သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ-အိန္ဒိယ အနာဂတ်ကုန်သွယ်ရေး တိုးမြှင့်နိုင်မှု အလားအလာ


ကုလားတန်စီမံကိန်းမြေပုံ
ကုလားတန်စီမံကိန်းမြေပုံ

(Zawgyi/Unicode)

မြန်မာပြည်တွင်း ကုလားတန်ဘက်စုံ ဖွံ့ဖြိုးရေး စီမံကိန်းကို အိန္ဒိယအစိုးရက အပြီးသတ်ဖို့ လိုလားနေသလို COVID ကပ်ရောဂါ အလွန်မှာလည်း မြန်မာနဲ့ စီးပွားရေး အတူချဲ့ထွင်နိုင်ဖို့ အိန္ဒိယအစိုးရက ဆန္ဒရှိနေပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ အိန္ဒိိယဘက်ကလိုလားချက်နဲ့ စိုးရိမ်ချက်တွေဘာတွေရှိနေလဲ သုံးသပ်ထားတာတွေကို ကိုဇော်ထက် ပြောပြမှာပါ။

မြန်မာ- အိန္ဒိယ နှစ်နိုင်ငံလုံးက COVID ကပ်ရောဂါ အလွန်မှာ ကုန်သွယ်ရေး ပူပေါင်းချဲ့ထွင်နိုင်ဖို့ ရည်ရွယ်ရာမှာ၊ ဒေါ်လာသန်း ၂၀၀ ကျော် ရင်းနှီးမယ့် မြန်မာပြည်တွင်း ကုလားတန်ဘက်စုံ ဖွံ့ဖြိုးရေး စီမံကိန်းကိုလည်း အိန္ဒိယ အစိုးရက အပြီးသတ်ဖို့ ဆန္ဒရှိနေပါတယ်.။

မြန်မာက အိန္ဒိယရဲ့ အဓိက ကုန်သွယ်ဘက်နိုင်ငံ မဟုတ်ခဲ့ပေမဲ့ သူ့ရဲ့ အရှေ့ပိုင်းက ကုန်တွင်းပိတ်ပြည်နယ်တွေဖွံ့ဖြိုးဖို့အတွက် မြန်မာက အဓိကကျနေသလို တရုတ်ရဲ့ ပထဝီနိုင်ငံရေးအပေါ်မှာလည်း စိုးရိမ်မှုရှိလာတာလည်း အချက်တခုဖြစ်နေတယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။ အိမ်နီးချင်းနိုင်ငံ၊ အင်အားကြီးနိုင်ငံ ပြီးတော့ ကုန်သွယ်ရေးမှာလည်း ကာလကြာ လက်တွဲခဲ့တဲ့နိုင်ငံဖြစ်လို့ မြန်မာအနေနဲ့ အိန္ဒိယနဲ့ ဆက်ဆံရေး ဒီထက်ပိုကောင်းဖို့လိုကြောင်း စီးပွားရေးပညာရှင် ဒေါက်တာအောင်ထွန်းသက်က ပြောပါတယ်။

“ သူတို့နဲ့ ကုန်သွယ်မှုက ဒီထက်ပိုပြီး နော်။ သူတို့ အများဆုံးဝယ်တာ လယ်ယာထွက်ကုန် အထူးသဖြင့် ပဲပေါ့။ နောက်သူတို့ဆီက ထွက်တဲ့၊ အိန္ဒိယကလည်း တဖြည်းဖြည်း စက်မှုထွန်းကားလာတဲ့ အခြေအနေရှိတော့ သူတို့ဆီက ထွက်ကုန်တွေကလည်း ကိုယ့်အတွက် အရေးပါတဲ့ ထွက်ကုန်တွေ ဖြစ်လာတယ်။ တဖြည်းဖြည်းပေါ့လေ ရွေးချယ်မှု များများရှိဖို့လိုတယ်။ တရုတ်ကို တဘက်ကလည်း ပတ်သက်နေသလို အိန္ဒိယလည်း ပတ်သက်မယ်၊ အာဆီယံလည်း ပတ်သက်မယ်၊ အနောက်နိုင်ငံနဲ့လည် ပတ်သက်မယ် ဆိုတော့ ပုံစံအမျိုးမျိုးနဲ့ ပတ်သက်ရမှာပေါ့။ ဒါစီးပွားရေးရဲ့ အခြေခံပဲ။”

မြန်မာ- အိန္ဒိယ နှစ်နိုင်ငံဟာ COVID ကပ်ရောဂါအလွန်မှာ ကုန်သွယ်ရေးအရှိန်မြှင့်ဖို့ ရည်ရွယ်ချက်တွေရှိနေတယ်ဆိုပြီး တောင်အာရှသတင်းဌာန ANI က အခု ဇွန်လ ၁၅ရက်မှာ ရေးသားခဲ့တာပါ။ စစ်တွေဆိပ်ကမ်းတိုးချဲ့ဖို့၊ ကုလားတန်မြစ်ကနေ ချင်းပြည်နယ် ပလက်ဝမြို့ကို ဖြတ်ပြီး အိန္ဒိယ ကုန်းတွင်းပိတ် မီဇိုရမ်ပြည်နယ်နဲ့ အပြန်အလှန် ကုန်သွယ်နိုင်မယ့် ကုလားတန်စီမံကိန်းကို အပြီးသတ်ဖို့ အိန္ဒိယ အစိုးရက ဆန္ဒရှိနေတာပါ။ နှစ်နိုင်ငံ တိုးမြင့်လာတဲ့ ဆက်ဆံမှုက စီးပွားရေး နိုင်ငံရေး နှစ်ခုလုံးမှာ အရေးပါနေတယ်လို့ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောပါတယ်။

“ ကျနော်တို့နိုင်ငံအပြင် အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ကူးလူးဆက်ဆံဖို့သူ ပိုပြီးတော့ အားစိုက်လာတယ်။ အရင်က သူ့ရဲ့ အရှေ့မြောက် ဒေသဆိုတာ နည်းနည်းလေး သူတို့ အိန္ဒိယ အစိုးရရဲ့ သီးခြားဆန်တဲ့သဘော တွေ့ခဲ့ရတယ်ပေါ့။ ဥပမာ မဏိပူရ၊ အာသံပေါ့ စသဖြင့်။ ဒါပေမဲ့ အဲဒီဒေသတွေကိုလည်း ပိုပြီးတော့ ငြိမ်းချမ်းရအောင် ဆိုပြီးတော့၊ မြန်မာနိုင်ငံနဲ့လည်း နိုင်ငံရေးအရရော၊ စီးပွားရေးအရရော ကူးလူးဆက်ဆံမှုတွေ ပိုပြီးတိုးမြင့်လာတာ တွေရတယ်။ တရုတ်နဲ့ ထိစပ်တာက ကုန်းပိုင်းပဲ ကျနော်တို့က နယ်နမိတ် ထိစပ်တာပေါ့နော်၊ အိန္ဒိယကျတော့ ကုန်းပိုင်းရော၊ ရေပိုင်းရော နယ်နမိတ် ထိစပ်တယ်။ အိန္ဒိယသည် ဘာပဲပြောပြော ကျနော်တို့နဲ့ နယ်နမိတ်ကြားမှာ ပိုပြီး ငြိမ်းချမ်းရေးရော၊ စီးပွားရေးရော နှစ်ခုလုံးက အရေးပါတယ်လို့ ကျနော်ကတော့ မြင်တယ်။”

အိန္ဒိယဘက်က ကုလားတန်စီမံကိန်းအပြီးသတ်ဖို့ ဆောင်ရွက်နေချိန်မှာပဲ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်ပလက်ဝက AA ရခိုင်လက်နက်ကိုင်တွေနဲ့ အစိုးရတိုက်ပွဲတွေကြောင့် လုပ်ငန်းတွေ နှောင့်နှေးမှုတွေရှိခဲ့ပါတယ်။ စီမံကိန်းလုံခြုံရေးအရလည်း စိုးရိမ်စရာတွေရှိခဲ့ပါတယ်။ အဲဒီနောက် COVID-19 ကမ္ဘာ့ကပ်ရောဂါ ကြုံလာတဲ့နောက် အခြေအနေတွေကြောင့်လည်း နယ်စပ်အသွှားအလာတွေပိတ်ပြီး လုပ်ငန်းထိခိုက်မှုတွေရှိလာပါတယ်။ အရင်ဦးဆုံးအားဖြင့် နှစ်နိုင်ငံနယ်စပ် တည်ငြိမ်ရေးအတွက် အချိန်ယူဖြေရှင်းရလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။

“ နှစ်ဘက်နယ်စပ်မှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် ကိစ္စကို ဆိုလို့ရှိရင်တော့ စောင့်ကြည့်ရမယ်။ ဘာလို့ဆိုတော့ တမူး၊ မိုးရေးနဲ့ နာဂတောင်တန်း တကြောမှာလည်း ကသည်းသူပုန်ရှိတယ်၊ အာသံသူပုန်ရှိတယ်၊ နာဂသူပုန်ရှိတယ်ပေါ့ အိန္ဒိယ အစိုးရနဲ့ ပဋိပက္ခ ဖြစ်နေတဲ့ အဖွဲ့တွေရှိတယ်။ ရခိုင်နဲ့ ပလက်ဝနဲ့ ဆက်စပ်နေတဲ့ ဧရိယာမှာတော့ မြန်မာပြည်တွင်းက AA လက်နက်ကိုင်အဖွဲ့၊ သူပုန်အဖွဲ့ရှိတာပေါ့။ ဒီပြဿနာက နှစ်ဘက်ရှိနေတဲ့ ပြဿနာ ဖြစ်တဲ့အတွက်ကြောင့်မို့ ဖြေရှင်းဖို့ကတော့ ခက်ခဲနေဦးမယ်လို့ ထင်ပါတယ်။”

အိန္ဒိယ ကုမ္ပဏီတွေက မြန်မာ့ဆက်သွယ်ရေးကဏ္ဍမှာ ၂၅ ရာခိုင်နှုန်း ဈေးကွက်ဝေစုရထားပြီး တရုတ်ကတော့ သူ့ရဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမအစီအစဉ်နဲ့ ပြည်တွင်း လမ်းပန်းဆက်သွယ်ရေးမှာ ကဏ္ဍမှာ ဦးဆောင်နေတာပါ။ နှစ်နိုင်ငံကို ယှဉ်ကြည့်မယ်ဆိုရင် ၂၀၁၁ ကနေ ၂၀၁၉ အထိ အိန္ဒိယရဲ့ မြန်မာပြည်တွင်း ရင်းနှီးမြှုပ်နှံမှုက ၃.၇ ရာခိုင်နှုန်းပဲရှိတယ်လို့ BusinessLine သတင်းဌာနက ရေးသားခဲ့ပါတယ်။ ဒါပေမယ့် အိန္ဒိယက မြန်မာကို ကုန်တင်ပို့တဲ့ပမာဏကတော့ ၂၀၁၇ ထက်စာရင်တော့ ၂၅ ရာခိုင်နှုန်းတက်လာပါတယ်။

တိုက်ရိုက် လင့်ခ်


.................

(Unicode)










ဆက်စပ်သတင်းများ ...

XS
SM
MD
LG