သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီအွန်လိုင်းလိမ်လည်ဂိုဏ်း အရေးယူကိုင်တွယ်ဖို့ ထိုင်းအတိုက်အခံအမတ် တိုက်တွန်း 


 မြဝတီအွန်လိုင်းလိမ်လည်ဂိုဏ်းမှာ ပိတ်မိနေတဲ့ မိုရိုကိုနိုင်ငံသား ၁၂ ယောက်ကို ကယ်ဆယ်လာပုံ။
မြဝတီအွန်လိုင်းလိမ်လည်ဂိုဏ်းမှာ ပိတ်မိနေတဲ့ မိုရိုကိုနိုင်ငံသား ၁၂ ယောက်ကို ကယ်ဆယ်လာပုံ။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့ကတဆင့် မြန်မာဘက် မြဝတီအွန်လိုင်းလိမ်လည်ဂိုဏ်းတွေ လောင်းကစားဝိုင်းတွေမှာ နိုင်ငံတကာက နိုင်ငံခြားသားတွေရောင်းစားခံရတာ၊ အတင်းအကြပ်အလုပ်စေခိုင်းခံရတာတွေ ခပ်စိတ်စိတ်ဖြစ်လာပြီးတဲ့နောက် ဒီပြဿနာကိုဖြေရှင်းဖို့ ထိုင်းအမျိုးသားလွှတ်တော် အတိုက်အခံအမတ်က ထိုင်းအစိုးရအနေနဲ့ဒီပြဿနာကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်ဖို့လိုအပ်လာပြီလို့ သတိပေးလိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရဲ့တဘက်ကမ်း ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးဒေသက ကာစီနိုရုံမှာပိတ်မိနေတဲ့ မော်ရိုကိုနိုင်ငံသား ၁၁ ဦးနဲ့ ဂျာမန်နိုင်ငံသား ၁ ဦးတို့ ဇူလိုင်လ ၅ ရက်နေ့က ပြန်လည်လွတ်မြောက်လာပြီးတဲ့နောက် အဲဒီနေရာတွေမှာရောင်းစားခံရသူတွေ၊ လိမ်လည်ဂိုဏ်းတွေမှာ အတင်းအကြပ်စေခိုင်းခံရသူတွေကို ထိုင်းပြည်သူတွေနဲ့ ထိုင်းလွှတ်တော်အမတ်တွေက ပိုပြီးသတိပြုမိလာပါတယ်။ ဒီအတွက် ထိုင်းသတင်းဌာနတွေမှာလည်း ဒီသတင်းတွေကို အကျယ်တဝင့် ဖော်ပြလာကြပါတယ်။

ထိုင်းနိုင်ငံကို တထောက်နားနေရာအဖြစ်ထားပြီး နယ်စပ်ဖြတ်ကျော်ကာ လူကုန်ကူးနေတာတွေ၊ အွန်လိုင်းလိမ်လည်ဂိုဏ်းတွေ ကြီးထွားလာနေတာတွေက အန္တရာယ်ရှိလာတဲ့အတွက် အဲဒီပြဿနာကို ဖြေရှင်းဖို့ ထိုင်းအစိုးရက ပြတ်ပြတ်သားသားလုပ်ဖို့ ထိုင်းအတိုက်အခံအမတ် နိုင်ကမ်နဝီဆစ်စမ်းက ထိုင်းဘာသာနဲ့ အခုလိုသတိပေးပြောကြားပါတယ်။

"အခုချိန်မှာ ထိုင်းအစိုးရအနေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းတွေကို နိုင်ငံတကာ အစိုးရတွေနဲ့ပူးပေါင်းပြီး ပိုမိုထိရောက်တဲ့ကယ်တင်မှု၊ အရေးယူမှုတွေကို ပြတ်ပြတ်သားသား လုပ်ရတော့မယ့်အချိန်ရောက်ပါပြီ၊ အခုလို လူကုန်ကူးမှုတွေ ဘယ်ကလာတယ်ဆိုတာတွေနဲ့ တရားမဝင် ငွေမည်းခဝါချတဲ့လမ်းကြောင်းတွေ၊ အချက်အလက်အားလုံး ကျနော်တို့ မှာသက်သေအထောက်အထားနဲ့တကွ ရှိနေပါတယ်။"

ဒါကို ထိုင်းအစိုးရအနေနဲ့ အရေးယူမှု တွေပိတ်ဆို့မှုတွေကို လုပ်ဆောင်ရမယ်အချိန်တန်ပါပြီလို့ပြောသွားခဲ့ပါတယ် ။

အခုဆိုရင် ပြီးခဲ့တဲ့ နှစ်ကနေ ၂၀၂၄ဇူလိုင်လအထိ ၉လတာအတွင်းမှာ နယ်စပ်ဖြတ်ကျော်လို့ဖမ်းမိတဲ့နိုင်ငံခြားသား ၁၈၀၀ကျော်ရှိကြောင်း ထိုင်းအာဏာပိုင်တွေကိုကိုးကားပြီးထိုင်းသတင်းတွေမှာဖော်ပြကြပါတယ်။

တရားမဝင် နယ်စပ်ဖြတ်ကျော်ဖမ်းဆီးမှု ၄၆၁ မှုရှိပြီး နိုင်ငံခြားသား ၁,၈၄၃ ဦး ဖမ်းဆီးရတဲ့ထဲမှာ မြန်မာနိုင်ငံသားက ၁,၄၅၀ ဦး၊ တရုတ်နိုင်ငံသား ၁၉၁ ဦးပါဝင်ပါတယ် ။

မလေးရှား နိုင်ငံသား ၂၆ ဦး၊ ယူဂန္ဓာ နိုင်ငံသား၂၃ ဦး၊ အီသီယိုပီးယား နိုင်ငံသား၂၅ ဦး၊ ဗီယက်နမ်နိုင်ငံသား ၂၂ ဦး၊ လာအိုနိုင်ငံသား ၁၅ ဦး၊ ဩစတြေးလျနိုင်ငံသား ၇ ဦး၊ အမေရိကန်နိုင်ငံသား ၆ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ၆ ဦး၊ အိန္ဒိယနိုင်ငံသား ၆ ဦး၊ ထိုင်ဝမ်နိုင်ငံသား ၃ ဦး၊ ကင်ညာနိုင်ငံသား ၂ ဦး၊ ပါကစ္စတန်နိုင်ငံသား ၄ ဦး၊ မကြာသေးခင်ကလွတ်မြောက်လာတဲ့မော်ရိုကိုနိုင်ငံသား ၁၁ ဦးတို့ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၊ ဘေရွတ်၊ ဂျပန်၊ ယီမင် စတဲ့ နိုင်ငံသားတွေလည်း ပါဝင်တယ်လို့ လည်းထိုင်းအာဏာပိုင်တွေကဆိုပါတယ် ။

ပြန်လွတ်လာသူအများစုကတော့ တဦးကိုဘတ်ငွေတသိန်းကနေ နှစ်သိန်းကြားပေးပြီး ပြန်လည်ရွေးထုတ်မှသာ ပြန်လွတ်ကြတာများပါတယ်။ ဒီအတွက် နိုင်ငံတကာသံရုံးတွေက မြဝတီခရိုင်ထဲက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ညှိနှိုင်းပြီး သူတို့ နိုင်ငံသားတွေကို ပြန်ပြီးရွေးထုတ်ရတာများပါတယ်။ ထိုင်းလွှတ်တော်အမတ်တွေကတော့ ဒီပြဿနာဖြစ်နေတာကြာပြီမို့ အမြစ်ပြတ်ချေမှုန်းဖို့ အတွက်လိုအပ်နေပြီလို့လည်းပြောဆိုကြပါတယ်။

မြန်မာနိုင်ငံဘက်က အွန်လိုင်း Call center ဂိုဏ်းမှာ အတင်းအကြပ်စေခိုင်းခံနေရတဲ့ မော်ရိုကို နိုင်ငံသား ၁၅၀ ခန့်ရှိနေပြီး သူတို့လွတ်မြောက်ရေးကြိုးပမ်းနေတယ်လို့လည်း ထိုင်းလွှတ်တော်အမတ် နိုင် ရစီမန် (Mr Rangsiman Rome) ကလည်းဇူလိုင်လ ၅ ရက်နေ့တုန်းကပြောသွားပါတယ်။

မြန်မာနိုင်ငံအတွင်းကတရုတ် Call Center အွန်လိုင်းလိမ်လည်ဂိုဏ်းဟာ တကမ္ဘာလုံးကိုအန္တရယ်ပေး ခြိမ်းခြောက်နေတာဖြစ်ကြောင်းထိုင်းလွတ်တော်အမတ်တွေက သတင်းထောက်တွေကို ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG