သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုင်းတောင်ရွာအနီးဝန်းကျင်ကို စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်


ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာအတွင်း လက်နက်ကြီးကျပေါက်ကွဲတာ၊ နေအိမ်မီးရှို့ခံရတာ၊ စစ်တပ်ရဲ့လေကြောင်းပစ်ခတ်တာတွေပြီးနောက် တွေ့ရတဲ့မြင်ကွင်းတခု (စက်တင်ဘာလ ၁၉ ရက်၊ ၂၀၂၄)
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာအတွင်း လက်နက်ကြီးကျပေါက်ကွဲတာ၊ နေအိမ်မီးရှို့ခံရတာ၊ စစ်တပ်ရဲ့လေကြောင်းပစ်ခတ်တာတွေပြီးနောက် တွေ့ရတဲ့မြင်ကွင်းတခု (စက်တင်ဘာလ ၁၉ ရက်၊ ၂၀၂၄)

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆိုင်းတောင်ရွာတဝိုက်ကို မနေ့ညနဲ့ ဒီကနေ့မနက်ပိုင်းတွေမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ KIA ကချင်လွတ်လပ်ရေးတပ်က အတည်ပြု ပြောဆိုပါတယ်။​ ၂ပတ်ကျော်ကြာ တိုက်ပွဲအတွင်းမှာ ၂ဖက်ပစ်ခတ်မှု၊ လေကြောင်းကနေ တိုက်ခိုက်မှုတွေကြောင့် လူအယောက် ၃၀ထပ်မနည်း သေဆုံးတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ သေဆုံးတဲ့အထဲ ဒေသခံတွေ၊ တော်လှန်ရေးအဖွဲ့ဝင်တွေနဲ့ စစ်တပ်ဘက်ကပါ ပါဝင်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို တင်ပြပေးပါမယ်။​

ကချင်ပြည်နယ်၊ ဖားကန့်ဒေသ ဆိုင်းတောင်ရွာ Lucky Men Hotel အနီးက အရပ်သားနေအိမ်မှာ ဝင်ရောက်တပ်စွဲထားတဲ့ စစ်တပ်ကို KIA/PDF ပူးပေါင်းတပ်က ပိတ်ဆို့ တိုက်ခိုက်နေတာဖြစ်ပါတယ်။ ဒီနေရာမှာ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်- KIA ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေတာ ၂ပတ်နီးပါး ရှိပြီဖြစ်ပါတယ်။ လက်ရှိဆိုင်းတောင်ရွာတိုက်ပွဲ နဲ့ပတ်သတ်လို့ KIO သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက အခုလို ပြောပြပါတယ်။

"ဖားကန့်အခြေအနေကတော့ မနက်ပိုင်းကတော့ လေကြောင်းနဲ့ ဗုံးကြဲတာရှိပါတယ်။ အဲနောက်ပိုင်းကတော့ ဘာမှသတင်း ထူးတာ မရှိသေးဘူး။ လပ်ကီးမန်း ဟိုတယ်မှာ ရောက်နေတဲ့ စစ်ကြောင်းတွေကတော့ မထွက်သေးဘူး။ အဲတော့ တိုက်ပွဲ ကတော့ အချိန်မရွေးရှိနိုင်ပါတယ်။ ဒီနေ့တော့ ဘာမှထပ်တော့ မသိရသေးဘူး။ ဆိုင်းတောင်ဘက်ကကော တခြားဘက်က ကော တော်တော်များများပြည်သူတွေ တိမ်းရှောင်ကြတယ်။ အတတ်နိုင်ဆုံးကတော့ ကူညီတာပေါ့။​ လမ်းညွှန်ပေးတာတွေရှိပါတယ်။ စခန်းဖွင့်နေတာမျိုးတော့ မရှိသေးပါဘူး။ အမျိုးတွေအိမ်မှာ ဘုရားကျောင်းတို့မှာ တည်းခိုတာပေါ့။ ကျနော်တို့ လည်းအတတ်နိုင်ဆုံး ကူညီတာပေါ့။"

ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ၂ကြိမ် တိုက်ခိုက်မှု တွေလုပ်ခဲ့တယ်လို့ ဒေသခံတဦးက ဗွီအိုအေကို ခုလိုပြောပါတယ်။

"ဒီမနက် ၁နာရီမှာလည်း စစ်ကောင်စီက ဂျက်ဖိုက်တာ ၂စီးလာပြီးတော့ ဆိုင်းတောင်၊ ကျောက်သွေးတောင်နဲ့ ဆိုင်းတောင် ရပ်ကွက် ၄ဘက်ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်။ ဗုံးလာကြဲခဲ့တယ်။ မနက် ၁နာရီလောက်ကနေ တိုက်ပွဲဖြစ်နေတာ တောက်လျှောက်ဘဲ။"

ဒါ့အပြင် ဒီညနေ ၃ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာတစ်စီးနဲ့ အပြင်းထန် ပစ်ခတ်ပစ်ခတ်နေတယ်လို့လည်း ဒေသခံတွေပြောပါတယ်။ ဒီကနေ့ ညနေ ၅နာရီလောက်အထိ ဂျက်ဖိုက်တာ ပျံဝဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနက်ပိုင်း လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးထိခိုက်ဒဏ်ရာရတဲ့ လူအရေအတွက်ကိုတော့ မသိရသေးဘူးလို့ ပြောပါ တယ်။ ဒီစက်တင်ဘာလ အစလောက်ကတည်းက ဆိုင်းတောင်မှာ ၂ဖက် ထိတွေ့မှုဖြစ်တာ ဒီကနေ့နဲ့ဆို ၂ပတ်ကျော်ကြာပြီဖြစ် ပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ် KIA ကြား ဖြစ်ပွားတဲ့ ဆိုင်းတောင်ရွာတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်ပြည်သူများ
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ် KIA ကြား ဖြစ်ပွားတဲ့ ဆိုင်းတောင်ရွာတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်ပြည်သူများ

ဒီ၂ပတ်ကျော်ကြာ တိုက်ပွဲအတွင်းမှာ ၂ဖက်ပစ်ခတ်မှု၊ လေကြောင်းကနေ တိုက်ခိုက်မှုတွေကြောင့် လူ ၃၀ထပ် မနည်း သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒဏ်ရာရသူဦးရေကလည်း ၅၀နဲ့ ၁၀၀ကြားရှိနေတယ်လို့ ဆိုပါတယ်။ သေဆုံးတဲ့အထဲ ဒေသခံတွေ အပါအဝင် စစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့ဝင်တွေလည်း ပါတယ်လို့ ပြောပါတယ်။ လက်ရှိ ဆိုင်းတောင်ကျေးရွာအနီးတဝိုက်က သေဆုံးမှုနဲ့ မီလောင်ပျက်ဆီးမှု အခြေအနေတွေနဲ့ပတ်သက်လို့ ဒေသခံတစ်ဦးက အခုလို ပြောပြပါတယ်။

"ဆိုင်းတောင်ရွာမှာက ပြည်သူတွေ သေဆုံးတာက ၃၀ကျော်ရှိနေပြီ။ ဖားကန့်မြို့ပေါ်ပေါ့။​ မြို့ထဲကို ၁၅ရက်နေ့လောက်က လက်နက်ကြီးကျလို့ ၂ယောက် သေဆုံးခဲ့တယ်။ ၆ယောက်က ထိခိုက်ဒဏ်ရာရတယ်။ လက်နက်ကြီးကြောင့်ကော ဒဏ်ရာရ တဲ့ဦးရေက ၅၀နဲ့ ၁၀၀ ကြားရှိမယ်။ လောလောဆယ်ပြည်သူတွေက ရပ်ကွက် ၁၊ ၂၊ ၃၊ ၄ ၊ စမ်းကြွယ်၊ မှော်တောင်း၊ ကျောက်သွေးတောင်၊ ဖားပြင် အဲဒီက ပြည်သူ တသောင်းနီးပါး စစ်ရှောင်နေကြရတယ်။ ဆိုင်းတောင်တိုက်ပွဲအတွင်းမှာ ၂ဖက် အထိအခိုက်အကျဆုံး ရှိတာပေါ့။ စစ်ကောင်စီတပ်ဘက်က သုံပန်းကော သေတာကောရှိတယ်။ ကေအိုင်အေ၊ PDF ဘက်ကလည်း ကျတာရှိတယ်။ ဆိုင်းတောင်ရွာတိုက်ပွဲမှာ စစ်ကောင်စီက ပြည်သူတွေ နေအိမ်ကိုမီးရှို့လို့၊ နောက်လက်နက်ကြီးထိလို့ အလုံး ၃၀၀နီးပါး မီးလောင်သွားရတယ်။"

သေဆုံးမှုဖြစ်စဉ်နဲ့ သေဆုံးရတဲ့အခြေအနေ အရေအတွက် အသေးစိတ်ကို ဗွီအိုအေက ဆက်လက်အတည်ပြုနိုင်ဖို့ကြိုး စားနေပါတယ်။ ဆိုင်းတောင်ဟာ ဖားကန့်မြို့ အရှေ့တောင်ဘက်ခြမ်းမှာ တည်ရှိပြီး ဖားကန့်မြို့ပေါ်နဲ့ ၅ မိုင်ဝန်းကျင်သာ ကွာဝေးပါတယ်။ ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းမှော် အနီးတစ်ဝိုက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၂၆ ခုထဲက ၂၀ ဝန်းကျင်ကို KIA နဲ့ PDF အဖွဲ့တွေက သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီဘက်က ဖားကန့်မြို့ပေါ် ဗျူဟာကုန်း၊ ကံဆီး ဗျူဟာ၊ တန်းကောင်တောင် တပ်စခန်း၊ ဖားကန့် ရဲစခန်း၊ လယ်ပြင် ယမ်းချက်စက်ရုံ၊ လုံးခင်းမျောက်ကုန်း စတဲ့နေရာတွေလောက်ပဲ ထိန်းချုပ်ထားနိုင်တော့တာလို့ ဒေသခံတွေကပြောပါတယ်။ လက်ရှိမှာ KIA အဖွဲ့က ကျောက်စိမ်းလုပ်ကွက်တွေအပါအဝင် ဖားကန့်ဒေသရဲ့ ၇၅ ရာခိုင်နှုန်းလောက်အထိ ထိန်းချုပ်ထားနိုင်တယ်လို့လည်း စစ်ကောင်စီရဲ့ သတင်းချန်နယ်တွေမှာ ဖော်ပြနေကြပါတယ်။

ဖားကန့်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ရက်တွေက အင်းတော်မှာ တိုက်ပွဲဖြစ်ပြီး လမ်းပိတ်ထားတာကြောင့် ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်ပြီး ဖားကန့်မြို့မှာ ကုန်ဈေးနှုန်းတွေလည်း ပိုမိုမြင့်တက်လာနေသလို လက်ရှိအချိန်အထိလည်း အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်နေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG