သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းငွေလိမ်ဂိုဏ်းရဲ့ မြန်မာကိုပို့မယ့် ဘတ် သန်း ၈၀ မဲဆောက်မှာ ထိုင်းရဲဖမ်းမိ


Hybrid Scam အွန်လိုင်း လိမ်လည်ဂိုဏ်းက မြန်မာနိုင်ငံဘက်ကိုပို့မယ့် တရားမဝင်ငွေ ထိုင်းဘတ် သန်း ၈၀ ကို မြန်မာနယ်စပ် မဲဆောက်မြို့ ဟွေ့ဟာအူးစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိကြောင်း ထိုင်းရဲတပ်ဖွဲ့သတင်းစာရှင်းလင်းပွဲ။ (Crd:Thai Police/ ဧပြီ ၁၇၊ ၂၀၂၄)
Hybrid Scam အွန်လိုင်း လိမ်လည်ဂိုဏ်းက မြန်မာနိုင်ငံဘက်ကိုပို့မယ့် တရားမဝင်ငွေ ထိုင်းဘတ် သန်း ၈၀ ကို မြန်မာနယ်စပ် မဲဆောက်မြို့ ဟွေ့ဟာအူးစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိကြောင်း ထိုင်းရဲတပ်ဖွဲ့သတင်းစာရှင်းလင်းပွဲ။ (Crd:Thai Police/ ဧပြီ ၁၇၊ ၂၀၂၄)

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ်မှာ ထိုင်းဘက်ကနေ မြန်မာဘက်က အွန်လိုင်းလိမ်လည်ဂိုဏ်းတွေအတွက် ပို့ဆောင်မယ့် ဘတ်ငွေသန်း ၈၀ ဖမ်းမိခဲ့တယ်လို့ ထိုင်းမှုခင်းရဲတပ်ဖွဲ့က ဧပြီလ ၁၇ ရက်နေ့က ဘန်ကောက်မြို့မှာ သတင်းစာရှင်းလင်းခဲ့ပါတယ်။ ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်ဆက်နွယ်နေသူ ၂၆ ဦးကို ဖမ်းဝရမ်းထုတ်ပြီး လိုက်လံဖမ်းဆီးနေကြောင်းလည်း ပြောပါတယ်။ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ဟွေ့ဟာအူးစစ်ဆေးရေးဂိတ်မှာ မသင်္ကာရတဲ့ ပစ်ကပ်ကားငယ်တစီးကို စစ်ဆေးခဲ့ရာမှာ ကားပေါ်တင်လာတဲ့ ဆာလာအိတ် ငါးလုံးထဲမှာ ဘတ်ငွေသန်းပေါင်း ၈၀ ကို တွေ့ရှိသွားခဲ့ပြီး ကားမောင်းသူနဲ့အတူ အဖေါ်လိုက်ပါလာတဲ့ ထိုင်းနိုင်ငံသားနှစ်ဦးကိုပါ ဖမ်းဆီးလိုက်ကြောင်း ထိုင်းမှုခင်းရဲတပ်ဖွဲ့ သတင်းစာရှင်းပွဲမှာ ဒု-ရဲချုပ် Worawat nakornbancha (ဝါရဝပ် နကွန်ဘန်ချာ) ဦးဆောင်ပြီး ဧပြီလ ၁၇ ရက်နေ့မှာ သတင်းစာရှင်းပွဲလုပ်ခဲ့ပါတယ်။

"ဖမ်းမိခဲ့တဲ့ ဘတ်သန်း ၈၀ ဟာ ထိုင်းနိုင်ငံအတွင်းမှာ အခြေစိုက်ထားတဲ့ Hybrid Scam အွန်လိုင်း လိမ်လည်ဂိုဏ်းက လိမ်လည်ရရှိထားတဲ့ငွေတွေဖြစ်ပြီး ဒီငွေတွေကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကနေတဆင့် မြန်မာနိုင်ငံအထိ သယ်ဆောင်ဖို့ ယူဆောင်သွားစဉ် ရဲထိုင်းတပ်ဖွဲ့က မြန်မာနိုင်ငံအတွင်းမရောက်ခင် ကြားဖြတ် ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်" လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။

အမှုနဲ့ဆက်နွယ်နေတဲ့ အွန်လိုင်းလိမ်လည်ဂိုဏ်းဝင် ၄ ဦးကိုလည်း လိုက်လံဖမ်းဆီးနိုင်ခဲ့ကြောင်းနဲ့ တရားခံတွေထဲမှာ တရုတ်နဲ့စင်ကာပူနိုင်ငံသားတွေပါဝင် ကြောင်းကိုလည်းပြောဆိုသွားပါတယ်။ ဒါ့အပြင် တရားခံတွေရဲ့ဘဏ်ထဲကငွေ တွေ၊ အိမ်ခြံမြေတွေ၊ ကားတွေအပါအဝင် ဘတ်ငွေသန်း ၁၅၀ ကျော်လောက် တန်းဖိုးရှိတဲ့ငွေနဲ့ ပစ္စည်းတွေကိုလည်း ထပ်မံသိမ်းဆည်းနိုင်ခဲ့တယ်လို့ ဒုရဲချုပ်ကပြောဆိုပါတယ်။

အခုလို အွန်လိုင်းလိမ်လည်ဂိုဏ်းနဲ့ပတ်သက်နေသူ ၂၆ ဦးကိုလည်း ဖမ်းဝရမ်း ထုတ်ခဲ့ပြီး လိုက်လံဖမ်းဆီးနေတယ်လို့လည်းဆိုပါတယ်။ ဒီရက်ပိုင်းအတွင်း နိုင်ငံတဝန်းက ၇၂ နေရာမှာ တပြိုက်တည်းစစ်ဆေးခဲ့ပြီး ဘတ်ငွေ သန်း ၂၅၀ ကျော်ကို ထပ်မံသိမ်းဆည်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။

အခုလိုသိမ်းဆည်းခဲ့တဲ့ငွေတွေဟာ အွန်လိုင်းလိမ်လည်ဂိုဏ်းဝင်တွေက ထိုင်းပြည်သူတွေဆီက နည်းမျိုးစုံနဲ့ လိမ်လည် ဖြားယောင်းယူထားတာဖြစ်လို့ အလိမ်ခံရတဲ့ ပြည်သူတွေထံ စစ်ဆေးပြီး ပြန်ပေးမယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာထုတ်ပြန်ခဲ့ပါတယ်။

အွန်လိုင်းလိမ်လည်ဂိုဏ်းတွေ လောင်းကစားဝိုင်းတွေ လူကုန်ကူးမှုအပါအဝင် ရာဇဝတ်ဂိုဏ်းတွေအများအပြားရှိတဲ့ ကရင်ပြည်နယ် ရွှေကုက္ကိုမြို့သစ်နဲ့ဆက်စပ်နေတဲ့ အွန်လိုင်းလိမ်လည်ဂိုဏ်းကို ထိုင်းဘက်က အခုရက်ပိုင်းမှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။ ထိုင်းထဲမှာ အဖမ်းအဆီးတွေများနေတဲ့အတွက် အခုငွေကြေးတွေကို မြန်မာပြည်ကိုပို့ပြီး နေရာရွှေ့ထုတ်ဖို့လုပ်တုန်း မဲဆောက်မြို့မှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

မြန်မာဘက်က ရွှေကုက္ကိုမြို့က အွန်လိုင်းလိမ်လည်ဂိုဏ်းနဲ့ရာဇဝတ်မှုတွေလုပ်နေတဲ့နေရာမှာ မိသားစုဝင်တဦးရောင်စားခံရတဲ့ နယ်စပ်နေ မြန်မာအလုပ်သမား တဦးကတော့ အခုလို ရောင်းအစားခံရသူတွေကို ပြန်ရွေးထုတ်ဖို့ မတတ်နိုင်ခဲ့ ကြောင်းနဲ့ အဲဒီနေရာမှာ နယ်ခြားစောင့်တပ်တွ လုံခြံရေးယူထားတဲ့အတွက် လည်း အဲဒီလူတွေ ထွက်ပြေးလို့လည်းမရဘူးလို့ VOA ကို ပြောပါတယ်။

"အခုဟာက ကျနော်တို့အမျိုးထဲမှာကိုရှိပါတယ်။ အခုက ရွေးထုတ်မယ်ဆိုရင် ဈေးက အနည်းဆုံးဘတ်တသိန်းခွဲ၊ တသိန်းလောက်ထိ ရှိတယ်။ ရွေးထုတ်ရပါတယ်။ တသိန်းခွဲ သူတို့တောင်းလို့ ဘတ်တသိန်းပဲပေးရင်တောင်မလွတ်ပါဘူး။ အဲဒါတွေက BGF ပိုင်တဲ့နေရာချည်းပဲ။ အဲဒါသောင်ရင်းမြစ်တလျှောက်မှာ ရှိတယ်။ အပြင်ပေးထွက်ဖို့မလွယ်ဘူး။ လုံခြုံရေးတွေက တောက်လျှောက်ရှိတယ်။ ဂိတ်တွေအများကြီးရှိတယ်။ ရွှေကုက္ကိုနဲ့ သောင်ရင်းမြစ်တလျှောက်မှာတော့ BGF က လုံခြုံရေးတွေယူထားပြီး တိုက်တာအဆောက်အဦးဆောက်ထားတယ်။ ဝင်း ကြီးတွေထဲမှာ နိုင်ငံခြားသားတွေ၊ တရုတ်တွေကော၊ မြန်မာတွေကော၊ ထိုင်းတွေကော ကရင်တွေကော ရှိကြတယ်။ လူပေါင်းစုံခေါ်ပြီး အလုပ်ခိုင်းတဲ့သူတွေကိုလည်း အပြင်ပေးမထွက်ဘူး။ အဲဒီထဲမှာ သူတို့က လုံခြုံရေးအထပ်ထပ်ပိတ်ထားတယ်။"

မတ်လ ၃၁ ရက်နေ့တုန်းကလည်း မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီခရိုင် အတွင်းက ကျောက်ခက်ဆိုတဲ့ DKBA ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် ထိန်းချုပ်တဲ့နေရာမှာ ယူဂန်ဒါနိုင်ငံသား ၂၃ ယောက်ဟာ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေလုပ်နေတဲ့ ကုမ္ပဏီတွေမှာ ရောင်းစားခံထားရတဲ့အတွက် ယူဂန်ဒါသံရုံးက အကူညီတောင်းခဲ့တယ်လို့ DKBA ကပြောပါတယ်။ ဒီအတွက် DKBA က ကြားဝင်ညှိနှိုင်းခေါ်ဆောင်ပေးခဲ့ပြီး မတ်လ ၃၀ ရက်နေ့က သံရုံးတာဝန်ရှိသူတွေနဲ့ ထိုင်းအာဏာပိုင်တွေထံ ပြန်လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG