သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump အစိုးရသစ်နဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ စစ်ကောင်စီမျှော်လင့်


ဝါရှင်တန်ဒီစီမြို့တော်ရှိ သမ္မတအိမ်ဖြူတော် Oval ရုံးခန်းအတွင်းမှာတွေ့ရတဲ့ အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့် (ဇန်နဝါရီ ၂၀၊ ၂၀၂၅)
ဝါရှင်တန်ဒီစီမြို့တော်ရှိ သမ္မတအိမ်ဖြူတော် Oval ရုံးခန်းအတွင်းမှာတွေ့ရတဲ့ အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့် (ဇန်နဝါရီ ၂၀၊ ၂၀၂၅)

အမေရိကန်သမ္မတ Donald Trump သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး တာဝန်ထမ်းဆောင်မှုအပေါ် အပြုသဘောဆောင်စွာ မြင်မိတဲ့အကြောင်းနဲ့ သူ့လက်ထက်မှာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လာဖို့ မျှော်လင့်တဲ့အကြောင်း စစ်ကောင်စီ ပြောခွင့်ရက VOA ကို ပြောပါတယ်။ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတချို့ကတော့ သမ္မတ Donald Trump ရဲ့ "အမေရိကန်ပြည်ထောင်စုသာ ပထမ" ဆိုတဲ့ ဦးစားပေးတဲ့ မူဝါဒအောက်မှာ မြန်မာ့အရေး ထောက်ခံအားပေးမှု မှေးမှိန်သွားမလားဆိုပြီး စိုးရိမ်နေကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့ထားပါတယ်။​

ဇန်နဝါရီလ ၂၀ ရက်နေ့က အမေရိကန်ပြည်ထောင်စုရဲ့ ၄၇ ယောက်မြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး တာဝန်စတင် ထမ်းဆောင်နေတဲ့ Donald Trump အစိုးရနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက VOA ကို အခုလို ပြောပါတယ်။

"နိုင်ငံတကာဆက်ဆံရေးကို ကျင့်သုံးတဲ့အခါမှာ နိုင်ငံတကာမှာ မိတ်ဝတ်မပျက်ဆက်ဆံရေး၊ အပြုသဘောဆောင်တဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးများဖြစ်လာဖို့ အလေးထားပါတယ်။ အမေရိကန်နိုင်ငံမှမဟုတ်ဘူး၊ တခြားနိုင်ငံတွေနဲ့လည်း မိတ်ဝတ်မပျက်ဆက်ဆံရေး၊ ကောင်းမွန်တဲ့ဆက်ဆံရေးတိုးမြင့်မှုများ ဆောင်ရွက်ဖို့ကိုအမြဲတမ်း အလေးထား ဆောင်ရွက်လျက် ရှိပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအပေါ်မှာ ဘယ်လိုဘဲ သဘောထားသည်ဖြစ်စေ၊ ကျနော်တို့အနေနဲ့ကတော့ ကမ္ဘာ့ငြိမ်းချမ်းရေး၊ မြန်မာ့ငြိမ်းချမ်းရေး၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ပြီး အကျိုးလိုလားတဲ့ နိုင်ငံခြားတိုင်းပြည်များနဲ့ အမြဲတမ်းပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့် ရှိပါတယ်။ အမေရိကန်နိုင်ငံမှာလည်း သမ္မတသစ် Donald Trump သမ္မတဖြစ်လာတဲ့အခါမှာလည်း ကျနော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေနဲ့ အပြုသဘောဆောင်တဲ့ ထင်မြင်ချက်တွေကိုပဲ၊ အပြုသဘောဆောင်တဲ့ လိုလားချက်တွေကိုပဲ ကျနော်တို့ မြင်မိပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးသည် ပိုမို တိုးတက်လာနိုင်မယ်ဆိုတဲ့ အကောင်းမြင်တဲ့ ရှုမြင်ချက်ကနေပြီး ရှုမြင်တယ်လို့ ပြောချင်ပါတယ်။"

သမ္မတ Donald Trump ဟာ ပထမဆုံး တာဝန်ထမ်းဆောင်တဲ့နေ့မှာပဲ အမေရိကန်ပြည်ထောင်စုကို ဒုက္ခသည်တွေ ရွှေ့ပြောင်းအခြေချနေထိုင်ခွင့်ပေးထားတဲ့ USRAP ခေါ် ဒုက္ခသည် လက်ခံရေး အစီအစဉ်ကို ဆိုင်းငံ့ထားတဲ့ အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာစစ်တပ်ရဲ့ နှိပ်စက်ညှဉ်းပန်းမှာကို စိုးရိမ်ပြီး ထိုင်းနယ်စပ်မှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေအတွက်တော့ အခုလို ဒုက္ခသည်လက်ခံရေး အစီစဉ်ကို ဆိုင်းငံ့လိုက်တဲ့အတွက် တတိယနိုင်ငံတွေမှာ ခိုလှုံခွင့် အလှမ်းဝေးသွားပြီး ဘေးကင်းလုံခြုံမှာ မရှိတော့မှာကို စိုးရိမ်တဲ့အကြောင်း ပြောဆိုနေကြပါတယ်။

၇၈ကြိမ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကိုတက်ရောက်လာတဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း (မတ် ၂၇၊ ၂၀၂၃)
၇၈ကြိမ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကိုတက်ရောက်လာတဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း (မတ် ၂၇၊ ၂၀၂၃)

လေ့လာသူတွေကလည်း အမေရိကန် အကျိုးစီးပွားကိုသာ ဦးစားပေးမယ့် အစိုးရသစ်ရဲ့ မူဝါဒတွေအောက်မှာ မြန်မာ့အရေးနဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ထောက်ခံပေးမှုလျော့နည်းသွားနိုင်တယ်လို့ ခန့်မှန်းပြောဆိုပါတယ်။

သမ္မတသစ် Donald Trump ဟာ အရင် ၄၅ ယောက်မြောက် အမေရိကန်သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ ပထမ သမ္မတသက်တမ်းအချိန်တွေမှာလည်း မြန်မာနိုင်ငံအရေးကို အလေးထားခဲ့တာ မရှိဘူးလို့ လေ့လာသူတချို့က ဝေဖန် သုံးသပ်ပါတယ်။ သမ္မတဟောင်း Joe Biden အုပ်ချုပ်ခဲ့တဲ့ ကာလအတွင်း အမေရိကန်အစိုးရဟာ စစ်ခေါင်းဆောင်နဲ့ မိသားစုဝင်တွေ၊ စစ်တပ်ကိုလက်နက်ထုတ်လုပ်ဖို့ ကူညီနေသူတွေ၊ လေယာဉ်ဆီတင်သွင်းပေးတဲ့ လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီတွေကို ပစ်မှတ်ထားတဲ့ အရေးယူဒဏ်ခတ်ပိတ်ဆို့တာတွေ ပြဌာန်းခဲ့ပါတယ်။ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေကို လက်နက်မဟုတ်တဲ့ အကူအညီပေးနိုင်ဖို့နဲ့ ထောက်ပံ့ကူညီနိုင်မယ့် Burma Act ဥပဒေ ပြဌာန်းနိုင်ခဲ့တာလို မြန်မာ့အရေးကို အရေးပေးလုပ်ဆောင်တာတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။

တချို့ နိုင်ငံရေးလေ့လာသူတွေကလည်း မြန်မာနိုင်ငံ့အရေးဟာ ရီပတ်ဘလစ်ကန်ရော၊ ဒီမိုကရက်ပါ ပါတီကြီးနှစ်ခုစလုံးက ထောက်ခံအားပေးခဲ့ အစဉ်အလာတွေရှိတာကြောင့် အမေရိကန် လွှတ်တော်အတွင်းမှာတော့ ထောက်ခံအားပေးမှု သိသိသာသာ လျော့သွားဖို့ မဖြစ်နိုင်ဘူးလို့ မျှော်လင့်နေကြပါတယ်။

ဘာပဲဖြစ်ဖြစ် သမ္မတ Donald Turmp လက်ထက်မှာ မြန်မာ့ အရေး စိတ်ဝင်စားမှု အရင်နဲ့စာရင် လျော့နည်းသွားမှာကိုတော့ မျှော်လင့်ထားရမယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ တဦးက VOA ကို ပြောပါတယ်။ ဒါပေမဲ့လည်း တရုတ်နဲ့ ဆက်ဆံရေး ချိန်ခွင်လျှာညှိရာမှာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို ထည့်သွင်း စဉ်းစားလာနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။

"Donald Trump က မြန်မာ့အရေးကို ဘယ်လိုသဘောထားလဲဆိုတာနဲ့ ပတ်သက်လို့တော့ ပြောရခက်တယ်။ သာမန်အားဖြင့်တော့ ဗမာပြည် ဘယ်နားရှိလဲဆိုတာ သိချင်မှသိမယ်။ အမေရိကန်ပထမဆိုတဲ့ အကျိုးစီးပွား တရုတ်တို့ဘာတို့နဲ့ ရင်ဆိုင်လာရတဲ့အခါမှာ ဘယ်လိုရင်ဆိုင်မလဲ ရင်ဆိုင်လာရမယ့်အကျိုးစီးပွားပေါ်မူတည်ပြီးတော့ ဗမာ့အရေးက ဆက်နွယ်ပတ်သက်လာတာမျိုးလဲ ရှိကောင်းရှိနိုင်တယ်။ နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူမယ့်သူက တရုတ်နဲ့ပတ်သတ်လို့ တင်းမာတဲ့သဘောထား သူ့အခြွေအရံတွေအပေါ်မှာ အတိုင်းအတာတခုအထိတော့ မူတည်မယ်ထင်ပါတယ်။"

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူ တဦးကတော့ သမ္မတ Donald Trump ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့အကြောင်း ကြေညာခဲ့တဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက ဒီလို အနိုင်ရတာကို ဝမ်းသာတဲ့အကြောင်း၊ သမ္မတ Donald Trump အစိုးရသစ်အနေနဲ့ မြန်မာပြည်သူတွေကို ဆက်လက်ထောက်ခံအားပေးနေမယ်လို့ မျှော်လင့်ကြောင်း ဝါရှင်တန်မြို့တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG