သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်လူငယ်ပစ်ခတ်ခံရမှု တရားမျှတမှုလိုလားကြောင်း ယူတီကာကရင်လူမှုအဖွဲ့ တောင်းဆို


အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ယူတီကာ (Utica) မြို့မှာ နေထိုင်သူ အသက် (၁၃) နှစ်အရွယ် ကရင်လူငယ် Nyah Mway
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ယူတီကာ (Utica) မြို့မှာ နေထိုင်သူ အသက် (၁၃) နှစ်အရွယ် ကရင်လူငယ် Nyah Mway

နယူးယောက်ပြည်နယ် Utica (ယူတီကာ) မြို့က ၈ တန်းကျောင်းသား ကရင်တိုင်းရင်းသား မောင်ညမွှေးကို ရဲက လမ်းပေါ်မှာမေးမြန်းစစ်ဆေးစဥ် ရဲတပ်ဖွဲ့ဝင်တဦးရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားရတဲ့ဖြစ်ရပ်အတွက် အမှုမှန်ပေါ်ပေါက်စေချင်ပြီး တရားမျှတမှုရဖို့ လိုလားကြောင်း ယူတီကာမြို့ ကရင်လူမှုအဖွဲ့အစည်းက တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ညက ပစ်ခတ်မှုအတွင်း ရဲတွေရဲ့လုပ်ရပ်က မှန်ကန် မျှတမှုရှိရဲ့လားဆိုတာကို ရဲတပ်ဖွဲ့အတွင်းမှာရော နယူးယောက်ပြည်နယ် ရှေ့နေချုပ်ရုံးကပါ စုံစမ်းစစ်ဆေးနေချိန်မှာ ခုလို တောင်းဆိုလိုက်ကြတာပါ။ ကိုဉာဏ်ဝင်းအောင်က မေးမြန်း တင်ဆက်ထားပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် Utica ယူတီကာမြို့က အသက် ၁၃ နှစ်အရွယ် ကရင်တိုင်းရင်းသား မောင်ညမွှေး သေဆုံးခဲ့တဲ့ဖြစ်ရပ်မှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ဆောင်ချက်ဟာ လုပ်ပိုင်ခွင့်အာဏာကို အလွန်အကျွံသုံးခဲ့တယ်လို့ သုံးသပ်မိတဲ့အတွက် မောင်ညမွှေးသေဆုံးမှုအတွက် တရားမျှတမှုရစေလိုကြောင်း ယူတီတာမြို့ ကရင်လူမှုအဖွဲ့အစည်းရဲ့ ဒုဥက္ကဋ္ဌ စောဒန်နီရယ်က ပြောပါတယ်။

"ကျနော်တို့ အဓိက တောင်းဆိုချင်တာကတော့ Justice for Nyah Mway ၊ တရားဥပဒေ စီရင်ချက်ကို မှန်မှန်ကန်ကန် ချမှတ်ဖို့။ ဆိုလိုတာက ဒီ လုပ်ပိုင်ခွင့်အာဏာကိုပေါ့နော်၊ ဥပဒေကို အလွဲသုံးစားလုပ်တဲ့ ရဲတွေကိုပေါ့နော်၊ ထိုက်သင့်တဲ့ ပြစ်ဒဏ်.. ထောင်ဒဏ်ဆိုလည်း ထောင်ဒဏ်ပေါ့၊ အဲဒါတွေ ချမှတ်ဖို့။ ဒီရဲတွေ နောက်ပိုင်း အဲဒီလိုမျိုး နောက်ထပ် ဘယ်နေရာမှာမှ မလုပ်ဖို့ရယ်၊ ပြီးလို့ရှိရင် ဒီစုံစမ်း စစ်ဆေးမှုတွေကိုပေါ့ဗျာ။ ကျနော်တို့ ပြည်သူလူထုကို ပွင့်လင်းမြင်သာစွာနဲ့ ချပြဖို့ ရှင်းပြဖို့ပေါ့ဗျာ။ ကျနော်တို့မြို့မှာရှိတဲ့ သက်ဆိုင်သူတွေနဲ့ ထိတွေ့ဆက်ဆံနေရတဲ့အပေါ်မှာကတော့ သူတို့က တလေးတစားတော့ ရှိပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ကျနော်တို့အပေါ် သူတို့ရဲ့အမြင်တွေကတော့ ဘယ်လိုပြောမလဲ .. မသိမသာ ခွဲခြားဆက်ဆံမှုတွေ ရှိတယ်။ ဒါကတော့ ကျနော့်ရဲ့ သုံးသပ်ချက်ပေါ့နော်။"

ယူတီကာ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကတော့ မောင်ညမွှေးလက်ထဲမှာ သေနတ်တွေ့ရှိတာကြောင့် ပစ်ခတ်လိုက်ရတာ ဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ မြို့ခံတွေကို ရှင်းပြခဲ့ကြောင်း စောဒန်နီရယ်က ဆိုပါတယ်။

"အဲဒီ ကောင်လေးဆီမှာ သေနတ်တွေ့တယ်၊ သေနတ်ထုတ်တာ တွေ့တဲ့အတွက်ကြောင့်မို့လို့ ရဲက သူ့ကို လုံးထွေးပြီးဖြစ်နေတဲ့အချိန်မှာ အဲဒီမှာ သူတို့ရဲထဲက သေနတ်တချက် ပစ်တယ်ပေါ့နော်။ သေနတ်နဲ့ပစ်ခံရပြီး မကြာခင်မှာ ဆေးရုံရောက်ပြီးတော့ ကျနော်တို့ရဲ့ညီလေး ညမွှေးက ဆုံးသွားတယ်ပေါ့နော်။ သူတို့ သတင်းစာရှင်းလင်းပွဲလုပ်တဲ့အချိန်မှာ သူတို့ဘာပြောလဲဆိုတော့ ကျနော်သတိထားမိတာက − ဒီကောင်လေးက ရဲတွေကို သေနတ်နဲ့ချိန်တယ်ပေါ့နော်။ ဒါကတော့ သူတို့ဘက်က ထင်မြင်ယူဆချက်ပေါ့။ ဒါပေမယ့် ကျနော်တို့ဘေးကနေပြီးတော့ bystander ပေါ့ (အဲဒီမြင်ကွင်းကိုမြင်တဲ့ လမ်းဘေးအိမ်ကနေ) လှမ်းရိုက်ထားတဲ့ ဗွီဒီယိုအရ ကြည့်မယ်ဆိုရင် ဒီကလေးက ဗွီဒီယိုမှာ တွေ့ကြရတဲ့အတိုင်းပဲ။ မြေကြီးပေါ် ချော်လဲကျသွားတယ်၊ ကျသွားပြီးတော့ ပထမ ရဲတယောက်က အပေါ်ကနေဖိတယ်။ ဖိပြီးတော့ သူက လက်သီးနဲ့ထိုးတယ်။ ထိုးပြီးတော့ ဒုတိယရဲက ဝင်လာပြီးတော့ အနီးကပ် သေနတ်နဲ့ပစ်တာပေါ့နော်။ ဒါက အနီးအနား ဘေးအိမ်ကနေ bystander ရိုက်ထားတဲ့ ဗွီဒီယိုမှာ ကျနော်တို့ တွေ့ရတာပေါ့နော်။"

ရဲတပ်ဖွဲ့ဝင်တွေကို ချိန်ရွယ်ခဲ့တဲ့သေနတ်ဟာ အစစ်နီးပါးတူတဲ့ Glock 17 Gen 5 ပြောင်းတိုသေနတ်အတုဖြစ်ကြောင်း နောက်ပိုင်း စုံစမ်း စစ်ဆေးမှုတွေမှာ သိရှိခဲ့တာပါ။

Donovan အလယ်တန်းကျောင်းကနေ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကမှ ၈ တန်းအောင်မြင်ခဲ့ပြီး လာမယ့်စက်တင်ဘာလမှာ အထက်တန်းတက်ဖို့ ပြင်ဆင်နေတဲ့မောင်ညမွှေးရဲ့ဖြစ်ရပ်အတွက် ဝမ်းနည်းကြေကွဲရကြောင်းနဲ့ ရဲတွေရဲ့လုပ်ရပ်က လိုတာထက် အင်အားပိုသုံးခဲ့တယ်လို့ မြင်ရကြောင်းလည်း စောဒန်နီရယ်က ရှင်းပြပါတယ်။

"တကယ်ပဲ ဝမ်းနည်းကြေကွဲရတယ်။ ဒီကလေးတယောက်ကို ရဲ ၃ ယောက်ကနေပြီးတော့ အပေါ်ကနေပြီးလည်း ဖိထားတယ်၊ ထိုးတယ်။ အဲဒါမကသေးဘူး၊ ဒီလောက်လဲကျနေတဲ့ကလေးကို အနီးကပ် သူတို့က သေနတ်နဲ့ပစ်သတ်တယ်ဆိုတာကတော့ သာမန်လူသား တယောက်အနေနဲ့ ..စဥ်းစားဉာဏ်ရှိတဲ့ လူသားတယောက်အနေနဲ့ ကျနော်တို့အားလုံး ဆုံးဖြတ်နိုင်ပါတယ်။ Common sense အရ ကြည့်မယ်ဆိုရင် ဒါ ဒီလိုမျိုး ပစ်သင့်လား မပစ်သင့်ဘူးလားဆိုတာ ကျနော်တို့အားလုံး သိတာပဲ။ ဒီကလေးက မြေကြီးပေါ် လဲကျနေပြီ။ သူတို့ထဲကတယောက်က ဖိထားနေပြီ၊ တကယ်တမ်းပြောရရင် သူတို့ကိုယ်လုံးကြီးနဲ့ သူတို့အားနဲ့ ဒီကလေးကို ချုပ်နိုင်နေပြီ၊ ပွင့်ပွင့်လင်းလင်းပြောရရင် သေနတ်နဲ့တော့ မပစ်သင့်ဘူး။ ဒီလောက်ထိ သေနတ်နဲ့ ထုတ်ပစ်ရလောက်အောင် မဖြစ်သင့်ဘူးလို့ ကျနော်မြင်ပါတယ်။ ရဲကထုတ်ပြန်တဲ့သတင်းမှာ ဘာပြောလဲဆိုရင် ဒီသေနတ်က လေသေနတ်ပေါ့နော်၊ Pellet Gun လို့ ခေါ်တယ်လေ။ ကလေးကစားတဲ့ လေသေနတ်ပေါ့။ သူတို့ပြောပြချက်အရတော့ ဒီသေနတ်က တကယ့်သေနတ်လို ပုံပေါ်တယ်ပေါ့နော်၊ ဒါပေမဲ့ တကယ်တမ်းကြည့်တော့ တကယ့်သေနတ်လားဆိုတော့ တကယ့်သေနတ် မဟုတ်ဘူး။"

တိုက်ရိုက် လင့်ခ်

ယူတီကာမြို့ရဲတပ်ဖွဲ့ အထူးစုံစမ်းစစ်ဆေးမှုအဖွဲ့ကနေပြီးတော့ ဒီသေနတ်ပစ်ခတ်မှု ဖြစ်စဥ်ကို စုံစမ်းနေဆဲဖြစ်ပြီး တချိန်တည်းမှာပဲ နယူးယောက်ပြည်နယ် ရှေ့နေချုပ်ရုံးကလည်း ယူတီကာရဲတပ်ဖွဲ့ဝင်တွေရဲ့ ပြုမှုချက်တွေက မှန်ကန်မှုရှိမရှိ သီးသန့်လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။

မောင်ညမွှေးဟာ ထိုင်းနယ်စပ် ကရင်ဒုက္ခသည်စခန်းမှာ မွေးဖွားကြီးပြင်းခဲ့ပြီး အမေရိကန်ကိုရောက်လာတာ ၇ နှစ်ကျော် ၈ နှစ် လောက်ရှိပြီလို့ သိရပါတယ်။ လောလောဆယ် သူ့ရုပ်အလောင်းကို ယူတီကာမြို့ Court Street မှာရှိတဲ့ အအေးတိုက်မှာထားရှိပြီး ဇူလိုင်လ ၆ ရက်၊ စနေနေ့မှာ သင်္ဂြိုဟ်မယ်လို့သိရပါတယ်။

Forum

XS
SM
MD
LG