အမေရိကန်သမ္မတအဖြစ် ရက်ပြည့် တာဝန်ယူရတဲ့ ပထမဆုံးနေ့မှာပဲ သမ္မတ Trump ဟာ လွှတ်တော်ပိုင်းက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အောက်လွှတ်တော် ဥက္ကဌ မိုက်ဂျွန်ဆန်၊ အထက်လွှတ်တော် အမတ်အများစု ခေါင်းဆောင် ဂျွန်သွန်း၊ အောက်လွှတ်တော် အမတ် အများစု ခေါင်းဆောင် Steve Scalise၊ အထက်လွှတ်တော် လက်ထောက်ခေါင်းဆောင် John Barrasso နဲ့ အခြား ရီပါဘလီကန် ပါတီ ခေါင်းဆောင်တွေနဲ့ အင်္ဂါနေ့ နှောင်းပိုင်းမှာ တွေ့ဆုံခဲ့တာပါ။ ဦးစားပေး လုပ်ငန်းတွေကို သမ္မတနဲ့အတူ သတ်မှတ်ဖို့အတွက် ပါတီခေါင်းဆောင်ပိုင်းက ခုလို တွေ့ဆုံကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် အနာဂတ် မျှော်မှန်းချက်နဲ့ မကိုက်ညီတဲ့ ယခင် သမ္မတ ခန့်ထားခဲ့တဲ့ ဝန်ထမ်း ၁၀၀၀ ကျော်ကို ဖြုတ်မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ Truth လူမှု မီဒီယာ ကွန်ယက်မှာ အင်္ဂါနေ့ အစောပိုင်းက ပြောလိုက်ပါတယ်။ ဒီအထဲမှာ ထင်ရှားတဲ့ သူတွေဖြစ်ကြတဲ့ တမျိုးသားလုံးဆိုင်ရာ အခြေခံ အဆောက်အအုံ အကြံပေးကောင်စီ၊ အငြိမ်းစား ဗိုလ်ချုပ်ကြီး Mark Milley နဲ့ ပို့ကုန် ကောင်စီ က ယခင် အက်တလန်တာ မြို့တော်ဝန် Keisha Lance Bottoms တို့လည်း ပါဝင်ကြပါတယ်။
ယခင် သမ္မတဘိုင်ဒန် လက်ထက်တုန်းကလည်း ထရမ့် ပထမ သက်တမ်းမှာ ခန့်ထားခဲ့သူတွေကို တက်တက်ချင်း ရက်တွေမှာ ဖယ်ရှားခဲ့တာပါ။ အင်္ဂါနေ့မနက်တုန်းကတော့ ထုံးတမ်းစဥ်လာအရ သမ္မတ ထရမ့်ဟာ ဝါရှင်တန် အမျိုးသား ဘုရားကျောင်း ဝတ်ပြုပွဲကို တက်ရောက်ခဲ့ပါတယ်။
Forum