သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအပေါ် ကန် ဂျပန် ဒဏ်ခတ်မှု တိုး


ရုရှားအစိုးရအတွက် ဝင်ငွေ အဓိက ရှာဖွေပေးနေတဲ့ ရုရှားရဲ့  စွမ်းအင်ကဏ္ဍမှာ ဝင်ငွေလျော့စေဖို့ ရည်ရွယ်ပြီး ဒဏ်ခတ် အရေးယူ။ ဓာတ်ပုံ - REUTERS/Dado Ruvic/Illustration/File Photo
ရုရှားအစိုးရအတွက် ဝင်ငွေ အဓိက ရှာဖွေပေးနေတဲ့ ရုရှားရဲ့  စွမ်းအင်ကဏ္ဍမှာ ဝင်ငွေလျော့စေဖို့ ရည်ရွယ်ပြီး ဒဏ်ခတ် အရေးယူ။ ဓာတ်ပုံ - REUTERS/Dado Ruvic/Illustration/File Photo

ရုရှားအတွက် ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မယ့် ဝင်ငွေမရစေဖို့ ရည်ရွယ်ပြီး အမေရိကန်နဲ့ ဂျပန်တို့က သောကြာနေ့မှာ ဒဏ်ခတ်အရေးယူ မှုအသစ်တွေ ချမှတ်လိုက်ပါတယ်။

ရုရှားရဲ့ စွမ်းအင်ကဏ္ဍမှာ ဝင်ငွေလျော့စေဖို့ရည်ရွယ်ပြီး ရုရှားရဲ့ အကြီးဆုံး ရေနံထုတ် ကုမ္ပဏီကြီး ၂ ခု ဖြစ်တဲ့ Gazprom Neft နဲ့ Surgutneftegas တို့ကို အမေရိကန် ဘဏ္ဍာရေးဌာနက အရေးယူဒဏ်ခတ်တာ ဖြစ်ပြီး နိုင်ငံခြားရေးဌာနနဲ့ သမ္မတအိမ်ဖြူတော်တို့ကလည်း အရေးယူမှုအတွက် ကြေညာချက် တပြိုင်တည်း ထုတ်ပြန်ခဲ့တာပါ။

အခု အရေးယူမှုကနေ ရုရှားစွမ်းအင်ကဏ္ဍမှာ ပါဝင် ပတ်သက်နေတဲ့ ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ် စုစုပေါင်း ၂၀၀ ကျော် အတွက် သက်ရောက်မှာ ဖြစ်ပါတယ်။ ဒီအထဲမှာ ရုရှားရေနံ အရောင်းအဝယ် လုပ်နေသူတွေ၊ ရုရှား အခြေစိုက် ရေနံတွင်း ဝန်ဆောင်မှုပေးနေသူတွေ နဲ့ ရုရှားစွမ်းအင်ဌာန အရာရှိတွေ ပါဝင်ပါတယ်။

ဒါ့အပြင် ရေနံတင် သင်္ဘော အစင်း ၁၈၀ ကိုလည်းပစ်မှတ်ထား အရေးယူတာပါ။ အများစုဟာ ရုရှားက ကမ္ဘာတလွှားကို သူ့ရေနံတွေ သယ်ယူပို့ဆောင် ရာမှာ အသုံးပြုနေတဲ့ ယာဉ်တွေ ဖြစ်ပါတယ်။

အခု အရေးယူမှုကနေ ရုရှားအစိုးရအတွက် ဝင်ငွေဟာ တလကို ဒေါ်လာ ဘီလီယံပေါင်းများစွာ ဆုံးရှုံးမှာ ဖြစ်တဲ့ အတွက် ရုရှားက သူ့ရဲ့ အဓိပ္ပာယ်မရှိတဲ့ စစ်ပွဲ ဆက်တိုက်ရေး အတွက် စဉ်းစားလာမှာဖြစ်ကြောင်း သမ္မတအိမ်ဖြူတော် အမျိုးသား လုံခြုံရေးဆိုင်ရာ လက်ထောက်အကြံပေး Daleep Singh က ကြေညာချက်မှာ ပြောပါတယ်။

ဂျပန် အတွင်းဝန်ချုပ် Yoshimasa Hayashi က လည်း သောကြာနေ့မှာပဲ ကြေညာချက် ထုတ်ပြန်ပြီး ဂျပန်အစိုးရက အဖွဲ့အစည်း ၃၃ ခုနဲ့ မြောက်ကိုရီးယား နိုင်ငံသား တဦးအပါအဝင် လူပုဂ္ဂိုလ် ၁၂ ဦးတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်လိုက်ကြောင်း သောကြာနေ့မှာပဲ ကြေညာပါတယ်။ ဒါ့အပြင် ရုရှား၊ တရုတ်နဲ့ နိုင်ငံတချို့က အဖွဲ့အစည်း ၅၃ ခု ကိုပါ နောက်ထပ် အရေးယူကြောင်း ပြောပါတယ်။ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကို မြောက်ကိုရီးယားက အကူအညီပေးတာ အတွက် အခုလို ဂျပန်က အရေးယူတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ယူကရိန်းသမ္မတ Volodymyr Zelenskyy ကတော့ အခုလို ဒဏ်ခတ်မှုတွေ အတွက် ကျေနပ်ကြောင်း ပြောပါတယ်။

ရုရှားအပေါ် ကန် ဂျပန် ဒဏ်ခတ်မှု တိုး
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG