သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေကုက္ကိုကို ဆက်သွယ်ရေးလိုင်းဖြတ်တောက်ပေမဲ့ လုပ်ငန်းလည်ပတ်ဆဲ


ရွှေကုက္ကိုလ်မြို့ကို ထိုင်းနိုင်ငံဘက်မှ လှမ်းမြင်ရပုံ (ဓာတ်ပုံ - BNI)
ရွှေကုက္ကိုလ်မြို့ကို ထိုင်းနိုင်ငံဘက်မှ လှမ်းမြင်ရပုံ (ဓာတ်ပုံ - BNI)

ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုမြို့နေရာကိုပေးနေတဲ့ ဆက်သွယ်ရေးလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေကို ထိုင်းနိုင်ငံဘက်က ထပ်မံဖြတ်တောက်လိုက်ပေမဲ့ လုပ်ငန်းလည်ပတ်မှုတွေကတော့ ရှိနေသေးကြောင်း ဒေသခံတွေကဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုမြို့နေရာကိုပေးနေတဲ့ ဆက်သွယ်ရေးလိုင်းများနဲ့ အင်တာနက်လိုင်းတွေကို ထိုင်းနိုင်ငံဘက်က ထပ်မံဖြတ်တောက်လိုက်ပေမဲ့ လုပ်ငန်းတွေကတော့ ဆက်ပြီး လည်ပတ်မြဲလည်ပတ်နေသလို ကာစီနိုရုံတွေကိုလည်း ထပ်ပြီးဆောက်နေတာ တွေ့နေရတယ်လို့ ဒေသခံတဦးကပြောပါတယ်။

"ရွှေကုက္ကိုရဲ့အခြေအနေက ဘယ်လိုလဲဆိုတော့ အင်တာနက်တွေက ၂၀၂၂ ခုနှစ်တုန်းက တကြိမ်ဖြတ်ခဲ့တယ်။ အခုလည်းတကြိမ်ထပ်ဖြတ်ထားတယ်။ ပထမတကြိမ်တုန်းကလည်း လျှပ်စစ်မီးတွေနဲ့အတူ အင်တာနက်လိုင်းတွေဖြတ်တယ်။ အင်တာနက်လိုင်းကလည်း ထိုင်းဘက်က အများကြီးရှိတယ်။ တလိုင်းကနေဖြတ်ရင် နောက်တလိုင်းပေးတယ်။ အခုကတော့ အစိုးရလိုင်းတွေကတော့ အကုန်လုံးဖြတ်ပစ်တယ်။ သူတို့ကတော့မီးစက်တွေမောင်း၊ ဆိုလာပြားတွေထောင်ပြီး အလုပ်လုပ်ကြတယ်။ မီးဖြတ်တော့လည်းအဲဒီလိုလုပ်တယ်။ အခုဆိုရင် ရွှေကုက္ကိုအပြင် ထိုင်းမြန်မာနယ်စပ်တလျှောက်မှာ ကာစီနိုရုံတွေက အများကြီးရှိတယ်။ ဒီအလုပ်ကြီးကရပ်သွားတာမဟုတ်ဘူး။ သူတို့က လည်ပတ်မြဲ လည်ပတ်တယ်။ တိုးချဲ့မြဲတိုးချဲ့ပြီး အဲဒီလိုအပိုင်းတွေဖြစ်တယ်။"

ထိုင်းဘက်က အင်တာနက်နဲ့ မိုဘိုင်းဖုန်း Signal ကေဘယ်လိုင်းတွေကို ဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံက National Broadcasting and Telecommunication Commission (အမျိုးသား အသံလွှင့်ဌာနနဲ့ ဆက်သွယ်ရေးကော်မရှင်) က မေလ ၉ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

တာ့ခ်ခရိုင် ဖွတ်ဖရမြို့နယ် မယ်လမမြို့နယ်ကနေတဆင့် မြန်မာဘက်ကိုပေးထားတဲ့ အင်တာနက် ကေဘယ်ကြိုးလိုင်းပေါင်း ၆၉ လိုင်း ရှိကြောင်းနဲ့ အခုလိုဆက်သွယ်ပေးထားတဲ့ အင်တာနက်လိုင်းက တာဝန်ရှိသူတွေအနေနဲ့ တရားမဝင်ပေးထားတာတွေကို ၁၅ ရက်အတွင်း အားလုံး ဖြတ်တောက်ရမယ်လို့ အကြောင်းကြားစာပို့ထားကြောင်း အမျိုးသား အသံလွှင့်ဌာနနဲ့ ဆက်သွယ်ရေးကော်မရှင်က ပြောထားပါတယ်။

အဓိကတော့ အွန်လိုင်းလိမ်လည်ဂိုဏ်းတွေနဲ့ လူကုန်ကူးနေတဲ့ ရာဇဝတ်ဂိုဏ်း၊ ရွှေကုက္ကိုလ်နဲ့ KK Park နေရာတွေကိုပေးထားတဲ့ အင်တာနက်နဲ့ဖုန်းလိုင်းတွေကို ထိုင်းဘက်က ဖြတ်တောက်လိုက်တာဖြစ်ပါတယ်။ အခုအခါမှာ အင်တာနက်ဖြတ်တောက်မှုတွေ အသက်ဝင်ပြီဖြစ်တာကြောင့် အဲဒီနေရာတွေဘက်က လူထုလည်း ထိုင်းဘက်ကအင်တာနက်လိုင်းတွေ Mobile Data တွေ မရတော့ဘူးလို့ဆိုပါတယ်။

မကြာသေးခင် ဧပြီလက မြဝတီမြို့မှာတိုက်ပွဲတွေဖြစ်အပြီး ရွှေကုက္ကိုမြို့သစ်က လောင်းကစားလုပ်ငန်းတွေကို အကာကွယ်ပေးထားတဲ့ နယ်ခြားစောင့်တပ်က ဖိအားပေးခံရတာတွေ ရှိလာပါတယ်။ ငွေလိမ်လုပ်ငန်းမှာ အဓိကပါဝင်သူတွေထဲ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ၃ ဦးပါဝင်တယ်လို့ United States Institute of Peace (USIP) အဖွဲ့က ဧပြီလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် အွန်လိုင်းလိမ်လည်ဂိုဏ်းတွေရဲ့လုပ်ငန်းတွေကတော့ အာဏာပိုင်တွေနဲ့ BGF တွေရဲ့အကူအညီနဲ့ ဆက်ပြီးလုပ်နေတာဖြစ်တယ်လို့လည်း ဒေသခံကဆိုပါတယ်။

"သူတို့က အစိုးရခေါင်ဆောင်တွေသိပြီး လုပ်နေတာပဲ။ အစိုးရစစ်ခေါင်းဆောင်တွေနဲ့ BGF တွေက သိနေတာပဲ။ ဒါတွေက ရပ်တန့်လို့မရဘူး။ လုပ်နေကြတာပဲ။"

၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ကနေစပြီး − အွန်လိုင်းလောင်းကစားလုပ်ငန်းတွေရှိရာ ရွှေကုက္ကိုမြို့သစ်နဲ့ အင်ကြင်းမြိုင်စတဲ့ နေရာတွေကို ထိုင်းနိုင်ငံဘက်က လျှပ်စစ်နဲ့အင်တာနက်လိုင်းတွေ ဖြတ်တောက်ခဲ့ပေမယ့် ၂၀၂၄ မတ်လမှာ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နေတာတွေ့ရတယ်လို့ ဒေသခံတွေကဆိုပါတယ်။ အခုအခါမှာတော့ ထိုင်းဘက်က တင်းတင်းကြပ်ကြပ်ကိုင်တွယ်ပြီး ဖြတ်တောက်ခဲ့တာဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG