သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒိန်းမိတ် F-16 တိုက်လေယာဉ်တွေ ယူကရိန်းကို ဒုတိယအကြိမ် ပေးပို့


F16 တိုက်လေယာဉ်
F16 တိုက်လေယာဉ်

ယူကရိန်းအတွက် ဒုတိယ အသုတ် F-16 ဂျက်တိုက်လေယာဉ်တွေကို ဒိန်းမတ်နိုင်ငံက ပေးပို့ခဲ့တဲ့အကြောင်း ယူကရိန်းသမ္မတ Volodymyr Zelenskyy က စနေနေ့က ပြောပါတယ်။ သမ္မတ Zelenskyy ကတော့ လတ်တလော ပြင်သစ်နိုင်ငံကို ရောက်နေပြီး ထိပ်တန်း နိုင်ငံရေး သမားတွေ၊ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံနေတာပါ။


ဒိန်းမတ်နိုင်ငံက ခုလို F-16 တိုက်လေယာဉ်တွေ ပေးပို့တဲ့အပေါ် ကျေးဇူးတင်ကြောင်းနဲ့ တချိန်တည်းမှာပဲ တခြား မဟာမိတ်နိုင်ငံတွေက အကူအညီတွေ လက်တွန့်နေတဲ့အပေါ်မှာတော့ စိတ်မကောင်းဖြစ်ရတဲ့ အကြောင်းကိုတော့ သမ္မတ Zelenskyy က သူ့ရဲ့ Telegram လူမှုကွန်ရက် စာမျက်နှာကတဆင့် စနေနေ့က ပြောဆိုခဲ့ပါတယ်။


ဒိန်းမတ်နိုင်ငံက ပထမတသုတ် ကူညီပေးခဲ့တဲ့ ဂျက်တိုက်လေယာဉ်တွေကို သုံးပြီး ရုရှားဘက်က တိုက်ခိုက်လာတဲ့ ဒုံးကျည်တွေကို ပစ်ချဖျက်ဆီးနိုင်ခဲ့ပြီး အရပ်သားပြည်သူတွေနဲ့ အခြေခံ အဆောက် အအုံတွေကို ကာကွယ်ပေး နိုင်ခဲ့တယ်ဆိုပြီးတော့လည်း သမ္မတ Zelenskyy က ပြောပါတယ်။

နိုဝင်ဘာ ၆ ရက် သောကြာနေ့တုန်းကတော့ Zaporizhzhia ဒေသမှာ ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ရတဲ့အပေါ် ဝမ်းနည်းခြင်း အထိမ်းအမှတ် တရက်တာ သတ်မှတ် ကြေညာခဲ့ပါတယ်။

သောကြာနေ့ ရုရှားရဲ့ မစ်ဇိုင်းဒုံးကျည် တိုက်ခိုက်မှု အတွင်းမှာတော့ ကလေးငယ် ၂ ဦး အပါအဝင် နောက်ထပ် ၂၄ ဦးလည်း ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ Zaporizhzhia ဒေသ အုပ်ချုပ်ရေးမှူး Ivan Fedorov က ပြောပါတယ်။

အဲဒီသောကြာနေ့မှာပဲ နောက်ထပ် ယူကရိန်းမြို့တခုဖြစ်တဲ့ Kryvyi Rih မှာလည်း ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၃ ဦး သေဆုံးခဲ့ရတယ်လို့ ယူကရိန်းအစိုးရ အရေးပေါ်ဌာနက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG