သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump အမိန့်ကြောင့် မြန်မာဒုက္ခသည်တွေ ကန်ခရီးစဉ်ဖျက်သိမ်း


ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်း (ယခင်ပုံဟောင်း)
ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်း (ယခင်ပုံဟောင်း)

အမေရိကန်ပြည်ထောင်စုမှာ သမ္မတ Donald Trump တက်လာခဲ့ပြီးနောက် ဒုက္ခသည်အဖြစ် လက်ခံတာ၊ လျှောက်ထားတာ အားလုံးကို ရပ်ဆိုင်းလိုက်တဲ့အတွက် မြန်မာဒုက္ခသည်တချို့ အမေရိကန်သွားခါနီးမှ ခရီးစဉ်ဖျက်လိုက်ရပါတယ်။ ဒုက္ခသည်တွေကို အမေရိကန်မှာ ရွှေ့ပြောင်းအခြေချခွင့်ပေးတဲ့ USRAP အစီအစဉ်ကိုလည်း ချက်ချင်း ရပ်လိုက်တဲ့အတွက် ထိုင်းနိုင်ငံက အုန်းဖြန့်ဒုက္ခသည်စခန်းက ၂၀ ကျော်နဲ့ မလေးရှားက ချင်းဒုက္ခသည် ၃၀ ကျော်ဟာ အမေရိကန်ကို မသွားနိုင်တော့ဘဲ လေယာဉ်ကွင်းကနေ ပြန်လှည့်ပြန်ခဲ့ကြရပါတယ်။ ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဒုက္ခသည်တွေကို ခိုလှုံအခြေချခွင့်ပြုတဲ့ USRAP အစီအစဉ်အရ အမေရိကန်ပြည်ဝင်ခွင့် ဗီဇာရထားပြီးသား အမေရိကန်ကို သွားဖို့ ပြင်ဆင်နေတဲ့ ဒုက္ခသည်အများအပြား ဒုက္ခရောက်နေကြပါတယ်။ ဒုက္ခသည်အစီအစဉ်အားလုံးကို ရပ်ဆိုင်းလိုက်တယ်လို့ သမ္မတသစ် Trump က အမိန့်ထုတ်ခဲ့ပြီးနောက်မှာ လေယာဉ်ပေါ်တက်ခါနီးမှ ခရီးဆက်လို့ မရကြတဲ့ အခြေအနေကြုံခဲ့ကြတာပါ။

မြန်မာနိုင်ငံနဲ့နယ်စပ် ထိုင်းနိုင်ငံထဲက အုန်းဖြန့် ဒုက္ခသည်စခန်းက အယောက် ၂၀ ဆိုရင် မဲဆောက်မြို့ကနေ ဒုက္ခသည်စခန်းကို ပြန်သွားကြရတယ်လို့ ဒုက္ခသည်တယောက်က VOA ကိုပြောပြပါတယ်။

“အဲဒီလူ၂၀ကတော့ သူတို့ရဲ့လုပ်ငန်းစဉ်မှန်သမျှရပ်တန့်လိုက်ရပါပြီ၊ မဲဆောက်မှာ လာပြီးအင်တာဗျူးရတယ် OPE ဆေးစစ်ခံရတာတို့ DHS တို့စတဲ့ လုပ်ငန်းစဉ်တွေလုပ်ရပါတယ် ၊အဆင့်ဆင့်ဖြတ်သန်းပြီးတဆင့်ပြီးတဆင့်လုပ်ရပါတယ်။ အဲဒီလူတွေလည်း မဲဆောက်မှာဆေးစစ်ရတာတို့ရှိတယ်။ အခု ဒီလူတွေကတော့ ဘာမှမလုပ်ရတော့ပဲ ပြန်ပို့ပေးလိုက်တယ်၊ဒီစခန်းတွေက ထွက်ခါနီးဆိုရင် အိမ်တွေကိုတယောက်နဲ့တယောက် လွှဲပြောင်းပေးကြတယ် ၊ နောက်နေမယ့်သူတွေကို ပေးတယ် အဲဒီကနေ ပြန်ပို့ခံရတဲ့သူတွေကတော့နေဖို့ထိုင်ဖို့တွေကတော့အခက်အခဲအတော်ဖြစ်မယ်။”

မလေးရှားနိုင်ငံမှာလည်း အလားတူ အမေရိကန်မှာ အခြေချဖို့သွားမယ့် ဒုက္ခသည်တွေ အစီအစဉ်တွေ ဖျက်ခံခဲ့ရပါတယ်။ ရထားပြီးသား အမေရိကန်ဗီဇာ ပျက်ပြယ်သွားသလို လေယာဉ်လက်မှတ်တွေလည်း ဆုံးခဲ့ကြပါတယ်။ ချင်းလူမျိုး ၃၀ ထက်မနည်း ဒီလိုအဖြစ်မျိုး ကြုံခဲ့ကြတယ်လို့ မလေးရှားနိုင်ငံ Alliance of Chin Refugees (ACR) က ဆက်သွယ် ညှိနှိုင်းရေးမူး ကိုဗျက်ကာ VOAကိုအခုလိုပြောပါတယ်။

"၂၀ ၃၀လောက်ရှိမယ်တချို့ဆိုရင်လေယာဉ်ကွင်းကိုတောင်ရောက်ပြီးနေပြီ၊ အဲဒီကနေ ပြန်ပြီးလှည့်ခိုင်းတာတွေရှိတယ် တချို့ကျတော့မနက်ဖြန် သဘက်ခါ ထွက်ခိုင်းမယ့်ဟာတွေ တချို့ကတော့နောက်အပတ်လောက်ထွက်မယ့်သူတွေ နောက်လထွက်မယ့်သူတွေလည်းရှိတယ်။ နိုင်ငံခြားထွက်မယ့်ခရီးစဉ်တွေရက်တွေလည်းကျပြီးပြီ။ ၃ရက်နေ့ ထွက်မယ့်သူတွေ ၅ ရက်နေ့ထွက်မယ့်သူတွေ Cancel တွေဖြစ်ကုန်တယ် ၊ ဘယ်လောက်ထိ ဒုက္ခရောက်လဲဆိုရင် အိမ်ခန်းတွေဆိုလည်းသူများကိုပေးလိုက်ရတယ် အလုပ်တွေလည်းထွက်ထားပြီးပြီ ၊ အခုဆိုရင် တော်တော်လေးဒုက္ခရောက်တယ်။ အလုပ်ကလည်းမရှိဘူး ။ အိမ်ကလည်းဘယ်လိုလုပ်ရမယ်မသိဘူး တချို့ကတော့အင်တာဗျုးကတော့ဖြေရမယ့်သူတွေလည်းအများကြီး ပြန်ပြီး Cancel လုပ်ရတော့အတော်လေးဒုက္ခရောက်သွားတယ်။"

အခုလို ဒုက္ခသည်တွေ အမေရိကန်မှာ အခြေချနိုင်ရေး အစီအစဉ်တွေ ရပ်သွားခဲ့တာကြောင့် အဲဒီသူတွေအနေနဲ့ မလေးရှားနိုင်ငံမှာ အလုပ်အကိုင်ရှာဖွေဖို့နဲ့ နေထိုင်ဖို့ အတော်ကိုခက်ခဲသွားတယ်လို့လည်းပြောပါတယ်။

"မလေးရှားအနေနဲ့မလွယ်ဘူး မလေးရှားက ဒုက္ခသည်တွေအတွက်အခွင့်အလမ်းက ဘာမှမရှိဘူး ဆိုတော့ သူများနိုင်ငံဆိုတော့လည်းအပြစ်တင်လို့မရဘူး။ ဒီလိုပဲဒုက္ခတော့ရောက်ကြရတာပဲ"

ထိုင်းနိုင်ငံထဲမှာ ဒုက္ခသည်စခန်း ၉ ခုရှိပြီး အများစုက ကရင်နဲ့ ကရင်နီဒုက္ခသည် ၉ သောင်းကျော်နေထိုင်နေပါတယ်။ မလေးရှားနိုင်ငံမှာလည်း မြန်မာနိုင်ငံသား အများအပြားရှိပြီး ချင်းတိုင်းရင်းသားတမျိုးထဲ ၈၀,၀၀၀ ကျော် ရှိပြီး UNHCR ဒုက္ခသည်ကဒ်ကိုင်ဆောင်ထားသူကတော့ ၂၀,၀၀၀ ကျော် လောက်ရှိတယ်လို့သိရပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးစီးပွားကို မထိခိုက်ဘူးဆိုရင် ဒုက္ခသည် လက်ခံရေးအစီအစဉ်ရပ်ဆိုင်းထားမှုကို ပြန်ပြင်ပေးဖို့ ရက် ၉၀ အတွင်း အမိမြေလုံခြုံရေးဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ တိုင်ပင်ပြီး သူ့ကို တင်ပြနိုင်တယ်လို့လည်း သမ္မတ ထရမ့်ရဲ့ အမိန့်ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ကုလသမဂ္ဂ UNHCR ကတော့ ၃ လစောင့်ကြည့်ဖို့အတွက် ဒုက္ခသည်တွေကို ပြောထားတယ်လို့ ပြောကြပါတယ်။

သမ္မတ Trump အမိန့်ကြောင့် မြန်မာဒုက္ခသည်တွေ ကန်ခရီးစဉ်ဖျက်သိမ်း
please wait

No media source currently available

0:00 0:04:11 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG