သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား သူပုန်ခေါင်းဆောင်ကို ဖမ်းဆီးရေး ဆုကြေး အမေရိကန် ပယ်ဖျက် 


အစ္စလာမ်မစ် လက်နက်ကိုင်အဖွဲ့ Hayat Tahrir al-Sham (HTS) ခေါင်းဆောင် Ahmad al-Sharaa
အစ္စလာမ်မစ် လက်နက်ကိုင်အဖွဲ့ Hayat Tahrir al-Sham (HTS) ခေါင်းဆောင် Ahmad al-Sharaa

အခုလ အစောပိုင်းက ဆီးရီးယားမှာ သမ္မတ ဘာရှား အယ်လ် အာဆတ်ကို ဖြုတ်ချခဲ့တဲ့ ဆီးရီးယားသူပုန်ခေါင်းဆောင်အပေါ် အရင်က ဖမ်းဆီးနိုင်ဖို့ ထုတ်ပြန်ထားတဲ့ ဆုကြေးငွေ ဒေါ်လာ ၁၀ သန်း ကို ပယ်ဖျက်လိုက်တယ်လို့ အမေရိကန် အစိုးရက သောကြာနေ့မှာ ကြေညာပါတယ်။

တချိန်က အယ်လ်ကိုင်းဒါးနဲ့ မဟာမိတ်ဖြစ်ခဲ့ဖူးတဲ့ အစ္စလာမ်မစ် လက်နက်ကိုင်အဖွဲ့ Hayat Tahrir al-Sham (HTS) ခေါင်းဆောင် Ahmad al-Sharaa နဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်သံတမန် Barbara Leaf တို့ ဒမတ်စကတ်မြို့တော်မှာ တွေ့ဆုံပြီးနောက် ဒီ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

HTS အဖွဲ့ကို ပြည်ပအကြမ်းဖက်အဖွဲ့အစည်းအဖြစ် အမေရိကန်က သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။ ဒီလို သတ်မှတ်မှုကြောင့် ထားရှိတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဖြေလျှော့ပေးမလား ဆိုတာကိုတော့ Leaf က မပြောပါဘူး။ ဒါပေမယ့် အယ်လ်ရှာရာက အကြမ်းဖက်ဝါဒကို စွန့်လွှတ်ဖို့ ကတိကဝတ်ပြုထားပြီး ဒါကြောင့် သူ့ကို ဖမ်းဆီးနိုင်ဖို့ ချီးမြှင့်မယ်လို့ ထုတ်ပြန်ထားတဲ့ ဆုကြေးကိုတော့ ရုပ်သိမ်းလိုက်တယ်လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။

“အမေရိကန်နဲ့ ဒေသတွင်းမှာရှိတဲ့ မိတ်ဖက်တွေကို ခြိမ်းခြောက် မယ့် အကြမ်းဖက်လုပ်ရပ်တွေကို ဆီးရီးယားပြည်တွင်းနဲ့ ပြည်ပမှာ မပြုလုပ်နိုင်စေဖို့ အရေးကြီးတဲ့ လိုအပ်ချက်တွေကို ဆွေးနွေးခဲ့ပါတယ်” လို့ Leaf က ပြောပါတယ်။ အယ်လ်ရှာရာက လူနည်းစုတွေနဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို အကာအကွယ်ပေးမှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့တာကို အမေရိကန် တာဝန်ရှိသူတွေက ကြိုဆိုခဲ့ကြပေမယ့် ရေရှည် လုပ်ဆောင် နိုင်မှု အပေါ် သံသယရှိနေဆဲလို့ ဆိုပါတယ်။

အာဆတ် ဖြုတ်ချပြီးနောက်ပိုင်း ပထမဆုံး အမေရိကန် သံတမန် ကိုယ်စားလှယ် အဖွဲ့ ဆီးရီးယားကို သွားခဲ့တာ ဖြစ်ပြီး ဆီးရီးယားမှာ ဂိုဏ်း ဂဏ အဖွဲ့ အားလုံးပါဝင်နိုင်တဲ့ အစိုးရတရပ် ပေါ်ထွန်းနိုင်ရေး တွန်းအားပေးဖို့နဲ့ ပျောက်ဆုံးနေတဲ့ အမေရိကန် သတင်းထောက် Austin Tice နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရှာဖွေဖို့ ရည်ရွယ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG