သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

‘ယူကရိန်းကိုပံ့ပိုးရေး ထိပ်တန်းဦးစားပေးပြီး ကန်နှင့်ပူးပေါင်းဆောင်ရွက်မည်’ (NATO အကြီးအကဲသစ်)


NATO- မြောက်အတ္တလန်တိတ်စစ်စာချုပ်အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ်သစ် Mark Rutte -ဘရပ်ဆဲလ်မှာရှိတဲ့ နေတိုးဌာနချုပ်မှာ ရာထူးလွှဲပြောင်းအပ်နှံပွဲမှာတွေ့ရစဥ်။ (အောက်တိုဘာ ၁၊ ၂၀၂၄)
NATO- မြောက်အတ္တလန်တိတ်စစ်စာချုပ်အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ်သစ် Mark Rutte -ဘရပ်ဆဲလ်မှာရှိတဲ့ နေတိုးဌာနချုပ်မှာ ရာထူးလွှဲပြောင်းအပ်နှံပွဲမှာတွေ့ရစဥ်။ (အောက်တိုဘာ ၁၊ ၂၀၂၄)

စစ်ဒဏ်ခံနေရတဲ့ ယူကရိန်းကိုပံ့ပိုးပေးဖို့ကိစ္စဟာ ထိပ်တန်းဦးစားပေးဖြစ်ပြီး NATO အဖွဲ့ရဲ့ အင်အားအကြီးဆုံးအဖွဲ့ဝင်ဖြစ်တဲ့ အမေရိကန် နိုင်ငံမှာ ဘယ်အစိုးရပဲ တက်လာလာ လက်တွဲဆောင်ရွက်မှာဖြစ်ကြောင်း NATO အတွင်းရေးမှူးချုပ်သစ် Mark Rutte က ကတိပေးလိုက်ပါတယ်။

ယူကရိန်းနိုင်ငံမှာ ခိုင်မာတဲ့လွတ်လပ်ရေးမရှိရင် ဥရောပဒေသရဲ့ ဘေးအန္တရာယ်လုံခြုံမှုဟာ တာရှည်ခံမှာမဟုတ်ဘူးလို့NATO အတွင်းရေးမှူးချုပ်သစ် Mark Rutte က သူ့ရဲ့ ပထမဆုံးမိန့်ခွန်းမှာ ပြောကြားခဲ့တာပါ။ ဒါ့အပြင် ၂၀၀၈ ခုနှစ်ကNATO အဖွဲ့ ခေါင်းဆောင်တွေ ကတိထားခဲ့တဲ့အတိုင်း ယူကရိန်းကို NATO အဖွဲ့မှာလက်ခံဖို့အတွက် လုပ်ဆောင်မှာဖြစ်ကြောင်းလည်း ပြောပါတယ်။ ယူကရိန်းအတွက် ထောက်ပံ့ကူညီရမယ့် စားရိတ်ထက် ရုရှားသမ္မတ Vladimir Putin လုပ်ဆောင်မှုတွေကို ခွင့်ပြုလိုက်ရင် ပေးဆပ်ရမှာက ပိုကြီးမားမှာ ဖြစ်ကြောင်းလည်း သတင်းထောက်တွေကို ပြောပါတယ်။

Mark Rutte ဟာ လုံခြုံရေးဆိုင်ရာ ကမ္ဘာ့အကြီးဆုံးအဖွဲ့ကြီးဖြစ်တဲ့ မြောက်အတ္တလန်တိတ် စစ်ရေးမဟာမိတ် NATO အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg နုတ်ထွက်ခဲ့တဲ့ အောက်တိုဘာ ၁ ရက်၊ အင်္ဂါနေ့ကစပြီး အတွင်းရေးမှူးချုပ်တာဝန်ကိုယူခဲ့တာ ဖြစ်ပါတယ်။ Stoltenberg ဟာ ယူကရိန်းရဲ့ခရိုင်းမီးယားကျွန်းဆွယ်ဒေသကို ရုရှားကျူးကျော်သိမ်းပိုက်ခဲ့တဲ့ ၂၀၁၄ မှာ NATO ရဲ့ ထိပ်တန်း အရပ်ဘက်အရာရှိအဖြစ် တာဝန်ယူခဲ့တာဖြစ်ပြီး အခု Mark Rutte အတွင်းရေးမှူးချုပ် တာဝန်ယူချိန်မှာလည်း NATO အဖွဲ့ဟာ အကြီးမားဆုံး စိန်ခေါ်မှု တချို့နဲ့ ရင်ဆိုင်နေရချိန်ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ကမ္ဘာတလွှားမှာ မိတ်ဆွေတိုးအောင်လုပ်ဆောင်မှာဖြစ်တဲ့အပြင် ကာကွယ်ရေးအသုံးစရိတ်ကိုလည်း တိုးမြှင့်သုံးစွဲဖို့ရှိတယ်လို့ Mark က ပြောပါတယ်။

Forum

XS
SM
MD
LG