သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အစိုးရ မူဝါဒအပြောင်းအလဲတွေ သမ္မတအမိန့်နဲ့ ထရမ့်ထုတ်ပြန်


သမ္မတ အမိန့်ကြေညာချက်တွေ လတ်မှတ်ထိုးနေတဲ့ သမ္မတ Donald Trump (ဇန်နဝါရီ ၂၀၊ ၂၀၂၅)
သမ္မတ အမိန့်ကြေညာချက်တွေ လတ်မှတ်ထိုးနေတဲ့ သမ္မတ Donald Trump (ဇန်နဝါရီ ၂၀၊ ၂၀၂၅)

အမေရိကန်သမ္မတ Donald Trump ဟာ မနေ့ ဇန်နဝါရီ ၂၀ ရက်နေ့က ရာထူးလက်ခံရယူပြီး မကြာခင်မှာဘဲ သမ္မတ အမိန့်ကြေညာချက်တွေ ထုတ်ပြန်ပြီး WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ဥတုရာသီပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်တို့က နုတ်ထွက်တာအပြင် အမေရိကန်က နိုင်ငံတကာကိုပေးနေတဲ့ အကူအညီတွေကိုလည်း ယာယီ ဆိုင်းငံ့ထားလိုက်ပါတယ်။​

အဲဒီ သမ္မတ အမိန့်ကြေညာချက်တွေထဲက လူဝင်မှုကြီးကြပ်ရေးနဲ့ဆိုင်တဲ့ အမိန့်တွေကတော့ အမေရိကန်-မက္ကဆီနယ်စပ်ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာတာ၊ ခိုလှုံခွင့်လျှောက်ထားခွင့်နဲ့ အမေရိကန်မှာ မွေးဖွားတဲ့ ကလေးငယ်တွေ အလိုအလျောက် နိုင်ငံသားဖြစ်ခွင့်ရှိတာတွေကို ရပ်ဆိုင်းတာတွေ ပါဝင်ပါတယ်။​

ဒါ့အပြင် အမေရိကန်နိုင်ငံကို လာရောက်လိုသူတိုင်းကို အတင်းကြပ်ဆုံး စစ်ဆေး မေးမြန်းမှုတွေ လုပ်ဆောင်ဖို့၊ တချို့နိုင်ငံတွေက နိုင်ငံသားတွေ အမေရိကန်ကို ဝင်လာခွင့် ပိတ်ပင်တားမြစ်ဖို့ သင့်မသင့် အမေရိကန်အစိုးရအနေနဲ့ စုံစမ်းဖော်ထုတ်ပေးဖို့တို့လည်း ပါဝင်ပါတယ်။​

သမ္မတ Trump ရဲ့ ပထမ အစိုးရသက်တမ်းအတွင်း အမေရိကန်ဦးစားပေး - America First မူဝါဒကို ကျင့်သုံးခဲ့တာနဲ့အညီ အခုတကြိမ်မှာလည်း နိုင်ငံခြားရေးဌာနအနေနဲ့ အဲဒီ မူဝါဒကို ဦးစားပေး အကောင်အထည်ဖော်ဖို့ နိုင်ငံခြားရေးဝန်ကြီးအသစ် Marco Rubio ကို မနေ့ တနင်္လာနေ့က လက်မှတ်ထိုးလိုက်တဲ့ သမ္မတ အမိန့်ကြေညာချက်ထဲမှာ ညွှန်ကြားထားပါတယ်။​

အဲဒီ အမိန့်ကြေညာချက်အရ “ဒီကနေ့မှစတင်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးမူဝါဒဟာ အမေရိကန်နဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ဦးစားပေးလုပ်ဆောင်တဲ့ မူဝါဒဖြစ်ရမည်” - လို့ ပါရှိပါတယ်။​

အလားတူပဲ ၂၀၁၅ ပါရီ ဥတုရာသီ သဘောတူညီချက်ကနေ အမေရိကန်ပြည်ထောင်စု နုတ်ထွက်ကြောင်း ကြေညာလိုက်ပြီး သူ့အရင် ပထမ သက်တမ်းတုန်းကလိုပဲ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအနေနဲ့ ကိုဗစ်-19 ကပ်ရောဂါကို ကောင်းမွန်စွာ ကိုင်တွယ် ဖြေရှင်းနိုင်စွမ်း မရှိခဲ့တဲ့အပြင် အမေရိကန်ပြည်ထောင်စုထံက ရံပုံငွေ အလွန်အကျွံ ရရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ WHO အဖွဲ့က နုတ်ထွက်ကြောင်းလည်း အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။​

သမ္မတ Joe Biden အစိုးရ သက်တမ်းမကုန်ဆုံးခင်လေးမှာ ပြဋ္ဌာန်းပြီး ပြည်ထောင်စုတရားရုံးချုပ်က အတည်ပြုပေးလိုက်တဲ့ TikTok လူမှုကွန်ယက်ကို အမေရိကန်ပြည်ထောင်စုအတွင်း အသုံးပြုခွင့် ပိတ်ပင်တဲ့ ဥပဒေကိုလည်း တရားရေးဌာနအနေနဲ့ လိုက်နာ အကောင်အထည်ဖော်ခြင်း မလုပ်သေးဖို့ မနေ့ ဇန်နဝါရီ ၂၀ ရက်နေ့က ထုတ်ပြန်တဲ့ သမ္မတ အမိန့်ကြေညာချက်တွေထဲ ထည့်သွင်း ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်အစိုးရ မူဝါဒအပြောင်းအလဲတွေ သမ္မတအမိန့်နဲ့ ထရမ့်ထုတ်ပြန်
please wait

No media source currently available

0:00 0:02:07 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG