သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်သမ္မတ၊ ယူကရိန်းသမ္မတနဲ့ ဒေါ်နယ်ထရမ့်တို့ ပါရီမြို့မှာတွေ့ဆုံ


ယူကရိန်းသမ္မတ ဇယ်လင်းစကီး၊ ပြင်သစ် သမ္မတ မက်ခရွန်း၊ အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် တို့ကို ပါရီမြို့တော်က Notre-Dame ဘုရားရှိခိုးကျောင်း ပြန်ဖွင့်ပွဲမှာ တွေ့ရ။ ( 7th DEC, 2024 )
ယူကရိန်းသမ္မတ ဇယ်လင်းစကီး၊ ပြင်သစ် သမ္မတ မက်ခရွန်း၊ အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် တို့ကို ပါရီမြို့တော်က Notre-Dame ဘုရားရှိခိုးကျောင်း ပြန်ဖွင့်ပွဲမှာ တွေ့ရ။ ( 7th DEC, 2024 )

ပြင်သစ်နိုင်ငံကို ရောက်နေတဲ့ အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump၊ ယူကရိန်းသမ္မတ Volodymyr Zelenskiy တို့နဲ့ ပြင်သစ်သမ္မတ Emmanuel Macron တို့ စနေနေ့က ပါရီမြို့တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။

မီးဒဏ်သင့်ပြီး ၅ နှစ်လောက် ပိတ်ထားခဲ့ရတဲ့ ပါရီမြို့တော်က အထင်ကရ Notre-Dame ဘုရားရှိခိုးကျောင်းကြီး ပြန်လည် ပြုပြင် မွမ်းမံပြီးလို့ ကျင်းပတဲ့ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ဖို့ Trump နဲ့ Zelenskiy တို့ ပြင်သစ်ကို ရောက်နေကြတာဖြစ်ပြီး ဖွင့်ပွဲ အခမ်းအနားမတိုင်ခင်မှာ ခေါင်းဆောင် ၃ ဦး တွေ့ဆုံကြတာ ဖြစ်ပါတယ်။

အယ်လီဇေး Elysee Palace သမ္မတ အိမ်တော်မှာ မိနစ် ၃၀ လောက်ကြာလောက် သူတို့သုံးဦး တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ Donlad Trump အတွက်တော့ ပြီးခဲ့တဲ့ နိုဝင်ဘာ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးနောက်ပိုင်း ပထမဆုံး နိုင်ငံခြား ခရီးစဉ်ဖြစ်ပါတယ်။


သမ္မတတာဝန် တရားဝင် လွှဲပြောင်း မယူရသေးပေမဲ့လို့ ယူကရိန်းစစ်ပွဲ အပါအဝင် နိုင်ငံတကာ ပဋိပက္ခတွေ ဖြေရှင်းကိုင်တွယ်ဖို့ ကြိုးပမ်းမှုတွေနဲ့ ကမ္ဘာ့စင်မြင့်ထက် Trump ပြန်ရောက်လာတာလည်း ဖြစ်ပါတယ်။

ပါရီမြို့တော်က Notre Dame Cathedral ဘုရားရှိခိုးကျောင်းကြီး ပြန်လည်ဖွင့်လှစ်တဲ့ အခမ်းအနားကိုတော့ ကမ္ဘာ့နိုင်ငံ အကြီးအကဲတွေ၊ ဥရောပတော်ဝင် မိသားစုဝင်တွေ တက်ရောက်ကြပါတယ်။

အမေရိကန်သမ္မတ Joe Biden ကိုလည်း အခမ်းအနားတက်ဖို့ ဖိတ်ကြားခဲ့ ပေမဲ့ တခြား အစီအစဉ် ရှိနေလို့ မသွားဖြစ်တဲ့အကြောင်း သမ္မတ အိမ်ဖြူတော် ပြောခွင့်ရက ပြောပါတယ်။ သမ္မတ မသွားနိုင်ပေမဲ့ သမ္မတကတော် Jill Biden က အမေရိကန်ပြည်ထောင်စု ကိုယ်စားပြုကိုယ်စား တက်ရောက်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG