ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ ပူးပေါင်းတပ်တို့ကြား နှစ်ဘက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေပါတယ်။ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ စစ်ရှောင် ထွက်ပြေးနေရပြီး စားနပ်ရိက္ခာ အခက်အခဲကြုံနေရကြောင်း အခွင့်အရေးလှုပ်ရှားမှု အဖွဲ့တခုကလည်း ပြောဆိုထားပါတယ်။ မိုးဗြဲတိုက်ပွဲ အခြေအနေ သတင်းပေးပို့ထားပါတယ်။
ကရင်နီဒေသဖြစ်တဲ့ ကယားပြည်နယ်နဲ့ နယ်ချင်းဆက်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်တို့အကြား နှစ်ဘက် တိုက်ပွဲဖြစ်ပွားနေတာ သီတင်းနှစ်ပတ်ကျော် ရှိလာပါပြီ။ ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ကတည်းက စစ်ကောင်စီက ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဗဟိုပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုးက မိုးဗြဲတိုက်ပွဲနဲ့ ပတ်သက်လို့ ဗွီအိုအေကို ခုလိုပြောပါတယ်။
“မိုးဗြဲမှာကတော့ လက်ရှိပေါ့နော်၊ တိုက်ပွဲတွေ ပုံမှန်ထိတွေ့မှုတွေ ဖြစ်နေတယ်။ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နေ့စဉ်ထိတွေ့မှုတွေ ရှိနေတယ်။ ဘာလို့လဲဆိုတော့ စစ်ကောင်စီဘက်က ဒါ … မိုးဗြဲမြို့ကို ရအောင် ထိုးဖောက်မယ့်သဘောမှာတော့ ရှိတာပေါ့နော်၊ အဲ့တော့ တိုက်ပွဲ နေ့စဉ်ဖြစ်နေပါတယ်။”
လတ်တလော မိုးဗြဲတိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်ကို ဗွီအိုအေက တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့မရပါဘူး။ စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်မထားပါဘူး။ စစ်ကောင်စီ တပ်တွေဘက်က စစ်ကြောင်းမထိုးခင်မှာ လေကြောင်းကရော လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ် တိုက်ခိုက်လေ့ရှိပြီး ဒီနောက်မှာမှ စစ်ကြောင်းတွေ ချီတက်လာလေ့ ရှိကြောင်း၊ အခု မိုးဗြဲတိုက်ပွဲမှာလည်း အလားတူ တိုက်ခိုက်ကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ဗညားခွန်အောင်က ဗွီအိုအေကို ပြောပါတယ်။
“အခုတလော ပြန်ပြီးတော့မှ တိုက်ပွဲ ပြန်ပြင်းထန်တယ်ပေါ့နော်၊ ဒီရက်ပိုင်းတော့ စစ်ကောင်စီ စစ်ကြောင်းပြန်ထိုးဖို့ လုပ်နေတာရှိပါတယ်။ စစ်ကြောင်းထိုးခါနီးဆိုရင် သူတို့ ရှိသမျှနေရာကို လိုက်ပြီး ဗုံးကြဲတာတွေ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေတော့ ပုံမှန်ရှိပါတယ်။ အခုရက်ပိုင်းလည်း ပုံမှန်ရှိနေပါတယ်။”
စစ်ရှောင်ဒုက္ခသည်တွေ နေထိုင်တဲ့ နေရာတွေကိုပါ စစ်ကောင်စီက တိုက်ခိုက်လာတာကြောင့် ရွာသူရွာသားနဲ့ စစ်ဘေးရှောင်တွေ ဘေးလွတ်ရာဆီ တနေရာပြီးတနေရာ ပြောင်းရွှေ့နေကြပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးရရှိရေး အခက်တွေ့နေကြကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ဗညားခွန်အောင်က ဆက်ပြောပါတယ်။
“လူထုတွေကတော့ ခဏခဏရွှေ့တော့လေ အခြေအနေဆိုးတယ်ပေါ့နော်။ တချို့ကလည်း နည်းနည်းငြိမ်ပြီးဆိုရင် ရွာကိုပြန်လာတယ်။ အခြေအနေမကောင်းရင် ပြေးရွှေ့တယ်။ တချို့က ရပ်ဝေးပြောင်းရွှေ့လိုက်တာရှိတယ်ပေါ့။ အဲ့တော့ လူမှုစီးပွားပျက်တာပေါ့နော်။ စစ်ဘေးရှောင် ဒုက္ခသည်ဦးရေ ထပ်တိုးတယ်ပေါ့။ လိုအပ်တဲ့ အခြေခံစားသောက်ကုန်တွေ၊ ဆေးဝါးတွေ၊ အမိုးအကာတွေ အတွက်လည်း လိုအပ်ချက်ရှိတော့ ဝိုင်းကူရတော့ အားလုံးက ပန်းလာကြတာပေါ့နော်။ ငွေကြေးကလည်း နိုင်ငံတကာ အကူအညီလည်း ကျသွားတယ်။ ဖြတ်တောက်မှုတွေ ရှိလာတယ်။”
တိုက်ပွဲကြောင့် အရပ်သားပြည်သူတွေ နေထိုင်ရေးနဲ့ စားရေးသောက်ရေး ကြပ်တည်းလာပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပြီး ကျန်းမာရေး၊ ပညာရေးပိုင်းမှာ နစ်နာရတယ်လို့လည်း သူကပြောပါတယ်။ အခုနောက်ပိုင်းမှာတော့ နိုင်ငံတကာ စာနာမှုအကူအညီတွေ လျော့လာပြီလို့လည်း ဒုက္ခသည်ကူညီရေးအဖွဲ့တွေက ပြောဆိုကြပါတယ်။
Forum