မြန်မာပြည်သူတွေက နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိမှုနဲ့ နိုင်ငံသားတိုင်း နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိမှုတို့ နဲ့ ပတ်သက်ပြီး အသိအမြင်ဗဟုသုတ အားနည်းနေသည်ကို တွေ့ရတယ်လို့ စစ်ကောင်စီ သတင်းစာက ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ စွပ်စွဲရေးသားပါတယ်။
ဒါက မှားယွင်းနေပါတယ်။
မြန်မာပြည်သူတွေအနေနဲ့ နိုင်ငံချစ်စိတ်၊မျိုးစိတ်ရှိမှု၊ နိုင်ငံကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိမှုအပေါ် အသိအမြင်ဗဟုသုတ အားနည်းတာကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် စိုးရိမ်ပူပန်မှုမြင့်တက်နေရတာဖြစ်တယ်လို့ စစ်ကောင်စီသတင်းစာက စွပ်စွဲရေးသားပေမယ့် အများပြည်သူကြားမှာတော့ အတင်းအဓမ္မ ဖမ်းဆီးပြီး စစ်မှုထမ်းဖို့ စေလွှတ်ခံရခြင်းနဲ့ စစ်ပွဲအတွင်း ထည့်သွင်းခံရခြင်းတို့ကို ပိုပြီး စိုးရိမ်ပူပန်မှုရှိနေတယ်လို့ သတင်းမီဒီယာတွေမှာ ဖေါ်ပြကြပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၃) ရက်နေ့မှာ စစ်ကောင်စီက စစ်မှုထမ်း နည်းဥပဒေကို ထုတ်ပြန်ခဲ့ပြီး အဲ့ဒီ နည်းဥပဒေ ပုဒ်မ (၅၁)မှာ စစ်မှုထမ်းဖို့ အမိန့်စာရရှိထားသူတွေဟာ ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့် မရှိစေရဆိုပြီး ထည့်သွင်းထားတာကိုတွေ့ရပါတယ်။ ဒါ့အပြင် စစ်မှုထမ်းနည်းဥပဒေအတွင်းမှာ စစ်မှုထမ်းဖို့ အသက်အရွယ်ရောက်ရှိသူတွေကို မှတ်ပုံတင်စာရင်းသွင်းဖို့ ဆင့်ခေါ်ရာမှာ လာရောက်ဖို့ ပျက်ကွက်ခဲ့ရင် ဆင့်ခေါ်ခံရသူကို အရေးယူဖို့ဆိုတဲ့အချက်သာမက မိသားစုကိုပါ စုံစမ်းစစ်ဆေးဖို့ဆိုတဲ့ အချက်တွေကိုလည်း ထည့်သွင်းထားတာကိုတွေ့ရပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်းမှာ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ပြီးနောက် မြန်မာနိုင်ငံတဝန်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ တော်လှန်ရေးအင်အားစုများနဲ့ စစ်ကောင်စီကြား လက်နက်ကိုင်တိုက်ပွဲများ ပိုမိုကျယ်ပြန့်လာခဲ့ပြီး စစ်ကောင်စီက စိုးမိုးထိန်းချုပ်နယ်မြေတွေနဲ့ မြို့ တွေကို တော်လှန်ရေးအင်အားစုတွေထံ လက်လွှတ်ရမှု မြင့်တက်လာခဲ့ပါတယ်။ နအဖ အစိုးရလက်ထက်က ပြဋ္ဌာန်း ခဲ့တဲ့ စစ်မှုထမ်းကို ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၁၀) မှာ စတင် အာဏာတည်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ကျင့်သုံးမည်ဖြစ်ကြောင်း တရားဝင်ကြေညာခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့ မတိုင်ခင်အထိ မြန်မာနိုင်ငံတဝန်း မြို့ပေါင်း (၂၄) မြို့ထက်မနည်းကို သိမ်းပိုက်ထားနိုင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းက (၁၉) မြို့ နဲ့ အများဆုံးဖြစ်ပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အသက်ဝင်ကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ကြေညာခဲ့ပြီးနောက် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်လာခဲ့ပြီး စစ်မှုထမ်းဥပဒေစတင်အသက်ဝင်ကြောင်း ကြေညာပြီး ၂ လမပြည့်ခင်မှာပဲ မြို့နယ်ပေါင်း ၁၇၂ မြို့နယ် မှာ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ဖို့ စာရင်းကောက်ယူတာ၊ မဲနှိုက်ရွေးချယ်တာ၊ စစ်မှုထမ်းအသက်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းဖို့ ဆင့်ခေါ်တာတွေ စတင်လုပ်ဆောင်ခဲ့လို့ Data For Myanmar က ၂၀၂၄ ခုနှစ် မတ်လအတွင်းမှာ စာရင်းကောက်ယူပြီး ထုတ်ပြန်ပါတယ်။
ပြည်သူ့စစ်မှုဥပဒေကို အကောင်အထည်ဖေါ်လာတာက စစ်ကောင်စီအနေနဲ့ စစ်အင်အားပြုန်းတီးလာမှုကို ဖြည့်တင်းနိုင်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်လာတာဖြစ်တယ်လို့ လေ့လာစောင့်ကြည့်တဲ့ အဖွဲ့အစည်းတွေက ထောက်ပြကြပါတယ်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ အတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေမှာတော့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့အထိ စစ်ကောင်စီရဲ့ တပ်သား၊ရဲ နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ သေဆုံး၊ဒဏ်ရာရ အင်အားပြုန်းတီးမှုက ( ၂၁၄၆၅) ဦးအထိ ရှိတယ်လို့ ဖေါ်ပြထားပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက စတင်ကျင့်သုံးပြီးနောက် နိုင်ငံတဝန်းက စစ်မှုထမ်းဖို့ အသက်အရွယ်ရောက်ရှိပြီးသား လူငယ်တွေက နိုင်ငံပြင်ပကို ထွက်ခွါမှု၊ လွတ်မြောက်နယ်မြေတွေကို သွားရောက်တိမ်းရှောင်မှု များမြင့်တက်လာခဲ့သလိုစစ်မှုထမ်းဖို့ အတင်းအဓမ္မဖမ်းဆီးခံရမှုတွေလည်း အများအပြားရှိခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်၊ မန္တလေး အစရှိသည့် မြို့ကြီးတွေမှာလည်း လူငယ်တွေ ပျောက်ဆုံးတဲ့ ဖြစ်စဉ်တွေလည်း ဖြစ်ပွားလာခဲ့တာကိုတွေ့ရပါတယ်။
စစ်မှုထမ်းဥပဒေအတည်ပြုပြီးနောက် လူငယ်ပေါင်း (၂၂,၇၆၅) ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇန်နဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
သတင်းမီဒီယာများရဲ့ ဖေါ်ပြချက်များကို လေ့လာစောင့်ကြည့်မှုအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ ဇန်နဝါရီလ (၂၉) ရက်နေ့အထိ ၂၀၂၅ ခုနှစ် နှစ်စ ပထမလ မကုန်ဆုံးခင်ချိန်မှာပဲ နိုင်ငံတဝန်း စစ်မှုထမ်းဖို့ ဖမ်းဆီးရတဲ့ လူငယ်ပေါင်း (၅၀၀) နီးပါးရှိတာကို တွေ့ရပါတယ်။
စစ်မှုထမ်း နည်းဥပဒေကို စစ်ကောင်စီက ထုတ်ပြန်ခဲ့ပြီးနောက်ပြီးနောက် စစ်မှုထမ်းဖို့ စာရင်းကောက်ယူရာမှာ စစ်မှုထမ်း အသက်အရွယ်ရောက်ရှိပြီးသာ အမျိုးသမီးတွေကိုပါ စာရင်းကောက်ယူမှုတွေ ရှိလာပါတယ်။ စစ်မှုထမ်းဖို့ အမျိုးသမီးတွေကို စာရင်းကောက်ယူမှုမရှိကြောင်း စစ်ကောင်စီက ငြင်းဆိုထားပေမယ့် စာရင်းကောက်ယူမှုတွေကို ကိုယ်တိုင်ကြုံတွေ့ရသူတွေရဲ့ ပြောဆိုချက်တွေကို အခြေခံပြီး သတင်းမီဒီယာတွေက ဖေါ်ပြကြတာတွေ့ရပါတယ်။
ပြည်သူတွေအနနဲ့ စစ်မှုထမ်းဖို့ဆန္ဒမရှိတာနဲ့ စစ်မှုထမ်းဖို့ တိမ်းရှောင်ဖို့ ကြိုးစားတာတွေဟာ မျိုးချစ်စိတ်ဓါတ်နဲ့ နိုင်ငံကို ကာကွယ်လိုစိတ်မရှိတာလို့ စစ်ကောင်စီက စွပ်စွဲပြောဆိုလာတာကိုတွေ့ရပါတယ်။ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် ဇွန်လ (၇) ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ မှာ ပြောဆိုခဲ့တဲ့ မိန့်ခွန်းအတွင်း နိုင်ငံပျက်စီးအောင် နိုင်ငံသားတွေက လုပ်ဆောင်နေပြီး ဒေသပျက်စီးအောင် ဒေသခံအကြမ်းဖက်သမားများကသာ လုပ်ဆောင်နေတာဖြစ်တယ်လို့ စွပ်စွဲပြောဆိုဖူးပါတယ်။
နိုင်ငံတဝန်းဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေအပေါ် စစ်ကောင်စီခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို မကြာခဏ ပြစ်တင်စွပ်စွဲပြောဆိုမှုတွေလုပ်ဆောင်လေ့ရှိတာကိုတွေ့ရပါတယ်။
ဒီဇင်ဘာလ (၁၅) ရက်နေ့က ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက လူငယ်လူရွယ်များကို မူးယစ်ဆေးဝါးဖြင့် သိမ်းသွင်းမြှူဆွယ်ပြီး စစ်ပွဲထဲ အတင်းအဓမ္မရောက်ရှိစေခဲ့တယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။
စစ်ကောင်စီသတင်းစာမှာ မြန်မာပြည်သူတွေက နိုင်ငံချစ်စိတ်၊မျိုးစိတ်ရှိမှု၊ နိုင်ငံကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိမှုအပေါ် အသိအမြင်ဗဟုသုတ အားနည်းတာကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် စိုးရိမ်ပူပန်မှုမြင့်တက်နေရတာဖြစ်တယ်လို့ စွပ်စွဲပြောဆိုထားပေမယ့် မြန်မာနိုင်ငံတဝန်း ဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေဟာ ပြည်ပနိုင်ငံတခုခုနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲများမဟုတ်ဘဲ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုကနေ ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခများနဲ့ လူမျိုးစုတိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်များနဲ့ စစ်ကောင်စီကြားဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲများဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေက ထောက်ပြပြောဆိုကြပါတယ်။