ဖေဖော်ဝါရီ ၁၄ ရက်က နယူးဒေလီမြို့တော်မှာ မြန်မာ အာဏာသိမ်း စစ်ကောင်စီရဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းနဲ့ အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနဲ့ စက်မှုလက်မှုဝန်ကြီး Jitin Prasada တို့ တွေ့ဆုံပြီး ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဆေးဝါး၊ ပဲမျိုးစုံ၊ ရေနံထွက်ပစ္စည်း ကူးသန်းရောင်းဝယ်ရေး အပြင် မကြာခင်က စတင်ခဲ့တဲ့ မြန်မာ ကျပ်ငွေနဲ့ အိန္ဒိယ ရူပီး သုံးစွဲပြီး ကုန်သွယ်မှု ယန္တရား ပိုပြီး လုပ်ဆောင်နိုင်ရေး ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
“တွေ့ဆုံချိန်မှာ နှစ်နိုင်ငံခေါင်းဆောင်တွေဟာ နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အလားအလာရှိတဲ့ နယ်ပယ်တွေကို ဆွေးနွေးခဲ့ကြပြီး နယ်စပ်ကုန်သွယ်ရေးလမ်းတွေကနေတဆင့် နယ်စပ်ကုန်သွယ်မှုတွေ ပြန်လည်စတင်ဖို့ အရေးကြီးကြောင်းကိုလည်း အသိအမှတ်ပြုပြီး ဒီကိစ္စကို ဆက်လက်ဆောင်ရွက်သွားဖို့ သဘောတူညီခဲ့ကြတယ်” လို့ အိန္ဒိယ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
အိန္ဒိယနယ်စပ်က ကုန်သွယ်ရေး ဂိတ်တွေကိုတော့ ချင်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီကို လက်နက်ကိုင် တိုက်နေတဲ့ အဖွဲ့အစည်းတွေက အများစု ထိန်းချုပ်ထားချိန်မှာ စစ်ကောင်စီ တာဝန်ရှိသူတွေနဲ့ အိန္ဒိယက အခုလို ဆွေးနွေးခဲ့ကြတာပါ။
နှစ်ဘက် ဆွေးနွေးကြတဲ့ အကြောင်းအရာတွေထဲမှာ အိုင်စီတီ နည်းပညာ၊ 5 G အင်တာနက် ကွန်ရက် ဆက်သွယ်ရေး လုပ်ငန်းနဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေမှာ အဓိက ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်နိုင်ဖို့လည်း ပါဝင်တယ်လို့ အိန္ဒိယ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အိန္ဒိယဟာ မြန်မာရဲ့ ပဉ္စမမြောက် အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုက ၂၀၂၃-၂၄ ခုနှစ်ထဲမှာ အမေရိကန်ဒေါ်လာ ၁.၇၄ ဘီလီယံရှိပြီး ၂၀၂၂-၂၃ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁.၇၆ ဘီလီယံ ရှိခဲ့ပါတယ်။
Forum