သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အုန်းဖန်ပွဲစျေး ဗုံးကွဲမှု လူငယ်နှစ်ဦးကို ဖမ်းဆီး စစ်ဆေးနေ


အုန်းဖန်မြို့ စျေးပွဲတော် ဗုံးဖေါက်ခွဲရာမှာ ပါဝင်သူ လူငယ်နှစ်ဦး။ (Photo: Thai Police)
အုန်းဖန်မြို့ စျေးပွဲတော် ဗုံးဖေါက်ခွဲရာမှာ ပါဝင်သူ လူငယ်နှစ်ဦး။ (Photo: Thai Police)

မြန်မာနိုင်ငံနဲ့နယ်စပ် ထိုင်းနိုင်ငံ အုန်းဖန်မြို့မှာ စျေးပွဲတော် ကျင်းပနေချိန် ဗုံးပေါက်ကွဲလို့ လူ ၄ ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ ကျူးလွန်တဲ့ လူငယ်တွေကို ဖမ်းဆီးထားပြီး စစ်ဆေးနေတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ လူငယ်တွေအချင်းချင်း ရန်ငြှိုးရန်စနဲ့ အခုလို တိုက်ခိုက်ခဲ့တာလို့လည်း ပြောပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အုန်းဖန်မြို့နယ်အတွင်းမှာ နှစ်စဉ်ပြုလုပ်တဲ့ Doi Loi Fa ပွဲတော်မှာ လူထောင်ချီ ပျော်ပွဲရွှင်ပွဲ ပြုလုပ်နေတုန်း လူငယ် ၂ ဦးက ဗုံးဖေါက်ခဲွ တိုက်ခိုက်ခဲ့တာကြောင့် လူ ၄ ဦးသေဆုံးပြီး၊ ၅၃ ဦး ဒဏ်ရာတွေ ရခဲ့တာပါ။ ဒဏ်ရာပြင်းထန်ပြီး အရေးပေါ် ကုသမှု ခံယူနေရသူ ၆ ဦးရှိပါတယ်။

တာ့ခ်ခရိုင် အုန်းဖန်မြို့နယ်မှာလုပ်တဲ့ ဒိုင်လွိုင်ဖ ပွဲတော်ကို လူ ၈,၀၀၀ ကနေ ၉,၀၀၀ လောက်အထိ လာရောက် ဆင်နွှဲနေချိန် ဒီဇင်ဘာလ ၁၃ ရက်နေ့ ည ၁၁ နာရီ ၃၅ မိနစ်ခန့်က ခုလို ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။

ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့တဲ့ လူငယ် ၂ ဦးကတော့ အသက် ၁၆ နဲ့ ၁၇ နှစ်အရွယ် ဂျိုရီတူးနဲ့ ဒီးဒီး ဆိုတဲ့ ကရင်လူငယ်တွေပဲဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ တာ့ခ်ခရိုင် ရဲတပ်ဖွဲ့မှူး Mr.Samrit Emkamol (ဆမ်ရစ် အမ်ကမွန်)က ထိုင်းဘာသာနဲ့ အခုလို ပြောဆိုသွားပါတယ်။

" ဒီးဒီး ဆိုတဲ့ လူငယ်က ကေအမ်ယူ အသိုင်းအဝိုင်းက ဖြစ်တယ်၊ လူငယ်ချင်း စကားများ ရန်ဖြစ်ထားတဲ့ ရန်ငြှိုးနဲ့ အခုလို ကလဲ့စားချေ တိုက်ခိုက်ခဲ့တာပါ။ အမှုကတော့ ထိုင်းနယ်မြေထဲမှာ ဖြစ်ပွားခဲ့အတွက် ထိုင်းဥပဒေအရ ဆက်လက် စစ်ဆေး အရေးယူသွားမယ်။ " လို့ ပြောဆိုသွားပါတယ်။


အသက် ၁၇ နှစ်အရွယ် ဂျိုရီတူး၊ ၁၆ နှစ်အရွယ် ဒီးဒီးတို့ဟာ ပြီးခဲ့တဲ့ တန်ဆောင်တိုင်ပွဲတော်အတွင်း လူငယ်အုပ်စုချင်း စကားများ ရန်ဖြစ်ထားခဲ့တဲ့ဖြစ်ရပ်ကို မကျေမနပ်ဖြစ်ပြီး အခုပွဲတော်အတွင်းမှာ သူတို့နဲ့ ရန်ဖြစ်ထားတဲ့ လူငယ်အုပ်စုတွေ ကခုန်နေတဲ့နေရာအတွင်းကို လက်ပစ်ဗုံးနဲ့ ပစ်ပေါက် တိုက်ခိုက်ခဲ့တာလို့ ရဲတပ်ဖွဲ့ရဲ့ သတင်းမှာ ဖေါ်ပြထားပါတယ်။

အခင်းဖြစ်ပွားတဲ့အချိန် CCTV ရုပ်သံ မှတ်တမ်းတွေကို ရဲတပ်ဖွဲ့က စစ်ဆေးပြီး ဗုံးခဲွ တိုက်ခိုက်ခဲ့တဲ့ လူငယ်၂ ဦးကို ဖမ်းမိခဲ့ပြီလို့ ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

တာ့ခ်ခရိုင် အုန်းဖန်မြို့နယ်အတွင်းမှာလုပ်တဲ့ ဈေးပွဲတော်အတွင်း ဗုံးခဲွတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ကျူးလွန်သူ လူငယ်တွေကို ဖမ်းဆီးပြီး ဆက်လက် စစ်ဆေးနေတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ် Ms.Paetongtarn Shinawatra ပေထုံတန် ရှင်နာဝပ် ကလည်း ဝမ်းနည်းကြောင်းပြောဆိုခဲ့ပြီး နောက်ထပ် စျေးပဲွတော်တွေမှာ လုံခြုံရေးကို ပိုမိုတင်းကြပ်စွာလုပ်ဆောင်ဖို့ သတိပေးခဲ့ပါတယ် ။

ထိုင်းသတင်းတွေထဲမှာ ကေအန်ယူ အသိုင်းအဝိုင်းကဖြစ်တယ်လို့ ပြောဆိုချက်အပေါ် ကရင်အမျိုးသားအစည်းအရုံး KNU က အခုလို အကြမ်းဖက်မှုတွေကို လက်မခံကြောင်း ရှုတ်ချကြောင်း ပြောဆိုခဲ့ပြီး ထိုင်းနိုင်ငံနဲ့အတူ အမှုမှန်ပေါ်ပေါက်ရေး ပူးပေါင်းဆောင်ရွက်သွားဖို့ သဘောထားရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG