မဟာမိတ်နိုင်ငံတွေရော ပြိုင်ဘက်နိုင်ငံတွေကိုပါ လှုပ်ခတ်စေမယ့် နိုင်ငံခြားရေးမူဝါဒတွေ ထုတ်ပြန်နေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဂျပန်ဝန်ကြီးချုပ် Shigeru Ishiba ရှီဂဲရု အီရှိဘကို သောကြာနေ့က သမ္မတအိမ်ဖြူတော်မှာ တွေ့ဆုံပါတယ်။
ဂျပန်အစိုးရကတော့ အခု ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ကနေ အမေရိကန်-ဂျပန် ဆက်ဆံရေး ပြန်လည်ခိုင်မာ လာဖို့ မျှော်လင့်နေတာပါ။
ခေါင်းဆောင် ၂ ဦးဟာ ကာကွယ်ရေးပစ္စည်းနဲ့ နည်းပညာရပ်ဆိုင်ရာ ပူးပေါင်းမှုတွေ၊ ၂ နိုင်ငံ စစ်ရေးပူးတွဲ လေ့ကျင့်မှု တိုးမြှင့်ဖို့၊ အမေရိကန်နိုင်ငံမှာ ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မြှင့်တင်ဖို့အပြင် အမေရိကန် စွမ်းအင်တွေ ဂျပန်ကို တင်ပို့ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ရှိတယ်လို့ ထရမ့် အစိုးရအဖွဲ့ အကြီးတန်းအရာရှိတဦးက သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။
ဒါ့အပြင် ဆိုင်ဘာ လုံခြုံရေးစွမ်းရည် တိုးတက်အောင်လုပ်ဖို့၊ အာကာသ စူးစမ်းရေး ပူးပေါင်းဆောင်ရွက်ဖို့နဲ့ AI နဲ့ တပိုင်းလျှပ်ကူးပစ္စည်း အပါအဝင် အရေးပါတဲ့ နည်းပညာကဏ္ဍတွေ တိုးတက်လာစေမယ့် ပူးတွဲ စီးပွါးရေး အခွင့်အလန်း တွေ တိုးတက်အောင် လုပ်ဆောင်ဖို့ကိုပါ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
သမ္မတ ထရမ့်ကတော့ ကနေဒါကို အမေရိကန်ပြည်နယ်တခုအဖြစ် ထည့်သွင်းချင်နေတာ၊ ဂရင်းလန်ကို ဒိန်းမတ် ဆီကနေ ရယူချင်တာ၊ ပနားမားတူးမြောင်းကို ထိန်းချုပ်ချင်တဲ့ ကိစ္စရပ်တွေကို ပြောဆိုရင်း အမေရိကန်ရဲ့ မဟာမိတ်တချို့ကို ဖိအားပေးနေချိန်မှာ ဂျပန်ဝန်ကြီးချုပ် အမေရိကန်ကို လာရောက်တာ ဖြစ်ပါတယ်။
အရင်သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်က ဂျပန်ရဲ့အကြီးဆုံး Nippon Steel သံမဏိလုပ်ငန်းက အမေရိကန် Pittsburg မှာ အခြေစိုက်တဲ့ အမေရိကန် သံမဏိလုပ်ငန်းကို ဝယ်ယူရေးနဲ့ပတ်သက်လို့ ပိတ်ပင်ခဲ့တာကြောင့် အမေရိကန်- ဂျပန် ဆက်ဆံရေး အဆင်မပြေ ဖြစ်ခဲ့ရတာပါ။ သမ္မတ ဘိုင်ဒန်ရဲ့ အဲဒီတားမြစ်မှုကို ထရမ့်က လက်မခံခဲ့ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး သမ္မတအိမ်ဖြူကို VOA က မေးမြန်းထားပေမယ့် ခုထိ တုံ့ပြန်တာ မရှိသေးပါဘူး။
Forum