေ စာရင်း ထဲမှာ ထိပ်ဆုံးကပါဝင်ပြီး ကလေးသူငယ်တိုင်း လုံခြုံစွာ ပညာသင်ကြားခွင့် ရှိရမယ့်အကြောင်း ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာပညာရေးကဏ္ဍတိုက်ခိုက်ခံရမှုမှ ကာကွယ်ရေးနေ့မှာ ရန်ကုန် UK သံရုံးရဲ့ Facebook လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးရဲ့ ကော်သူးလေအတွင်းမှာ ရှိတဲ့ ကျောင်းတွေ ဘေးကင်းမှု ဆိုင်ရာကြေညာစာတမ်း လက်မှတ်ရေးထိုးခြင်းကို ကြိုဆိုတဲ့အကြောင်းလည်း UK သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
Forum