သုံးရလွယ်ကူစေသည့် Link များ

မြန်မာ့ ရာဂီရေဘေး ကန်ဦးဆောင်ကူညီဖို့ CSIS တိုက်တွန်း


မြန်မာပြည်တွင်း ရေဘေးဒဏ်ခံရသူများ။
မြန်မာပြည်တွင်း ရေဘေးဒဏ်ခံရသူများ။

မြန်မာနိုင်ငံ ရာဂီ မုန်တိုင်း နောက်ဆက်တွဲ အဖြစ် ပြင်းပြင်းထန်ထန် ရေကြီးရေလျှံမှုတွေ ကြုံတွေခဲ့ရတဲ့ ရေဘေးဒုက္ခသည်တွေကို ကူညီဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဦးဆောင်မှု အခန်းကဏ္ဍကနေ အရယူဖို့ ဝါရှင်တန်ဒီစီ အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) က အောက်တိုဘာ ၄ ရက်က တိုက်တွန်းလိုက်ပါတယ်။ ကွန်ဂရက်လွှတ်တော်နဲ့ အမေရိကန် ပါတီကြီး နှစ်ရပ်လုံးက ကိုယ်စားလှယ်တွေ ပါဝင်တဲ့ Burma Caucas အဖွဲ့အနေနဲ့လည်း မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ ဘေးအန္တရာယ် ရင်ဆိုင်နေရတဲ့ အခြေအနေကို ပိုမို ထောက်ပြ လှုံဆော်နိုင်တယ်လို့ ဆိုပါတယ်။

တဘက်မှာလည်း နာဂတ် မုန်တိုင်း အပြီးနဲ့ လက်ရှိ အခြေအနေကို နှိုင်းယှဥ်ထားပြီး မြန်မာ့အရေး ပြုပြင်ပြောင်းလဲရေး အတွက် အခွင့်အလမ်း တခု အဖြစ် ဖြစ်လာနိုင်တယ်လို့ CSIS စာတမ်းက ပြောပါတယ်။ နာဂစ် အပြီး မြန်မာနိုင်ငံမှာ အရေးပေါ် လိုအပ်နေတဲ့ လူသားချင်း စာနာမှု အကူအညီ ဖြည့်ဆည်းနိုင်ရေး အတွက် အဲ့တုန်းက အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့ အထွေထွေအတွင်းရေးမှူး Surin Pitsuwan ဆောင်ရွက်ခဲ့တဲ့ ‘ဆူရင် ပုံစံ’ ကို နည်းနာ ယူမယ့်ဖို့လည်း စာတမ်းထဲမှာ ဥပမာ ပေးထားပါတယ်။ ဒါပေမယ့် လက်ရှိ မြန်မာ့အရေးမှာ အာဆီယံရဲ့ ဆောင်ရွက်မှုက နာဂစ် အပြီး အခြေအနေတုန်းကလို အားကောင်းမှု မရှိလို့ အမေရိကန် အနေနဲ့ ဦးဆောင်မှု နေရာ အရယူပြီး အကူအညီလိုအပ်နေတဲ့ မြန်မာပြည်သူတွေ အပေါ် ကျောခိုင်းခြင်းမပြုဖို့ CSIS က တိုက်တွန်းထားပါတယ်။


ဒီစာတမ်းကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဒဲရစ်မစ်ချယ်နဲ့ CSIS ရဲ့ အရှေ့တောင်အာရှ အစီအစဉ်က သုတေသီ လည်းဖြစ်၊ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ (USABC) လူထုဆက်ဆံရေး အကြီးအကဲ ဂျက်မြင့်တို့က ပူးပေါင်းရေးသားထားတာပါ။

အကူအညီပေးရေး လုပ်ငန်းစဥ်တွေမှာ ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်စေဖို့ နိုင်ငံတကာအသိုင်းအဝန်းကို အမေရိကန် အစိုးရက ဦးဆောင် တိုက်တွန်းဖို့လည်း အဲဒီ CSIS စာတမ်းက အကြံပြုထားပါတယ်။ ဒါမှသာ ရေဘေး ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင် ရေး အကူအညီတွေဟာ အမှန်တကယ် လိုအပ်နေတဲ့သူတွေဆီ အလျင်အမြန် ရောက်ရှိမှာ ဖြစ်ပြီး အကျင့်ပျက် ခြစားသူတွေရဲ့ အလွဲသုံးစားလုပ်မှုကနေ ကာကွယ်နိုင်မယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း တွေက အကူအညီတွေ ချိတ်ဆက် ပေါင်းစပ် ပေးနိုင်ဖို့ တိုက်တွန်းနေပေမယ့် ရှုပ်ထွေးနေတဲ့ နိုင်ငံရေး အခြေအနေကြောင့် နိုင်ငံတကာ အထောက်အပံ့တွေ ထိထိရောက်ရောက်နဲ့ စီးဆင်းဝင်ရောက်နိုင်မှုနဲ့ အမှန် တကယ် လိုအပ်နေသူတွေဆီ ရောက်ရှိနိုင်မှုမှာပါ အဟန့်အတား ဖြစ်နေတယ်လို့လည်း အဲဒီ စာတမ်းမှာ ထောက်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ အကျပ်အတည်းကြီးကြီးမားမားတွေ့နေပေမယ့် နိုင်ငံတကာအကူအညီတွေက မလုံမလောက် ဖြစ်နေတာကိုလည်း စာတမ်းမှာ ဖော်ပြထားပြီး ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ရန်ပုံငွေ လိုအပ်ချက်မှာ လေးပုံတပုံသာ ရရှိနေတဲ့ အခြေအနေကို ကိုးကားထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG