စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်က ကွီလုံတိုင်ကျေးရွာအနီးမှာ မပေါက်ကွဲသေးတဲ့ ဗုံးတလုံးကို ကလေးတွေဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်ပွားလို့ ကလေး ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြပါတယ်။ ဒဏ်ရာရ ကလေးတွေကိုတော့ ထိုင်းနိုင်ငံ အုန်းဖန်ဆေးရုံကြီးကို ပို့ဆောင်ပြီး ဆေးကုသပေးနေတာပါ။ ဗွီအိုအေ သတင်းထောက် မအေးအေးမာက ဒီအကြောင်း သတင်းပေးပို့ထားပါတယ်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေ တိုက်ပဲွဖြစ်ပွားပြီးနောက် စစ်ကောင်စီရဲ့ ကွီလုံတိုင် တပ်စခန်း ကျသွားခဲ့တာပါ။ စခန်းအနီး အဲဒီ ကွီလုံတိုင်ကျေးရွာမှာတော့ မပေါက်ကဲွသေးတဲ့ လက်ကျန် ဗုံးတလုံးကို ကလေးတွေကတွေ့ရှိပြီး ယူကစားရာကနေ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ပေါက်ကဲွပြီး ကလေး ၂ ဦး သေဆုံးသွားတာလို့ ဒေသခံတဦးက ပြောပြပါတယ်။
" ကွီးလုံတိုင်ကျေးရွာမှာလေ မပေါက်ကဲွသေးတဲ့ ဗုံးကိုလေ ကလေးတွေက ဆော့ကစားရင်းနဲ့ တွေ့ရာကနေ ပေါက်ကဲွမှု ဖြစ်ပြီး ကလေး ၂ ယောက် သေဆုံးသွားတယ်၊ ဒဏ်ရာရသူတွေကိုတော့ ဆေးရုံပို့ထားတယ်၊ တိုက်ပဲွဖြစ်ပြီးတော့ အခုလို ဗုံးတွေ သေနတ်တွေ ကျန်ခဲ့ကြတယ်။ အဲဒါကို ကလေးတွေကတွေ့ပြီး ကစားရာကနေ အခုလိုပေါက်ကဲွပြီး သေဆုံးသွားတယ် ၂ ဦးကတော့ ဒဏ်ရာရသွားတယ်။ "
သေဆုံးသူတွေကတော့ အသက် ၁၀ နှစ်အောက် ကလေးတွေဖြစ်ပြီး နောက်ထပ် မိန်းကလေး ၂ ဦးလည်း ဒဏ်ရာပြင်းထန်တာကြောင့် ထိုင်းနိုင်ငံ အုန်းဖန်ဆေးရုံကြီးမှာပို့ပြီး ကုသမှု ခံယူနေပါတယ်။ ကော့ကရိတ်မြို့နယ်ထဲမှာ တိုက်ပဲွလည်း ဆက်ဖြစ်နေပြီး နေ့စဉ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်မူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
" လောလောဆယ် တောင်တက်လမ်းတွေက ခရီးသွားတွေ သွားတာနည်းတယ်။ လူတွေ သိပ်မသွားကြဘူး၊ ၂ ရက် ၃ ရက် တိုက်ပဲွဖြစ်ဖြစ်နေတယ်။ လက်နက်သံတွေကတော့ ၁၂ ရာသီ ကြားနေရတယ်။ အဲဒီဘက် ကော့ကရိတ် ကျုံဒိုးအောက်ဘက် ကျေးရွာတွေမှာလေ အောင်ဇေယျစစ်ကြောင်း တက်မယ့်လမ်းမှာလည်း KNLA PDF ပူးပေါင်းတပ်တွေက ဖြတ်ဖြတ်တိုက်နေတယ် သူတို့က တက်လာလို့ မရဘူး ကျုံဒိုးဘက်မှာပဲ ကိစ္စက ပြတ်ပြတ်သွားတယ်။ "
ကွီးလုံတိုင်နဲ့ ပိုင်ခလန် နယ်စပ်မှာ စစ်တပ်ရဲ့စခန်း အတော်များများ လက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက် စစ်ကောင်စီတပ်သားတွေလည်း ထိုင်းဘက်ကို လက်နက်ချပြီး ဝင်လာတာတွေ ရှိခဲ့ပါတယ်။ အခုအခါမှာတော့ KNU PDF ပူးပေါင်းတပ်တွေက နေရာအတော်များများကို ထိန်းချုပ်ထားပြီး စစ်ကောင်စီ ဘက်ကတော့ မြေပြင်ကနေ ထိုးစစ်ဆင်နိုင်တာ မရှိတော့ပဲ လေကြောင်းတိုက်ခိုက်မှုတွေ မကြာခန လုပ်နေပါတယ်ရှင်။
Forum