NATO အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးကို ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ် မြို့တော်မှာ ဒီကနေ့အင်္ဂါနေ့မှာစတင်လိုက်ပြီး ရုရှားရဲ့ကျူးကျော်မှုကို ယူကရိန်းနေနဲ့ ကိုယ့်ဘာသာကိုယ် ဆက်လက်ခုခံသွားနိုင်အောင်ကူညီရေး ဦးစားပေးဆွေးနွေးဖို့ရှိနေပါတယ်။
အမေရိကန်နဲ့ ဂျာမနီတို့ရဲ့ အထောက်ပံ့အသစ်တွေအပါအဝင် နောက်ထပ်ဒေါ်လာ သန်းရာပေါင်းများစွာ ယူကရိန်းကိုစစ်ရေးအကူအညီတွေပေးဖို့ NATO အနေနဲ့ ထပ်မံကတိပြုထားပါတယ်။ ယူကရိန်းကို စစ်ရေးအကူအညီတွေဆက်ပေးနိုင်ဖို့ဟာ အလွန်အရေးပါတဲ့ လုပ်ငန်းတာဝန် တရပ်ဖြစ်တယ်လို့ NATO အကြီးအကဲ Mark Rutte ကအင်္ဂါနေ့မှာပဲသတင်းထောက်တွေကိုပြောခဲ့ပါတယ်။
၂ ရက်ကြာအစည်းအဝေးမှာ NATO-ယူကရိန်း ကောင်စီအစည်းအဝေးလည်းပါဝင်မှာဖြစ်ပါတယ်။ ယူကရိန်းကို NATO အဖွဲ့ဝင်အဖြစ်လက်ခံဖို့ ယူကရိန်းခေါင်းဆောင်တွေကတိုက်တွန်းနေပါတယ်။
NATO တာဝန်ရှိသူတွေကတော့ ယူကရိန်းကို အနာဂတ်မှာအဖွဲ့ဝင်အဖြစ်လက်ခံနိုင်ပေမယ့် ရုရှားနဲ့စစ်ဖြစ်နေစဉ်အတွင်းမှာတော့ အဖွဲ့ဝင်မဖြစ်နိုင်သေးဘူးလို့ပြောဆိုထားပါတယ်။
အခုအချိန်မှာ NATO အနေနဲ့ ယူကရိန်းကို စစ်ရေးအကူအညီတွေပိုပေးမယ်ဆိုရင် ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အခါ ယူကရိန်းရဲ့အနေအထားဟာ ပိုပြီးအားကောင်းမှာဖြစ်တယ်လို့ NATO အကြီးအကဲ Mark Rutte ကပြောဆိုခဲ့ပါတယ်။ ယူကရိန်းအနေနဲ့ အခုအချိန်မှာရော နောင်အချိန်မှာပါ ရုရှားကို ကိုယ်ဘာသာကိုယ်ခုခံသွားနိုင်တဲ့အထိ အမေရိကန်အနေနဲ့အမြင့်ဆုံးကူညီနိုင်သလောက် ကူညီသွား မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Matthew Miller က တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။
Forum