သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်မြို့နယ်က ဆိုင်းတောင်ရဲစခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်


ဖားကန့်မြို့နယ် ဆိုင်းတောင်မှာ တိုက်ပွဲကြောင့် နေအိမ်တွေမီးလောင်ကျွမ်းနေစဉ် (စက်တင်ဘာ ၁၂၊ ၂၀၂၄)
ဖားကန့်မြို့နယ် ဆိုင်းတောင်မှာ တိုက်ပွဲကြောင့် နေအိမ်တွေမီးလောင်ကျွမ်းနေစဉ် (စက်တင်ဘာ ၁၂၊ ၂၀၂၄)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းက ဆိုင်းတောင်ရဲစခန်းကို KIA ပူးပေါင်းတပ်တွေက ဒီကနေ့မနက်မှာ သိမ်းယူလိုက်ပါတယ်။ ဒီလိုသိမ်းယူပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်ခတ်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ရှိနေပြီး ၆ရက်ကြာ တိုက်ပွဲအတွင်း လူနေအိမ်အတော်များများ မီးလောင်ပျက်ဆီးခဲ့သလို အရပ်သားတွေ ထိခိုက် သေကျေတာတွေလည်း ရှိနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ဖားကန့်ဒေသတိုက်ပွဲသတင်း ရန်ကုန်က ပေးပို့ထားတာကို တင်ပြပေးပါမယ်။

ဖားကန့်မြို့နယ် ဆိုင်းတောင်ကို ဒီလ ၇ရက်နေ့ မနက်မှာ စစ်ကောင်စီစစ်ကြောင်းတွေက Lucky Man Hotel မှာ ရှိနေတဲ့ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာကနေ တိုက်ပွဲ စတင်ခဲ့တာပါ။

၆ ရက်ကြာ တိုက်ပွဲပြင်းထန်ခဲ့တဲ့နောက် ဒီကနေ့မနက်ပိုင်းမှာတော့ ဆိုင်းတောင် ရဲစခန်းကို သိမ်းယူလိုက်ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက VOA ကို ပြောပါတယ်။

“ဖားကန့် ၊ ဆိုင်းတောင်ဘက်က အခြေအနေကတော့ မနေ့ညကနေ တိုက်ပွဲတွေဖြစ်တယ်။ ဒီမနက် ၆နာရီခွဲ၊ ၇နာရီလောက် အချိန်မှာ ဖားကန့်၊ ဆိုင်းတောင်က ရဲစခန်းကိုတော့ KIA တပ်ပေါင်းစုတွေက သိမ်းပိုက်လို့ ရပြီ။ အဲဒီနောက်ပိုင်းမှာလည်း တိုက်ပွဲကတော့ ဆက်ဖြစ်နေတယ်။”

ဆိုင်းတောင်ရဲစခန်းကို သိမ်းယူပြီးနောက် စစ်ကောင်စီရဲ့ ဖားကန့်ဗျူဟာကုန်းက လက်နက်ကြီး ပစ်ခတ်တာနဲ့ လေကြောင်းက တိုက်ခိုက်တာတွေကြောင့် ဆိုင်းတောင်က လူနေအိမ်တွေ မီးလောင်တာရှိနေကြောင်း ဆက်ပြောပါတယ်။

“ နောက်ပြီးတော့ ဆိုင်းတောင်လူနေရပ်ကွက်ထဲမှာ ဗျူဟာကုန်းကနေ လက်နက်ကြီးတွေ ပစ်တယ်။ အဲဒါကြောင့် လူနေရပ်ကွက်မှာ မီးလောင်နေတယ်။ နေ့လည်လောက်ကတည်းကနေတော့ လေကြောင်းနဲ့လည်း လာပြီးမှ ဗုံးကြဲတာ။ ဒါကြောင့် ဆိုင်းတောင်မှာကတော့ လူနေရပ်ကွက်ထဲမှာ လူနေ ပြည်သူလူထုတွေ နေအိမ်က တော်တော်များများ မီးလောင်တာဖြစ်ပါတယ်။”

ဖားကန့်ဒေသခံတဦးကလည်း ဒီနေ့လေကြောင်းက ဗုံးကြဲတာကြောင့် ရပ်ကွက် ၄ Lucky Man ဟိုတယ်အနီးက လူနေအိမ်အများအပြား မီးလောင်ခဲ့ကြောင်းနဲ့ လူထိခိုက်သေပျောက်တာတွေလည်း များကြောင်း ပြောပါတယ်။

“ဒီနေ့ နေ့လည် ၁နာရီမှာလည်း ဂျက်ဖိုက်တာနဲ့ ၂ကြိမ်ပတ်ပြီး လေကြောင်းတိုက်ခိုက်မှုလုပ်တယ်။ ဗုံး ၃ လုံး ကြဲသွားတာပေါ့။ ပစ်လည်း ပစ်သွားတယ်။ အဲဒီမှာ ဆိုင်းတောင် ပြည်သူတွေနေအိမ်တွေ မီးလောင်တယ်။ ရပ်ကွက် ၄ ဘက် ပိုများတာပေါ့။ မီးလောင်တာက။ အဲဒီ Lucky Man ဟိုတယ်ရှိတဲ့ တဝိုက်ပေါ့နော်။ ပြည်သူတွေ ထိခိုက်တာတွေလည်း ရှိတယ်။ သေဆုံးတာက ၁၀ယောက် လောလောဆည်ရတယ်။ တိုက်ပွဲ စဖြစ်ကတည်းကနေပေါ့နော်။ ၆ရက်ရှိပြီ ဒီနေ့ဆိုရင်။ ဒီ ၆ရက်အတွင်းဆို တောက်လျှောက် မီးလောင်တာတွေ ရှိတယ်။ ပြည်သူတွေထိတာ၊ နေတိုင်းထိတာတွေ ရှိတယ်။ လက်နက်ကြီးက တနေကုန်ပစ်နေတော့လေ။”

အရပ်သားတွေ ထိခိုက်သေဆုံးတဲ့စာရင်းကိုတော့ အတိအကျ မရရှိသေးကြောင်းလည်း ပြောပါတယ်။ တိုက်ပွဲစတင်ကတည်းက တိမ်းရှောင်သွားတဲ့ ပြည်သူတွေဟာ ထောင်နဲ့ချီ ရှိနိုင်ကြောင်းလည်း ခန့်မှန်းပါတယ်။

“ ဆိုင်းတောင်က ပြည်သူတွေ တော်တော်များများတော့ ထွက်သွားကြပြီပေါ့။ ရှောင်သွားကြပြီပေါ့။ တချို့ အိမ်စောင့်ပဲ ကျန်ခဲ့တာ။ ကျန်ခဲ့တဲ့ ပြည်သူတွေ ထိခိုက်တာတွေ ရှိတာပေါ့နော်။ သူတို့ ရှောင်သွားတာ ဆိုင်းအောင်တို့၊ နမ့်မှော်တို့ အဲဒီဘက်တွေ ရှောင်ကြတာများတယ်။ အနည်းဆုံး ၂ထောင်၊ ၃ထောင်တော့ ရှိမှာ တရွာလုံးနီးပါး ရှောင်ကြတာဆိုတော့လေ။ တော်တော်များတယ်။”

ဒီကနေ့ နေ့ခင်း ၁နာရီလောက်အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို ဆိုင်းတောင်ရွာကို KIA ပူးပေါင်းတပ်တွေက တိုက်ပွဲ ဖြစ်ပွားချိန်တည်းက စတင်ပြီး ဝိုင်းပိတ်ပိတ်ဆို့ထားကြောင်းလည်း ပြောပါတယ်။

ဖားကန့်မြို့နယ်မှာ KIA နဲ့ ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်စခန်း ၁၀ခုထက်မနည်းကို သိမ်းပိုက်ထားပြီး လက်ရှိမှာ ဖားကန့်ဗျူဟာကုန်း၊ ကာမိုင်းဗျူဟာကုန်းအပါအဝင် တပ်စခန်း ၇ခုလောက်သာ ကျန်ရှိတော့ တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်တွေက အင်းတော်မှာ တိုက်ပွဲဖြစ်ပြီး လမ်းပိတ်ထားတာကြောင့် ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်ပြီး ဖားကန့်မြို့မှာ ကုန်ဈေးနှုန်းတွေလည်း ပိုမိုမြင့်တက်လာနေသလို လက်ရှိအချိန်အထိလည်း အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်နေဆဲ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG