သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ-PNO တိုက်ပွဲ အင်းလေးဒေသခံတို့ ဒုက္ခ


အမှတ် (၁၀၀၉) တပ်ရင်း၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် (IPDF) / (Photo Courtesy: NUG MOD)
အမှတ် (၁၀၀၉) တပ်ရင်း၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် (IPDF) / (Photo Courtesy: NUG MOD)

ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ ရေပူကျေးရွာအနီးက တိုက်ပွဲကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပါတယ်။ စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ်(PNO)ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ၈ ဦး သေဆုံးပြီး ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အင်းလေးဒေသ စစ်ရေးအခြေအနေ ရန်ကုန်ကသတင်းပေးပို့ ထားပါတယ်။


ညောင်ရွှေမြို့နယ် အင်းလေးဒေသက ရေပူကျေးရွာအနီးမှာ တိုက်ပွဲ ပြင်းထန်းလာတာကြောင့် ကျေးရွာ ၈ ရွာ လူဦးရေ ၃,၀၀၀ ကျော် နေရပ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်လို့ အင်းလေး လူ့အခွင့်အရေးအဖွဲ့က ဗွီအိုအေကို ပြောပါတယ်။

“တိုက်ပွဲ ဖြစ်ပွားတာက ရေပူကျေးရွာမှာ ဖြစ်တာပေ့ါ၊ စစ်ရှောင်နေရတဲ့ ရွာကတော့ ကျေးရွာပေါင်း ၈ ရွာလောက်ရှိပါတယ်၊ စစ်ရှောင်ပြည်သူတွေကတော့ ခန့်မှန်းခြေ ၃၀၀၀ ကျော်လောက် ရှိတယ်နော်။”

အင်းလေးဒေသ ရေပူကျေးရွာအနီး ဖေဖော်ဝါရီ ၁၆ ရက်နေ့က စစ်ကောင်စီ ၊ ပအိုဝ်းပြည်သူ့စစ်(PNO)ပူးပေါင်းတပ် နဲ့ အင်းလေးပြည်သူ့ကာကွယ်ရေး (IPDF)ပူးပေါင်းတပ်တို့ နှစ်ဖက် တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

တိုက်ပွဲ မဖြစ်ခင် ရက်ပိုင်းကတည်းက စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တို့က လူနေ ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ဦးတည်ရာမရှိ တောက်လျောက်ပစ်နေတာလို့ အင်းလေးလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။


ဒီပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ၈ ဦး သေဆုံးပြီး ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အင်းလေး လူ့အခွင့်အရေးအဖွဲ့က ဗွီအိုအေကို ပြောပါတယ်။

“စစ်ကောင်စီနဲ့ ဒီ PNO တွေကပေ့ါနော်၊ ဖယ်ခုံ အနောက်ဖက်ကမ်းကနေပြီးမှ ဒီကျေးရွာတွေကို လက်နက်ကြီးနဲ့ နေ့စဉ်နဲ့အမျှ ထုနေတာပေ့ါနော်။ အဲ့ဒါကြောင့် ဒေသပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ရှိတယ်၊ ထိတ်လန့်မှုတွေ ရှိတယ်၊ စိုးရိမ်မှုတွေ အဲ့ဒါကြောင့်မို့ သူတို့တွေ ရွာထဲမှာ မနေရဲတော့တာပေါ့ရှင်။ ထိခိုက်ဒဏ်ရာ တာကတော့ ကလေးငယ် နှစ်ဦး အပါအဝင်ပေါ့နော် ၈ ဦးသေဆုံးပြီးတော့ ထိခိုက်ဒဏ်ရာရရှိတဲ့သူက ၂၀ ရှိပါတယ်ရှင်။”

လက်ရှိအချိန်မှာ တိုက်ပွဲ တည်ငြိမ်နေပေမယ့် နှစ်ဖက် စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် ဒေသခံတွေ နေရပ်မပြန်ရဲသေးဘူးလို့ ပြောပါတယ်။

“တိုက်ပွဲဖြစ်တာက ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ဖြစ်တာပေါ့နော်၊ ဒါပေမဲ့ ဒီစစ်ကောင်စီတွေက တိုက်ပွဲမဖြစ်တဲ့ ရှေ့ရက်တွေ ကတည်းကပေါ့နော်၊ လက်နက်ကြီးတွေနဲ့ တောက်လျောက် ထုနေတာကြောင့်မို့ ဘုရားတောင်ဘက်ကဆိုရင် ဇန်နဝါရီလကုန် လောက်ကတည်းက ကြိုရှောင်ကြတာတွေ ရှိတယ်ရှင့်။ ကျန်တဲ့ ဒီ တောင်ပို့ကွဲတို့ အိမူတို့ ကျတော့ ဒီဖေဖော်ဝါရီလ ၇ ရက် ၈ ရက် အဲ့နေ့လောက်မှာ ရှောင်ကြပါတယ်၊ အခုက ဒေသခံတွေတော့ ပြန်မနေရဲကြသေးဘူးရှင်၊ တိုက်ပွဲကတော့ ငြိမ်လာတယ်ဆိုပေမယ့် နှစ်ဖက်စလုံးက စစ်ရေးတင်းမာမှုတွေ ရှိနေတယ်ပေါ့နော်၊ ဒေသခံစစ်ရှောင်တွေကတော့ ပြန်မနေရဲကြသေးဘူးပေါ့၊ သူတို့ လက်နက်ကြီးတွေ ထုနေတုန်းဆိုတော့ ပြန်မနေရဲကြဘူးရှင်။”

တိုက်ပွဲကြောင့် နေရပ်စွန့်လာတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ နေစရာ အခက်အခဲနဲ့ စားနပ်ရိက္ခာ၊ ဆေးဝါး အကူအညီ အရေးပေါ် လိုအပ်နေတယ်လို့ ဆိုပါတယ်။

အမှတ် (၁၀၀၉) တပ်ရင်း၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် (IPDF) /(Photo Courtesy: IPDF)
အမှတ် (၁၀၀၉) တပ်ရင်း၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် (IPDF) /(Photo Courtesy: IPDF)

လတ်တလော အင်းလေးဒေသ တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်ကို ဗွီအိုအေက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသလို ပအိုဝ်းပြည်သူ့စစ်(PNO) အဖွဲ့ကိုလည်း ဆက်သွယ်လို့ မရသေးပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ပအိုဝ်းပြည်သူ့စစ်(PNO) အဖွဲ့က ညောင်ရွှေမြို့နယ် အင်းလေးဒေသ ရေပူကျေးအနီး အင်းအား ၁၀၀ ကျော်လောက် ထိုးစစ် ဆင်လာတာကြောင့် အင်းလေးပြည်သူ့ကာကွယ်ရေး(IPDF) အမှတ် (၁၀၀၉)တပ်ရင်း၊ ပျားစစ်ကြောင်း၊ ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၂ အမှတ်(၁၀၀၆) တပ်ရင်းနဲ့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား ၃ နာရီခွဲကြာ နှစ်ဖက် တိုက်ပွဲပြင်းထန် ခဲ့တယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေး(IPDF) သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လေယာဉ်နဲ့ ၃ ကြိမ် ဗုံးကြဲခဲ့ပြီး လက်နက်ကြီး အကြိမ်ရေ ၅၀ ထက်မနည်း ပစ်ကူခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တိုက်ပွဲအတွင်း ပအိုဝ်းပြည်သူ့စစ်(PNO)ဘက်က ၅ ဦး ထက်မနည်း သေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိကာ သေနတ် ၅ လက်၊ ကျည်ဘောက် ၉ ခု သိမ်းဆည်ရမိကြောင်း သိရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG