သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှစ်လေးလုံး ၃၆ နှစ်ပြည့်အထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲတွေ မြန်မာပြည်တွင်းမှာပြုလုပ်


စစ်ကိုင်းတိုင်း မုံရွာမြို့နယ်မှာ ကျင်းပပြုလုပ်နေတဲ့ ရှစ်လေးလုံး ၃၆ နှစ်ပြည့်အထိမ်းအမှတ် ဆန္ဒပြပွဲတခု (ဩဂုတ် ၈၊ ၂၀၂၄)
စစ်ကိုင်းတိုင်း မုံရွာမြို့နယ်မှာ ကျင်းပပြုလုပ်နေတဲ့ ရှစ်လေးလုံး ၃၆ နှစ်ပြည့်အထိမ်းအမှတ် ဆန္ဒပြပွဲတခု (ဩဂုတ် ၈၊ ၂၀၂၄)

ဒီကနေ့ ကျရောက်တဲ့ ရှစ်လေးလုံး ၃၆ နှစ်မြောက်အထိမ်းအမှတ်အဖြစ်နဲ့ မြန်မာနိုင်ငံ မြို့နယ်အတော်များများက တော်လှန်ရေးအင်အားစုတွေ အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရရှိရေး ချီတက် ဆန္ဒပြပွဲ ကျင်းပခဲ့ကြသလို၊ ဆွေးနွေး ဟောပြောပွဲတွေလည်း ကျင်းပခဲ့ကြပါတယ်။ ရှစ်လေးလုံး လှုပ်ရှားမှုကို တော်လှန်ရေးရဲဘော်တွေက ဦးဆောင်ခဲ့ကြပြီး၊ လူထုကလည်း တက်တက်ကြွကြွ ပါဝင်ခဲ့ကြတယ်လို့ ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို အခြေခံပြီး အလိမ္မာက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အကြီးမားဆုံး ဒီမိုကရေစီအရေး တောင်းဆိုဆန္ဒပြမှုတွေ ပထမဆုံးအကြိမ် ပေါ်ပေါက်ခဲ့တဲ့ ရှစ်လေးလုံး လူထုလှုပ်ရှားမှုကြီးဟာ ဒီကနေ့မှာ ၃၆ နှစ် ပြည့်မြောက်ခဲ့ပါပြီ။ ၈ ရက်၊ ၈ လ၊ ၁၉၈၈ ခုနှစ် (၈၈၈၈) မှာ စတင်ခဲ့တဲ့ အဲဒီ လူထုလှုပ်ရှားမှုကြီးရဲ့ နှစ်ပတ်လည်အဖြစ်နဲ့ နှစ်စဉ် ဩဂုတ်လ ၈ ရက်နေ့မှာ ကျင်းပမြဲဖြစ်ပြီးတော့ ဒီကနေ့ ၃၆ နှစ်ပြည့် ရှစ်လေးလုံးနေ့မှာလည်း ပြည်တွင်း၊ ပြည်ပ လူထုလှုပ်ရှားမှုတွေ ရှိခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ ပေါ်ပေါက်လာတဲ့ တော်လှန်ရေးအင်အားစု အသီးသီးကလည်း ရှစ်လေးလုံး အထိမ်းအမှတ် ပြုလုပ်ခဲ့ကြပါတယ်။

တနင်္လာရီတိုင်း ထားဝယ်ခရိုင်မှာ ကျင်းပပြုလုပ်နေတဲ့ ရှစ်လေးလုံး ၃၆ နှစ်ပြည့်အထိမ်းအမှတ် ဆန္ဒပြပွဲတခု (ဩဂုတ် ၈၊ ၂၀၂၄)
တနင်္လာရီတိုင်း ထားဝယ်ခရိုင်မှာ ကျင်းပပြုလုပ်နေတဲ့ ရှစ်လေးလုံး ၃၆ နှစ်ပြည့်အထိမ်းအမှတ် ဆန္ဒပြပွဲတခု (ဩဂုတ် ၈၊ ၂၀၂၄)

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ၃၆ နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံ အခမ်းအနားကို ဒီကနေ့ မနက်ပိုင်းမှာ ကျင်းပခဲ့တယ်လို့ အခမ်းအနားကို ဦးဆောင်ခဲ့တဲ့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ DDMSC က ပြောပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားတဦးက ရှစ်လေးလုံးအရေးတော်ပုံ အတွေ့အကြုံတွေကို ရှင်းလင်းပြောကြားခဲ့ပြီး၊ တော်လှန်ရေးကဗျာ ရွတ်ဖတ်တဲ့ အစီအစဉ်တွေလည်း ထည့်သွင်းခဲ့တယ်လို့ DDMSC တာဝန်ခံ ကိုမင်းလွင်ဦးက ပြောပါတယ်။

"ရှစ်လေးလုံး ဒီမိုကရေစီ လူထုအရေးတော်ပုံကြီးကို လေးလေးနက်နက် ဦးညွှတ်ကြဖို့လိုတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ တော်လှန်ရေး အင်အားစုထဲမှာလည်း တော်တော်များများ ပြောကြဆိုကြတာတွေ ရှိတာပေါ့ဗျာ။ ၈လေးလုံး လူထုလှုပ်ရှားမှုက မပြီးဆုံးသေးတဲ့တာဝန်ကြီးကို ကျနော်တို့ ဆက်ပြီးထမ်းရွက်သွားဖို့ လိုတယ်ဆိုတာမျိုးပေါ့။ အဲတော့ ၈လေးလုံး ဒီမိုကရေစီ အရေးတော်ပုံရဲ့ အဓိကအနှစ်သာရက လူထုအာဏာကို တည်ဆောက်ပြီးတော့ အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့ကြတယ်ပေါ့ဗျာ။ အဲတော့ ဒီနေ့မှာ ကျနော်တို့ နွေဦးတော်လှန်ရေးကလည်း ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကနေပြီးတော့ ဒီမိုကရေစီရရှိရေးကို ဆုပ်ကိုင်ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဆက်ပြီး ချီတက်သွားဖို့လိုတယ်။ အဲတော့ ကျနော်တို့သင်ခန်းစာ ယူဖို့ကောင်းတာက ဘာလဲဆိုတော့ စစ်အာဏာရှင် မပြုတ်ကျသရွေ့ လူထုနဲ့တော်လှန်ရေးက တသားတည်းဖြစ်နေဖို့ လိုတယ်ဆိုတာကို သတိပြုဖို့ လိုမယ်ထင်တယ်။"

တနင်္လာရီတိုင်း ထားဝယ်ခရိုင်မှာ ကျင်းပပြုလုပ်နေတဲ့ ရှစ်လေးလုံး ၃၆ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားတခု (ဩဂုတ် ၈၊ ၂၀၂၄)
တနင်္လာရီတိုင်း ထားဝယ်ခရိုင်မှာ ကျင်းပပြုလုပ်နေတဲ့ ရှစ်လေးလုံး ၃၆ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားတခု (ဩဂုတ် ၈၊ ၂၀၂၄)

နိုင်ငံရေးထဲမှာ စစ်အာဏာရှင်တွေ ပါဝင်ပတ်သက်နေတဲ့ ကာလတလျှောက်လုံးမှာ လက်နက်နဲ့အင်အားရှိရင် အာဏာသိမ်းနိုင်တယ်ဆိုတဲ့ အတွေးအခေါ်ရှိနေပြီး၊ ပြည်သူလူထုလိုလားတဲ့ နိုင်ငံရေးမျှော်မှန်းချက် ရရှိဖို့ဆိုရင် စစ်တပ်ကို နိုင်ငံရေးထဲမှာ ပါဝင် ပတ်သက်မှုမရှိအောင် အပြီးဖယ်ထုတ်ဖို့ လိုတယ်လို့ ပြောပါတယ်။ ရှစ်လေးလုံး အထိမ်းအမှတ်နေ့မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုကိုလည်း ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမှာလည်း တော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး ၃၆ နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံ သပိတ်လှုပ်ရှားမှု ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။ သပိတ်လှုပ်ရှားမှုမှာ လူထုအင်အား တထောင်ကျော် တက်တက်ကြွကြွနဲ့ ပါဝင်ချီတက်ခဲ့တယ်လို့ ပူးပေါင်းပါဝင်ခဲ့တဲ့ မုံရွာ အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီဝင် ကိုအော်စကာက ပြောပါတယ်။

"ရှစ်လေးလုံးက မပြီးသတ်သေးတဲ့ ဒီတော်လှန်ရေးကို ၂၁ မှာ ကျနော်တို့ လူငယ်မျိုးဆက်တွေက နောက်ထပ်နောက်ထပ် ဒီလိုမျိုး အထိမ်းအမှတ်တွေ မလုပ်ဘူးဆိုတာ၊ တော်လှန်ရေးကို ကျနော်တို့ ၂၁ မှာပဲ အပြီးတိုက်မယ်ပေါ့ဗျာ။ အခုပြောသလို ၈၈ က သွေးကြွေးဟောင်း ၂၁ မှာ အပြီးတောင်း ဆိုသလိုမျိုး၊ ၂၁ က သွေးကြွေးဟောင်းဆိုတာမျိုး မရှိရလေအောင် အမြစ်ကနေ တွန်းလှန်မယ်လို့ ကျနော်တို့ အင်အားစု အသီးသီးက ရည်ရွယ်ထားပါတယ်ဗျ။"

ဒီကနေ့မှာ ကျရောက်တဲ့ ၃၆နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်နေ့မှာ တော်လှန်ရေးအင်အားစုတွေဟာ ၈၈ က သွေးကြွေးဟောင်းကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးမှာ အပြီးသတ်ဆပ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။ တော်လှန်ရေးအင်အားစု အားကောင်းတဲ့ ဒေသတွေမှာ လူထုချီတက်သပိတ် လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပြီး၊ မြို့ပြတွေမှာတော့ အာဏာရှင် ဆန့်ကျင်ရေး စာတန်းချိတ်ဆွဲတဲ့ လှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG