အိန္ဒိယ-မြန်မာကြားက ဆယ်စုနှစ်တခုနီးပါး ရပ်တန့်ထားတဲ့ ပန်ဆောင်နယ်စပ်ကုန်သွယ်ရေးစခန်းကို ဒီရက်ပိုင်းထဲမှာ ပြန်ဖွင့်သွားဖို့ အိန္ဒိယကမြန်မာစစ်ကောင်စီနဲ့ ညှိနှိုင်းခဲ့တယ်လို့ ဒေသခံတချို့က ဗွီအိုအေကို ပြောပါတယ်။ အိန္ဒိယနယ်စပ်က နာဂလက်နက်ကိုင်တွေကြောင့် ဒီဂိတ်ကို ပိတ်ထားရပေမဲ့ အိန္ဒိယအတွက်တော့ ဒီနယ်စပ်ဂိတ်ဟာ ဒေသတွင်းနိုင်ငံတွေနဲ့ ဆက်သွယ်တာမှာ စီးပွားရေးရော နိုင်ငံရေးအရပါ အရေးပါတဲ့ ဂိတ်တခုဖြစ်တယ်လို့ သုံးသပ်နေတာလည်း ရှိပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
စစ်ကိုင်းတိုင်း နာဂဒေနဲ့ အာရန်နာချယ် (Arunachal Pradesh) ကြားက ပန်ဆောင်နယ်စပ်ဂိတ်ကို အိန္ဒိယအစိုးရက အခု ဒီဇင်ဘာလ ၁၅ ရက်မှာ ပြန်ဖွင့်ဖို့ရှိနေပါတယ်။ နာဂလက်နက်ကိုင်ပဋိပက္ခ ကြောင့် ဒီဂိတ်ကို ဆယ်စုနှစ်တခုနီးပါး အိန္ဒိယဘက်က ပိတ်လိုက်တာပါ။ ပြန်ဖွင့်ဖို့ မြန်မာစစ်ကောင်စီနဲ့ ညှိနှိုင်းမှုတချို့ ပြုလုပ်ခဲ့တယ်လို့လည်း ဒေသခံတချို့က ဗွီအိုအေကို ပြောပါတယ်။ နာဂအမျိုးသား ပါတီဥက္ကဋ္ဌ ဦးရှုမောင်က အိန္ဒိယဘက်က ပြန်ဖွင့်ပေးတော့မယ်လို့ ဗွီအိုအေကို အတည်ပြုပါတယ်။
"အခုပြန်ဖွင့်ရတဲ့ အကြောင်းကတော့ ဘယ်လိုအပြန်အလှန် ညှိနှိုင်းမှုတွေရှိလို့ ဘာအကြောင်း ကြောင့်ဆိုတာ ကျနော်သေချာ မသိရသေးပါဘူးဗျ၊ အဓိကတော့ ကုန်စည်စီးဆင်းမှုနဲ့ အဲဒီဒေသခံတွေ ကျန်းမာရေးကိစ္စ၊ ပညာရေးကိစ္စ နောက် အခြားကုန်စည်စီးဆင်းမှုကိစ္စ လည်ပတ်သွားနိုင်ဖို့ ကိစ္စတွေပေါ့နော်။"
ဟိုးအရင်ကတည်းက ဒီပန်ဆောင်ဂိတ်ဟာ အိန္ဒိယနယ်စပ်က နာဂလက်နက်ကိုင်တွေနဲ့ ပဋိပက္ခ တွေကြောင့် မကြာခဏဆိုသလို ပိတ်လိုက်၊ ဖွင့်လိုက် ရှိခဲ့တာပါ။ ဒါပေမဲ့ ဒီနယ်စပ်ဂိတ်ဟာ အိန္ဒိယရဲ့ အရှေ့မျှော် စီးပွားရေးပေါ်လစီထဲမှာ ထည့်သွင်းထားတဲ့ နယ်စပ်ဂိတ်တခုလည်း ဖြစ်ပါတယ်။ အကြောင်းကတော့ ဒီဂိတ်ကို ပြန်ဖွင့်လိုက်ပြီဆိုရင် မူဆယ်၊ လားရှိုး၊ မန္တလေးနဲ့ ရန်ကုန်ကို အာရှလမ်းမကြီးကနေ သွားလို့ရမယ်လို့ အိန္ဒိယရဲ့ ဌာနဆိုင်ရာ သုတေသနတခုမှာ ရေးသားထားပါတယ်။ ဒါကြောင့် ဒေသတွင်း ပထဝီနိုင်ငံရေးအရလည်း အရေးပါတယ်လို့ ဆိုပါတယ်။ မြန်မာဘက်မှာ လမ်းတည်ဆောက်တာတွေ ပြီးသွားတာနဲ့ အာရန်နာချယ်ပြည်နယ်၊ Nanpong မြို့ကို တရုတ်ကူမင်းမြို့၊ ထိုင်းနိုင်ငံဘန်ကောက်မြို့တွေအပြင် မလေးရှား ကွာလာလမ်ပူနဲ့ စင်္ကာပူအထိ ချိတ်ဆက်နိုင်လိမ့်မယ်လို့လည်း သုံးသပ်ထားတာ တွေ့ရပါတယ်။
အိန္ဒိယဟာ ချင်းပြည်နယ်နဲ့ ထိစပ်နေတဲ့ သူ့ရဲ့ ပြည်နယ်တွေမှာ ဖွံ့ဖြိုးရေးစီမံကိန်းတွေလုပ်ဖို့ နှောင့်နှေးနေတာတွေရှိပါတယ်။ ချင်းပြည်နယ်ထဲက နယ်စပ်ဂိတ်တွေကိုတော့ ချင်းလက်နက်ကိုင် တွေက ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။ အိန္ဒိယကုန်းတွင်းဆိပ်ကမ်း အာဏာပိုင်အဖွဲ့ (Land Ports Authority of India) ရဲ့ ၂၀၂၂ ထုတ်ပြန်ချက်အရဆိုရင် အရှေ့မြောက်ဒေသမှာ အာသံနဲ့ နာဂလန်ပြည်နယ်ပြီးရင် အာရန်နာချယ်ပြည်နယ်မှာ လမ်းပန်း ဖွံ့ဖြိုးရေးစီမံကိန်းတွေကို အများဆုံး တိုးချဲ့နေတာပါ။ ပန်ဆောင်နယ်စပ်ဂိတ် အခြေအနေနဲ့ ပတ်သက်ပြီး ဦးရှုမောင်က ဆက်ပြောပါတယ်။
"လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က အိန္ဒိယအစိုးရကနေ ဒီဂိတ်ကို မကြာခင်ဖွင့်မယ်လို့ လုပ်တဲ့အချိန်မှာပဲ နာဂလက်နက်ကိုင်အဖွဲ့က အိန္ဒိယလွပ်လပ်ရေးနေ့ မတိုင်ခင်လေးမှာ တိုက်ပွဲလုပ်လိုက်တော့ ပစ်ခတ် တိုက်ခိုက်မှုတွေ ဖြစ်ကြတဲ့အချိန်မှာ အဲဒီကနေစပြီး သူတို့ ဟိုဘက်က အာသံရိုင်ဖယ်အဖွဲ့တွေလည်း အကျဆုံးတွေရှိခဲ့တယ်။ ဖွင့်ခါနီး တိုက်ပွဲသွားလုပ်လိုက်တော့ အဲဒီကနေပိတ်လိုက်တာ ဒီနေ့အထိပဲ ဖြစ်တာပေါ့နော်။"
စစ်ကောင်စီရဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးတို့ နေပြည်တော်မှာ အခုလ ၅ ရက်က တွေ့ဆုံခဲ့ပါတယ်။ မြန်မာဘက်က ချင်း၊ နာဂဒေသနဲ့ အိန္ဒိယ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းတချို့ ပြီးစီးတဲ့ အထိမ်းအမှတ်အဖြစ် တွေ့ဆုံကြတာပါ။ ချင်းနဲ့ နာဂဒေသက အခြေခံအဆောက်အဦတွေ ဖွံ့ဖြိုးဖို့ အိန္ဒိယက တကြိမ်ကို အမေရိကန်ဒေါ်လာ ၅ သန်းနှုန်းနဲ့ ငါးကြိမ်ပံ့ပိုးခဲ့ပါတယ်။
အခု ဒုတိယအကြော့ ငါးနှစ်စီမံကိန်းအနေနဲ့ နောက်ထပ် အမေရိကန်ဒေါ်လာ ၂၅သန်းကို အိန္ဒိယက ပေးသွားဖို့ရှိပြီး မြန်မာစစ်ကောင်စီနဲ့ နားလည်မှုစာချုပ် MoU ကို မကြာခင် နှစ်နိုင်ငံ ရေးထိုးဖို့ရှိနေပါတယ်။
Forum