စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် မုံရွာမြို့နဲ့ ချောင်းဦး မြို့နယ်ထဲမှာ ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ မကွေးတိုင်း ပွင့်ဖြူမြို့နယ်နဲ့ ရေစကြိုမြို့နယ်တို့မှာလည်း လေကြောင်းတိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အခြေအနေ ရန်ကုန်ကပေးပို့လာတဲ့ သတင်း ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် တောင်ပိုင်းက ကျေးရွာတွေဖြစ်တဲ့ ညောင်ဖြူပင် ၊ သစ်ဆိမ့် ၊ ဘုဘ ၊ ဝဲကြီး ရွာတို့ကို ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ ညပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ၁၀ ဦးထက် မနည်း သေဆုံးခဲ့ပါတယ်။
မုံရွာမြို့နဲ့ ကပ်လျက်မှာရှိနေတဲ့ ချောင်းဦးမြို့နယ်ထဲမှာ စစ်ဘေးရှောင်တွေရှိတဲ့ ကုလားကြီးရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ သေဆုံးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မုံရွာမြို့နဲ့ ချောင်းဦး မြို့နယ်ထဲက လေကြောင်းတိုက်ခိုက်ခံရတဲ့ အခြေအနေတွေကို ဒေသခံတဦးက အခုလို ပြောပါတယ်။
"မနေ့ညက စဖြစ်တာ မုံရွာမြို့ထဲကနေ လက်နက်ကြီးတွေနဲ့ စပစ်တာ။ ကျွန်းပေါ်တွေ ၊ အဓိက ဘုဘကို အရင် လက်နက်ကြီး စပစ်တာ။ လက်နက်ကြီးပစ်ပြီးတော့ ၈ ခွဲလောက် လက်နက်ကြီးပစ်ပြီးတော့ ၁၀ နာရီ ကျော်လောက်မှာ Y12 နဲ့ လေယာဉ်နဲ့ လာချတာခင်ဗျ။ အဲ့ဒါက မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ် အဲဒီတချိန်တည်း ပတ်ပစ်တာ ချောင်းဦးမြို့နယ်ထဲက ကုလားကြီး စခန်းပါမယ်။ အဲ့ဒါ ၁၁ ခွဲလောက်မှ သူတို့ ပြန်သွားတာ။ အခု လောလောဆယ် စုံစမ်းရတာက မုံရွာ ညောင်ဖြူပင်မှာက ၃ ယောက် ဆူးလေကုန်းက ၃ ယောက် နောက်ပြီး သစ်ဆိမ့်က ၅ ယောက် ကုလားကြီးက ၃ယောက်။ "
လေကြောင်း တိုက်ခိုက်မှုကြောင့် ၂၀ ထက် မနည်းလည်း ဒဏ်ရာရရှိခဲ့သလို ချောင်းဦးမြို့နယ် ကုလားကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေထဲ ကလေးငယ် ၂ ဦး ပါဝင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက် မနက် ၂ နာရီကျော်မှာတော့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ မုံရွာမြို့နယ်ထဲက ကျေးရွာတွေကို ကင်းထောက်လေယာဉ်တွေနဲ့ ထောက်လှမ်းပြီး မနက်ပိုင်းမှာ ဒုတိယအကြိမ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် မုံရွာနဲ့ ဆားလင်းကြီးမြို့နယ်အစပ်က ကျေးရွာတွေကို စက်တပ် လေထီးတွေနဲ့ တိုက်ခိုက်ခဲ့လို့ နေအိမ်အချို့လည်း ပျက်စီးခဲ့ပါတယ်။ ဒီတိုက်ခိုက်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
အခုလို လေကြောင်းကနေ အကြိမ်ရေများစွာ ဗုံးကြဲ တိုက်ခိုက်လို့ ကျေးရွာ ၅ ရွာထက်မနည်းက ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာနေရာတွေဆီ တိမ်းရှောင်နေရပါတယ်။
တဆက်တည်းမှာပဲ ဖေဖော်ဝါရီ ၁၃ ရက် မနက်ပိုင်းမှာ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသက သာဂေါင်ကျေးရွာကို လေကြောင်းက တိုက်ခိုက်ခဲ့သေးတယ်လို့ ရေစကြို ပကဖ တာဝန်ခံက ပြောပါတယ်။
"ဒီကနေ့ မနက် အစောပိုင်း ၂ နာရီလောက်မှာ ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် ဗုံးကြဲ တိုက်ခိုက်သွားတာပေါ့။ ရေလယ်ကျွန်းဒေသ သာဂေါင်လေး ကျေးရွာကိုပေါ့။ အဲ့မှာ ဗုံးသီး ၂ လုံးကြဲပြီးတော့ တိုက်ခိုက်တာပါခင်ဗျ။ ရွာတောင်ဖျား တလုံးနဲ့ ရွာအရှေ့ဖျား တလုံး ၂ လုံးကြဲ တိုက်ခိုက်တာ ပြည်သူတွေ ထိခိုက်တာတော့ မရှိဘူးပေါ့နော်။ နေအိမ်ကတော့ ၃ လုံး ပျက်စီးသွားတယ်။"
အခုနှစ် ဇန်နဝါရီ ၁၆ ရက်ကလည်း သာဂေါင်လေးကျေးရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသားတဦးနဲ့ ကလေးငယ် တဦး သေဆုံးပြီး နေအိမ်အချို့လည်း ပျက်စီးခဲ့ပါသေးတယ်။
မကွေးတိုင်းထဲကပဲ ပွင့်ဖြူမြို့နယ် မဒဲကျေးရွာကို လေထီး စက်တပ်ယာဉ်တွေနဲ့ ဗုံးသီးတွေ ကြဲချတယ်လို့လည်း ပွင့်ဖြူမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုအညာသားက ပြောပါတယ်။
"မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် မဒဲကျေးရွာ။ မဒဲကျေးရွာကိုမှ မဒဲက ၂ ရွာ ရှိတာ မြောက်ရွာကို စက်တပ်လေထီးနဲ့ လာပြီးချတာ။ ည ၁၁ နာရီနဲ့ ၁၅ မိနစ် အချိန်လောက်မှာ လာချတာ။ ချတဲ့အချိန်မှာ ကောက်ရိုးပုံတွေ မီးလောင်သွားတာပေါ့နော်။ ရွာထိပ်ကျတာ ကောက်ရိုးပုံ မီးလောင်သွားတယ်။"
၂၀၂၄ နှစ်ကုန်ပိုင်းကစလို့ လက်နက်ကိုင်အားကောင်းတဲ့ မြို့တွေကို စစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကို အရှိန်မြှင့် လုပ်ဆောင်နေပြီး ဂျက်ဖိုက်တာတွေအပြင် လေထီးကို စက်တပ်ထားတဲ့ ယာဉ်တွေကိုပါ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
Forum