သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုံရွာမှာ စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးခေါ်ယူမှုတွေ ထပ်ရှိနေ


မုံရွာမြို့
မုံရွာမြို့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ လူငယ်တွေ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ယူခံရတာ ခပ်စိပ်စိပ်ရှိနေပြီး၊ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ် ၂ ခုကနေ ဆင်းလာတဲ့ စစ်ကြောင်းဟာလည်း လူငယ်တွေကို ဖမ်းဆီးခေါ်ယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးခေါ်ယူခံရသူ တချို့ကို သွားရောက်ထုတ်ယူပေမယ့် ပြန်မပေးလိုက်ဘူးလို့ ပြောပါတယ်။ မုံရွာမြို့က စစ်မှုထမ်းအခြေအနေနဲ့ ပတ်သက်တဲ့ ရန်ကုန်က သတင်းပေးပို့ချက်ကို တင်ပြပေးပါမယ်။

မုံရွာ-အမြင့်လမ်းမှာ သွားလာနေတဲ့ လူငယ်တချို့ကို ဩဂုတ်လ ၂၅ရက်၊ မနေ့တုန်းက စစ်ကောင်စီဘက်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို သူတို့ရဲ့နေအိမ်တွေမှာ ညသန်းခေါင်အချိန် ရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်တာတွေ ဟိုအရင်ကတည်းက ရှိနေပြီး၊ မနေ့တုန်းကလည်း နေ့အချိန် လမ်းပေါ်သွားလာနေတာကို တားဆီးပြီး ခေါ်ယူသွားတာလို့ ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

"မုံရွာမြို့မှာနေတဲ့ မြို့သူမြို့သားတွေလည်းပဲ သားသမီးတွေကို စောင့်ထိန်းကြဖို့ရာပေါ့နော်။ မြို့ပေါ်တွေမှာတော့ စစ်မှုထမ်းဖို့ ဖမ်းဆီးခံရတာတွေ ဖြစ်နေတယ်။ လူတွေကလည်း ပြောရတာ ဂွကျတယ်ဗျ။ ကလေးတွေက စားသောက်ဆိုင် ပြန်တာတွေက ၉ နာရီ၊ ၁၀ နာရီမှ ပြန်တာတွေလည်း ရှိတယ်လေ။ လိမ်လိမ်မာမာနဲ့ မိဘကိုလုပ်ကျွေးနေတဲ့ သားသမီးလေးတွေ မပါကြရအောင်၊ မိဘတွေကလည်း သားသမီးတွေကို စောင့်စောင့်ထိန်းထိန်းနဲ့ နေကြဖို့ပေါ့လေ၊ သိစေချင်တယ်ဗျ။"

မြို့ပေါ်ရပ်ကွက်တွေအပြင် လမ်းခုလတ်မှာ တားဆီးခေါ်ယူတာတွေလည်း ရှိနေတာပါ။ ညောင်ပင်သာဂိတ်နဲ့ မအူဂိတ်ကနေ ဆင်းလာတဲ့ စစ်ကြောင်းတွေက မုံရွာ-အမြင့်လမ်းမှာ ကားနဲ့ ဆိုင်ကယ်တွေကို တားဆီးပြီး ယောကျ်ားလေးတွေကို ဖမ်းဆီးသွားတာလို့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

"မနေ့ကတော့ ညောင်ပင်သာဂိတ်နဲ့ မအူဂိတ်ကနေပြီးတော့ စစ်ကြောင်းဆင်းလာတာပေါ့နော်။ မအူဆိုတာက မုံရွာ-မန္တလေး အမြန်လမ်းမှာရှိတာလေ။ အဲဒါစစ်ကြောင်းက ၅၀ လောက်တော့ပါမယ်ဗျ။ ကျနော်တို့ မုံရွာ-အမြင့်လမ်းဘက်ကို ဆင်းလာပြီးတော့ တားစစ်တာတွေဘာတွေ လုပ်တယ်ဆိုလို့ ပိတ်လိုက်တာပါဗျ။ မြို့အဝင်ရပ်ကွက်တွေမှာရော လိုက်ပြီးတော့ဖမ်းတာဗျ။ ပြီးတော့ လမ်းပေါ်မှာသွားနေတဲ့ လူငယ်တွေ၊ အဲလိုမျိုးတွေ ဖမ်းတာဗျ။"

လူငယ်တွေ ဖမ်းဆီးခေါ်ဆောင်ခံရလို့ မုံရွာနယ်ထဲက မုံရွာ-အမြင့်လမ်းပိုင်း လမ်းအသုံးပြုခွင့်ကိုလည်း ယာယီပိတ်ထားတယ်လို့ ပြောပါတယ်။ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ အရေအတွက် အတိအကျ မသိရသေးပေမယ့် မနေ့တုန်းက လူငယ်ယောကျ်ားလေးတွေ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်ကတော့ တကယ်ရှိခဲ့တယ်လို့ ပြောပါတယ်။

"နောက်ဆက်တွဲကတော့ မသိရဘူးဗျ။ ဘယ်နှစ်ယောက်ပါသွားတယ် ဆိုတာလည်း အတည်ပြုလို့တော့ မရဘူးပေါ့ဗျာ။ ဒါပေမဲ့ ဖမ်းခံရတဲ့လူတွေတော့ တကယ်ရှိတယ်။ ကျနော်တို့ ကြားထားတာတော့ ပန်းရံလုပ်နေတဲ့ အလုပ်ဆိုက်မှာ ဝင်ပြီးဆွဲတာတို့၊ ယောကျ်ားလေးတွေရောင်းတဲ့ ဆိုင်တွေမှာ၊ အဲလိုမျိုးတွေ တခါထဲဆွဲသွားတာ မျိုးတွေရှိတယ်။ ရှိတော့ တတ်နိုင်တဲ့လူတွေကနေ လိုက်ဖို့လုပ်ပေမယ့်လည်း သူတို့က စစ်မှု ၂ နှစ်ထမ်းရမယ်တဲ့။ စစ်မှုမထမ်းလိုရင် ထောင် ၁၀ နှစ် ချမယ်လို့တော့ ပြောတယ်ဗျ။ အဲလိုတော့ ကြားတယ်။"

ပြည်နယ်နဲ့ တိုင်းအလိုက် စစ်မှုထမ်းဖို့ စုဆောင်းခံရတဲ့ လူငယ်တွေကို ပြီးခဲ့တဲ့ မေလထဲမှာ စစ်သင်တန်းကျောင်း ၁၆ ခုကို အစုလိုက်ခွဲပြီး ပို့ဆောင်ခဲ့တယ်လို့ ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ စုဆောင်းခံရတဲ့ စစ်မှုထမ်းဦးရေကတော့ ၄,၀၀၀ ဝန်းကျင် ရှိတယ်လို့ ဆိုပါတယ်။ မုံရွာမြို့ပေါ်မှာတော့ စစ်မှုထမ်းဥပဒေ အတည်ပြုပြီးတဲ့နောက် လစဉ်လတိုင်း လူငယ်တွေကို ဖမ်းဆီးခေါ်ယူတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG