ကမ္ဘာ့စီးပွါးရေး လုပ်ငန်းကြီးတွေ အမေရိကန်နိုင်ငံမှာ လာပြီး ကုန်ထုတ်လုပ်ကြဖို့ သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့ ဆွစ်ဇာလန်နိုင်ငံ Davos က ကမ္ဘာ့ စီးပွါးရေးဖိုရမ်မှာ ပြောကြားလိုက်ပါတယ်။ ဒီလို လာပြီးကုန်ထုတ်လုပ်မယ် ဆိုရင် အခွန်လျှော့ပေးမယ်လို့ ကတိပေးလိုက်ပြီး တကယ်လို့ တခြားနိုင်ငံမှာ ထုတ်လုပ်မယ် ဆိုရင်တော့ အဲဒီကုန်ပစ္စည်းတွေ အမေရိကန်ကို တင်ပို့ရင် အခွန်ဆောင်ရမယ် လို့လည်း သတိပေးလိုက်ပါတယ်။
Davos စီးပွါးရေးဖိုရမ်ကို ဝါရှင်တန်ဒီစီကနေ အွန်လိုင်းနဲ့ တက်ရောက်ခဲ့တဲ့ သမ္မတထရမ့် က အမေရိကန်နိုင်ငံဟာ စီးပွါးရေးလုပ်ငန်းတွေ လမ်းဖွင့်ဖို့ ပြန်လုပ်လာပြီ ဖြစ်ကြောင်း စီးပွါးရေး လုပ်ငန်းရှင်ကြီးတွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့စီးပွါးရေး လုပ်ငန်းတိုင်းအတွက် အမေရိကန်နိုင်ငံမှာ လာပြီး ကုန်ထုတ်လုပ်ဖို့ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။
ဒုတိယ အကြိမ်မြောက် သမ္မတတာဝန် ထမ်းဆောင်တာ ၃ ရက်မြောက်တဲ့ နေ့မှာ သမ္မတထရမ့်က သူဟာ အမေရိကန် ကော်ပိုရေးရှင်းကြီးတွေ ပေးဆောင်နေရတဲ့ အခွန်ကို ၂၁ ရာခိုင်နူန်း ကနေ ၁၅ ရာခိုင်နူန်း အထိ လျှော့ချချင်ကြောင်း ပြောပါတယ်။ ဒါပေမယ့် ဒီအတွက် ရီပတ်ဘလစ်ကင်တွေ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်ရဲ့ အတည်ပြုချက် ရယူရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ ပထမ သမ္မတသက်တမ်း အတွင်း ၂၀၁၇ တုန်းက ချမှတ်ခဲ့တဲ့ ပုဂ္ဂလိကနဲ့ ကော်ပိုရေးရှင်းတွေ အတွက် အခွန်လျှော့ချမှုနဲ့ ပတ်သက်ပြီး သက်တမ်းတိုးဖို့၊ ပြန်လည်ပြင်ဆင်ဖို့ ဘယ်လို လုပ်မယ် ဆိုတာကို လွှတ်တော် အမတ်တွေ အခြေအတင် စပြီးပြောဆိုနေကြတာပါ။
အမေရိကန်က ဥရောပ နိုင်ငံတွေ လိုအပ်နေတဲ့ သဘာဝဓါတ်ငွေ့ အရည် တင်ပို့မှာ ဖြစ်ကြောင့် သမ္မတထရမ့်က ကတိပေးခဲ့ပါတယ်။ ဒါပေမယ့် အီးယူ ဥရောပ သမဂ္ဂက သူ့ရဲ့အဖွဲ့ဝင် ၂၇ နိုင်ငံမှာ အမေရိကန် လုပ်ငန်းလည်ပတ်မှု အတွက် ကန့်သတ်မှုတွေ ဆက်ချထားပြီး မျှမျှတတ ဆက်ဆံမှု မရှိဘူးလို့လည်း ဝေဖန်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့စီးပွါးရေး တိုးတက်လာအောင် ရေနံဈေးနှုန်းတွေ လျှော့ချပေးဖို့ ဆော်ဒီအာရေဗျနဲ့ ရေနံတင်ပို့တဲ့ နိုင်ငံများအဖွဲ့ OPEC ကို သူပန်ကြားဖို့ စီစဉ်နေတယ် လို့လည်း ပြောပါတယ်။
Forum