မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်ပြီး အာဆီယံ အတွင်းရေးမှူးချုပ် Dr. Kao Kim Hourn နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Julie Bishop တို့ မနေ့က တွေ့ဆုံဆွေးနွေးကြတဲ့အကြောင်း အာဆီယံက သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စတွေမှာ ကုလသဂ္ဂအဖွဲ့အစည်းတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍနဲ့ မြန်မာ့အရေး အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖေါ်နိုင်အောင် ရှေ့တိုး ဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးကြတယ်လို့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးက သတင်းထုတ်ပြန်ထားတာပါ။ ငြိမ်းချမ်းရေး တည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ဒေသတွင်း ပြည်သူတွေအကျိုး အရေးကြီးတဲ့ အကြောင်းတွေကို အလေးအနက် ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်တာပါ။
ဩစတေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်း Julie Bishop ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ပြီးခဲ့တဲ့နှစ် ဧပြီလက စတင်တာဝန်ယူခဲ့ပါတယ်။ အောက်တိုဘာလအတွင်းမှာပဲ မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်လို့ ကုလသဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီမှာ အစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။ အစီရင်ခံစာ မတင်သွင်းခင် နေပြည်တော်ကို သွားရောက်ပြီး စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
Forum