သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးတွေပါ စစ်မှုထမ်းဖို့ စစ်ကောင်စီ ဆင့်ခေါ်


စစ်ကောင်စီက စစ်မှုထမ်းသင်တန်းပေးနေစဉ် (မေ ၊၂၀၂၄)
စစ်ကောင်စီက စစ်မှုထမ်းသင်တန်းပေးနေစဉ် (မေ ၊၂၀၂၄)

အရွယ်ရောက်သူတွေ စစ်မှုမထမ်းမနေရ ဥပဒေနဲ့ စစ်ကောင်စီက တပ်သားသစ် စုဆောင်းနေရာမှာ အခုအခါ အမျိုးသမီးတွေကိုလည်း စာရင်းကောက်ယူတာ၊ ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဆိုရင်လည်း ဒီရက်ပိုင်းအတွင်း စစ်မှုထမ်းဖို့ စာရင်းကောက်ယူတာ၊ ဖမ်းဆီးတာခံရသူတွေထဲ အမျိုးသမီးတွေ ပါဝင်ခဲ့တာပါ။

စစ်မှုထမ်းဥပဒေနဲ့ လူငယ်တွေ ဖမ်းဆီးခံနေရတဲ့ မုံရွာမြို့ကအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားပါတယ်။

စစ်မှုထမ်းဥပဒေ အတည်ပြုပြီးချိန်ကစပြီး စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ လူငယ်တော်တော်များများ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံရတာတွေ ခပ်စိပ်စိပ်ရှိခဲ့ပါတယ်။

မုံရွာခရိုင်၊ မုံရွာမြို့နယ်နဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ အသက် ၁၆ နှစ်ကနေ ၄၅ နှစ်အရွယ်ရှိတဲ့ အမျိုးသား၊ အမျိုးသမီးတွေကို ဖမ်းဆီးခေါ်ဆောင်နေပြီး စစ်တပ်ထဲ လူစုဆောင်းတာတွေ ရှိနေတယ်လို့ မုံရွာ-အမြင့်လမ်း သတင်းဌာန ပြန်ကြားရေး တာဝန်ခံ ကိုစွမ်းလင်းထက်က ပြောပါတယ်။

"ဖမ်းမိတဲ့လူတွေကတော့ တော်တော်များများ ပါသွားပြီဗျ။ ဒီ ၅ ရက်လောက်အတွင်းကို လူပေါင်း ၄၀၀ ကျော်၊ ၅၀၀ နီးပါးရှိပြီ၊ ပါသွားတာ။ မုံရွာမြို့ထဲက လမ်းပေါ်မှာရှိတဲ့ ယောကျ်ား၊ မိန်းမ အကုန်လုံးကိုဖမ်းတယ်။ ဖမ်းပြီးတော့ ကားပေါ်တင်တယ်။ ညဘက်တွေကျရင် အိမ်ထဲထိဝင်ပြီးတော့ ဆွဲတာမျိုးတွေရှိတယ်။ ပြီးတော့ ဧည့်စာရင်းကောက်တာမျိုးတွေ ရှိတယ်။"

မုံရွာမြို့ပေါ်ရပ်ကွက်တွေနဲ့ လဝကရုံးဟောင်းဂိတ် အပါအဝင် ရေဦးဆန်ဆိုင်ဂိတ်၊ နယူးဒေးဆီဆိုင်ဂိတ်၊ က.ည.န ရုံးဂိတ်နဲ့ မအူဂိတ်၊ စွမ်းရည်ထက်ဂိတ် အပြင် တောပုပျူရွာအရှေ့ဘက် အမြန်လမ်းကြောနဲ့ ညောင်ပင်သာဂိတ်၊ အဲဒီနေရာတွေမှာ ဖြတ်သန်းသွားလာတာမျိုး မလုပ်ဖို့ကိုလည်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။ ကိုစွမ်းလင်းထက်ကလည်း အခုလို ပြောပါတယ်။

"အဲလိုက (ဖမ်းမိသူတွေ ပြန်လွှတ်တာ) တော့ မကြားမိဘူးဗျ။ တပ်ထဲရောက်လာမှပဲ ပြန်ပြေးတဲ့လူတွေပဲ ရှိတာ။ အခြေအနေက လောလောဆယ် မြို့တွင်း၊ မြို့ပြင်ပေါ့နော်၊ ဘယ်မှမသွားလာတာ အကောင်းဆုံးပဲဗျ။"

စစ်မှုထမ်းအတွက် စစ်ကောင်စီဘက်က လူစုဆောင်းနေတာ မုံရွာမြို့မှာ အခုနှစ်အစပိုင်းမှာတင် လူဦးရေတ ော်တော်များများ ရှိခဲ့တဲ့အကြောင်း ဒေသခံတွေကလည်း ပြောပါတယ်။ အဲဒီထဲမှာ အမျိုးသမီး တချို့လည်း ပါဝင်လာပါတယ်။ ဖမ်းဆီးခံရသူတွေကို အရင်က ငွေနဲ့ပြန်ရွေးလို့ ရပေမယ့် အခုနှစ်ထဲမှာတော့ ပြန်ခေါ်နိုင်တာမျိုး မရှိသေးဘူးလို့ မုံရွာဒေသခံတဦးက ပြောပါတယ်။

"မုံရွာကတော့ဗျာ ပေါ်တာတွေကတော့ ဆွဲတယ်ဗျ။ အကုန်ပတ်ချာလည် ဆွဲနေတယ်။ အခုဟာက ကျား၊ မ တောင်မရွေးတော့ဘူး၊ ဆွဲတယ်။"

လမ်းပေါ်သွားလာသူတွေ၊ စစ်ဆေးရေးဂိတ် ဖြတ်သန်းသူတွေနဲ့ ကူးတို့ဆိပ်တွေကနေ မုံရွာမြို့ကို ကူးလာသူတွေကိုပါ ဖမ်းဆီးစုဆောင်းတာတွေ ရှိနေပြီး၊ ညဉ့်သန်းခေါင်အချိန် ဧည့်စာရင်းစစ်ရင်း ခေါ်ဆောင်ခံရသူတွေလည်း ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ စစ်မှုထမ်းအတွက် အမျိုးသမီးတွေကို စုဆောင်းတာမျိုး မရှိသေးဘဲ နာမည်စာရင်းသာ ကောက်ယူတာမျိုး လုပ်ဆောင်နေတယ်လို့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG