တောင်ကိုရီးယားနိုင်ငံမှာ NUG အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်ရုံးကနေ နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးပေးနေကြောင်း သတင်းထွက်ပေါ်လာပြီးနောက်၊ နိုင်ငံကူးလက်မှတ်တွေမှာ တရားမဝင် တံဆိပ်တုံးအတုအပတွေ လုပ်တာကို စီစစ်တွေ့ရှိရတဲ့အတွက်ဆိုပြီး တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့က စစ်ကောင်စီရဲ့ မြန်မာသံရုံးကနေ နိုင်ငံကူးလက်မှတ် ဖျက်သိမ်းတာမျိုး၊ အမည်မည်းစာရင်း သွင်းတာမျိုးလုပ်သွားမယ်လို့ နိုဝင်ဘာလ ၉ ရက်နေ့မှာ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မအေးအေးမာကသတင်းပေးပို့ ထားပါတယ်။
တောင်ကိုရီးယားမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်ရုံးကနေ မြန်မာနိုင်ငံကူးလက်မှတ်တွေကို သက်တမ်းတိုးပေးနေတယ် ဆိုတာကြောင့် ကိုရီးယားရောက်မြန်မာ (၁,၀၀၀)ကျော်လောက် သက်တမ်း သွားတိုးခဲ့ကြသလို ကိုရီးယားနိုင်ငံရဲ့ လ၀က ကလည်း ဗီဇာသက်တမ်းတိုးပေးတာတွေ လုပ်ခဲ့တာပါ။
အခုအခါမှာတော့ တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့က စစ်ကောင်စီရဲ့ မြန်မာသံရုံးကနေ မြန်မာနိုင်ငံသားတွေအတွက်ဆိုပြီး ကြေငြာချက်ထုတ်ပြန်ရာမှာ တရားမဝင် တံဆိပ်တုံး အတုအပတွေလုပ်ရင် နိုင်ငံကူးလက်မှတ်ဖျက်သိမ်းတာ အမည်မည်းစာရင်း သွင်းတာ လုပ်သွားမယ်လို့ နိုဝင်ဘာလ ၉ ရက် ရက်စွဲနဲ့ ကြေငြာခဲ့ပါတယ်။ ဒီလိုထုတ်ပြန်ခဲ့ပေမယ့် မြန်မာတွေကတော့ NUG ရုံးမှာ သက်တမ်းသွားတိုးဖို့ စိတ်အားထက်သန် နေဆဲပဲလို့ ကိုရီယားရောက် မြန်မာတဦးကပြောပါတယ်။
" သူတို့ကတော့ မဖြစ်မြောက်အောင် ဒီမှာရှိနေတဲ့ ကျနော်တို့ နိုင်ငံသားတွေ ဝေဝါးအောင်လုပ်မယ် NUG ရုံးမှာ သက်တမ်းတိုးလို့ရတယ်ဆိုတော့ မတိုးအောင် သူတို့ကတော့ ဟန့်တားမှာပဲပေါ့နော်၊ အားလုံးကတော့ ဒီလိုသက်တမ်းတိုးရတာကို ကောင်းတယ်လို့မြင်တယ် ဒီလို တိုးလို့ရတာကို မြန်မာသံရုံးမှာတော့ ဘယ်သူမှ မတိုးချင်ကြဘူး။ သူတို့နဲ့ မပတ်သက်ချင်ကြဘူး၊ ဒီမှာ တိုးလို့ရတယ်ဆိုတော့ အားလုံးက အားရကျေနပ်မှု ရှိတယ်ပေါ့နော်။ "
၂၀၂၁ ခုနှစ်နောက်ပိုင်း တိုင်းပြည်အခြေအနေကြောင့် အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြတဲ့သူတွေလည်းရှိသလို တချို့ကတော့ မြန်မာပြည်ကို မပြန်မဖြစ်တဲ့ အနေအထားတွေကြောင့် NUG ရုံးမှာ သက်တမ်းမတိုးကြတာတွေလည်းရှိတယ်လို့ဆိုပါတယ်။
ဒါပေမဲ့ ကိုရီးယားရောက် မြန်မာတွေထဲမှာ အလုပ်လာလုပ်သူတွေ၊ ကျောင်းလာတက်သူတွေဟာ NUG ကိုယ်စားလှယ်ရုံးမှာ နိုင်ငံကူးလက်မှတ်သက်တမ်း လာတိုးတာတွေလည်း ရှိနေပါတယ်။ ဒီလို သက်တမ်းသွားတိုးတဲ့အတွက် မိမိတို့ဟာ ဘယ်အစိုးရကို လက်ခံသလဲဆိုတာကို ကိုရီးယားအစိုးရကိုလည်း ပြသလိုက်တာဖြစ်တယ်လို့သက်တမ်းတိုးခဲ့သူ မြန်မာတဦးက ပြောပါတယ်။
" ဒီ ပတ်စပို့သက်တမ်း တိုးရတယ်ဆိုတဲ့ အဆင့်က နည်းတဲ့အခွင့်ရေးမဟုတ်ဘူး။ ဒီမှာ ဘဏ်စာအုပ်တွေ ဖွင့်လို့ရသွားတယ်၊ ရုံးလုပ်ငန်း လုပ်ရတယ် ဗီဇာသက်တမ်း တိုးတာတွေက အတော် အဆင်ပြေနေတယ်လေ။ ပတ်စပို့ ကိုင်ထားမယ့်အစား သက်တမ်းတိုးလိုက်တာက NUG အစိုးကို ထောက်ခံပြီးသားလည်းဖြစ်တယ်၊ ကိုရီးယားနိုင်ငံမှာရောက်နေတဲ့ မြန်မာတွေအနေနဲ့ ဘယ်အစိုးရကို ထောက်ခံသလဲဆိုတာ ဒီပတ်စပို့သက်တမ်း တိုးခြင်းအားဖြင့် ပြသပြီသားလည်းဖြစ်တယ်လို့ အဓိက ပြောချင်ပါတယ်။ "
NUG အမျိုးသားညီညွတ်ရေးအစိုးရ တောင်ကိုရီးယားကိုယ်စားလှယ်ရုံးက နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးနေတဲ့ မြန်မာနိုင်ငံသားတွေကို အခွန်နဲ့အခကြေးငွေမယူပဲ သက်တမ်း ၂ နှစ် တိုးပေးတဲ့လုပ်ငန်းစဉ်ကို လုပ်ဆောင်တာဟာ ၅ လခန့် ရှိနေပြီဖြစ်သလို အခုဆိုရင် သက်တမ်းတိုးတဲ့ မြန်မာနိုင်ငံသား (၁,၀၀၀)ကျော်လောက် ရှိနေပြီလို့လည်း သိရှိရပါတယ်ရှင်။
Forum