သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်းအမျိုးသမီးများ တရုတ်လူကုန်ကူးဂိုဏ်းတွေရဲ့ ပစ်မှတ်ထားခံရ


ရှမ်း/ကချင်ဒေသက အမျိုးသမီးများ (Photo Courtesy : KWAT)
ရှမ်း/ကချင်ဒေသက အမျိုးသမီးများ (Photo Courtesy : KWAT)

မြန်မာနိုင်ငံတဝန်းက အမျိုးသမီးတွေ တရုတ် လူကုန်ကူးဂိုဏ်းတွေရဲ့ ပစ်မှတ်ထားခံနေရပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ စိုးရိမ်စရာ ကျယ်ကျယ်ပြန့်ပြန် ဖြစ်လာနေပြီလို့ ကချင်နဲ့ ရှမ်းမြောက်က အရပ်ဘက်အဖွဲ့အစည်းတချို့က ထုတ်ပြန်ပြောဆိုပါတယ်။ တရုတ်အစိုးရအနေနဲ့ ဒီလို လူကုန်ကူးမှုကိစ္စတွေကို နယ်မြေစိုးမိုးထားတဲ့ တိုင်းရင်းသား အင်အားစုတွေနဲ့ ဆွေးနွေးပြီး အကာအကွယ်ပေးနိုင်တဲ့ ယန္တရားတခုကို ဖန်တီးပေးသင့်တယ်လို့ ကချင်အမျိုးသမီးအစည်းအရုံးက အကြံပြုပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့သတင်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံထဲမှာ ဇနီးမယားအဖြစ် အတင်းအဓမ္မ ရောင်းစားခံရသူတွေထဲမှာ မြန်မာနိုင်ငံအောက်ပိုင်းက အမျိုးသမီးတွေအထိ ပါဝင်လာပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ စိုးရိမ်စရာ ကျယ်ကျယ်ပြန့်ပြန် ဖြစ်နေတယ်လို့ ကချင်အမျိုးသမီးအစည်းအရုံး KWAT(ထိုင်းနိုင်ငံ)က ဒီဇင်ဘာလ ၁၉ ရက်မှာ အစီရင်ခံစာ တစောင် ထုတ်ပြန်ပါတယ်။

သူတို့အဖွဲ့အစည်းတခု အနေနဲ့တောင် တနှစ်ကို အမျိုးသမီး အယောက် ၅၀ နီးပါးလောက်ကို ကယ်တင်ပေးနေရကြောင်း KWAT ရဲ့ ပြောရေးဆိုခွင့်ရှိသူ San Htoi ကပြောပါတယ်။ ကလေးမွေးဖွားနိုင်တဲ့ အရွယ်ကနေ ၅၅ နှစ်ဝန်းကျင်အထိ ရောင်းစားခံနေရကြောင်း သူက ဗွီအိုအေကို ပြောပါတယ်။


" များသောအားဖြင့် (တရုတ်မှာ) ကလေးမွေးပြီးပေမဲ့လည်း သူတို့ ဇနီးမယားအဖြစ် ဆက်ရှိနေတာလည်း ရှိတယ်။ တချို့ကျတော့ ကလေးမမွေးဘဲနဲ့ လှောင်ပိတ်ခံရတဲ့ နေရာက လွတ်လာသူလည်း ရှိတယ်။ တချို့ကျလည်း ပုလိပ်တွေက လုံခြုံရေးအရ တခုခု စစ်ဆေးရင်းနဲ့ လာတဲ့အချိန်မှာ အော်ပြောပြီးမှ ပုလိပ်တွေက ခေါ်ထုတ်ခဲ့တဲ့ဟာတွေလည်း ရှိတယ်။ ဆိုတော့ များသောအားဖြင့်က ထွက်ပြေးတာ ပိုများတယ်ပေါ့။ ရှာတွေ့တဲ့ လမ်းကြောင်းတွေအပေါ်မှာ ဒီအတိုင်း ထွက်ပြေးရင်း လွတ်လာတဲ့ အမျိုးသမီးတွေက ပိုများပါတယ်။"

တရုတ်နယ်စပ်မှာ မြန်မာအစိုးရရဲ့ လူကုန်ကူးတားဆီးရေး လုပ်ငန်းတွေက မရှိတော့ပါဘူး။ တရုတ်အစိုးရအနေနဲ့ ဒီလို လူကုန်ကူးမှုကိစ္စတွေကို နယ်မြေစိုးမိုးထားတဲ့ တိုင်းရင်းသား အင်အားစုတွေနဲ့ ဆွေးနွေးပြီး အကာအကွယ်ပေးနိုင်တဲ့ ယန္တရားတခုကို ဖန်တီးပေးသင့်တယ်လို့ ကချင်အမျိုးသမီးအစည်းအရုံးက San Htoi က ပြောခဲ့တာပါ။

ကိုဗစ်နဲ့ စစ်ကောင်စီ အာဏာ စပြီးသိမ်းချိန်မှာ တရုတ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ စပြီး ကြီးထွားလာပါတယ်။ နောက်ပိုင်းမှာ ဒီလုပ်ငန်းတွေက အမျိုးသမီးတွေကို လုပ်ငန်းမှာ အသုံးချဖို့ အများအပြားခေါ်ယူခဲ့ပါတယ်။ အခုဆိုရင် တရုတ်နယ်စပ်မြို့ စက်ရုံတွေမှာ လုပ်သားလိုအပ်ချက် များလာပါတယ်။

လူကုန်ကူးမှုဆိုတာ
please wait

No media source currently available

0:00 0:03:38 0:00


တချို့အထည်ချုပ် စက်ရုံတွေက မြန်မာနိုင်ငံထဲကနေ ရွှေ့ပြောင်းသွားကြတာလို့ အလုပ်သမားရေး အဖွဲ့အစည်းတချို့က ပြောပါတယ်။ ဒီစက်ရုံတွေမှာ လစာပိုရတဲ့အတွက် စက်ချုပ်ကျွမ်းကျင်တဲ့ အမျိုးသမီးအများအပြား တရုတ်နယ်စပ် မူဆယ်မြို့မှာ ရောက်နေကြပါတယ်။ သူတို့က လူကုန်ကူးသူတွေရဲ့ အဓိက ပစ်မှတ်ဖြစ်နေကြောင်း မူဆယ်မြို့ အရပ်ဘက်အဖွဲ့တခုရဲ့ တာဝန်ခံက ပြောပါတယ်။

" ဒီမှာ သိန်းနဲ့ချီပြီး ဒုက္ခရောက်နေတယ်။ ဒါက လက်ရှိ ကျနော်တို့ မျက်မြင်ပေါ့ တွေ့နေရတာ။ များသောအားဖြင့် သိန်းသန်းချီ ကားကြီးဝင်းထဲမှာ ဒုက္ခရောက်တဲ့ အလုပ်သမားတွေ အများဆုံးရှိတယ်၊ နောက် တခြားရပ်ကွက်တွေပေါ့နော်၊ အင်အားနဲ့ကြည့်မယ်ဆိုရင် (တရုတ်ထဲဝင်ဖို့ စောင့်နေသူတွေ) သုံးသိန်းလောက် မှန်းတာပဲ။ လုပ်ငန်း လိုအပ်တာတော့သိတယ် ဒါပေမဲ့ လုပ်ငန်းလိုအပ်တဲ့အပေါ်မှာ ပွဲစားတွေကို ယုံမှားပြီးတော့ (တရုတ်ထဲ)လာပြီး လုပ်မှာ စိုးရိမ်တာ။ ပွဲစားကလည်း ရှေ့လသွင်းမယ် နောက်လသွင်းမယ်နဲ့ တချို့လည်း လမ်းစရိတ်မရှိလို့ မပြန်နိုင်တာတွေရှိတယ်။ တချို့ကျ စောင့်ခိုင်းတဲ့ရက်အထိ စောင့်တယ်၊ မစောင့်ရင်လည်း ပြန်လျော်ရမဲ့အပိုင်းတွေ ရှိတယ်။"

မြန်မာနိုင်ငံက အမျိုးသားတွေလည်း လူကုန်ကူးခံရသူတွေထဲမှာ ပါနေပါတယ်။ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ အွန်လိုင်းရာဇဝတ်လုပ်ငန်း ဒီလိုနေရာတွေမှာ အသုံးချဖို့ အမျိုးသားတွေကိုလည်း တရုတ်လူကုန်ကူးသူတွေက ဝယ်ယူကြပါတယ်။ မြန်မာအမျိုးသမီး အများစုက တရုတ်အမျိုးသား လယ်သမားတွေအတွက် ဇနီးမယားအဖြစ် လူကုန်ကူးခံကြရတာပါ။ အဲဒီ လယ်သမားမိသားစုအိမ်မှာ ပိတ်လှောင်ခံရပြီး လိင်ပိုင်းဆိုင်ရာ အတင်းအဓမ္မ ပြုကျင့်ခံရတဲ့ နှိပ်စက်ခံရတဲ့ ဖြစ်ရပ်တွေ ရှိနေတယ်လို့ ကချင်အမျိုးသမီးအစည်းအရုံးရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

Forum

XS
SM
MD
LG