ရှမ်းပြည်နယ်တောင်ပိုင်းမှာ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့တွေက အရွယ်ရောက်သူတွေကို စစ်မှုထမ်းဖို့ ဖိအားပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အထူးသဖြင့် ဖယ်ခုံ၊ ပင်လောင်းနဲ့ ဆီဆိုင်မြို့နယ် တွေမှာ စစ်သားစုဆောင်းနေတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ PNO အဖွဲ့ ထိန်းချုပ် နယ်မြေတွေမှာ တအိမ်ထောင်တယောက် စစ်မှုမထမ်းမနေရ ဖိအားပေးနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။
ရှမ်းပြည်တောင်ပိုင်းမှာ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့ အခြေစိုက်လှုပ်ရှားနေတဲ့ ပင်လောင်းနဲ့ ဖယ်ခုံမြို့ နယ်မှာ ကျေးရွာတွေကို တအိမ်တယောက်နှုန်းနဲ့ စစ်မှုထမ်းဖို့ ဖိအားပေးနေပါတယ်။ အဓိက ဆီဆိုင်၊ ပင်လောင်း၊ ဖယ်ခုံမြို့နယ်တွေမှာ PNO က အဓမ္မစစ်သားစုဆောင်းပြီး စစ်သင်တန်းတွေ ပေးနေတယ် လို့ နာမည်မဖော်လိုတဲ့ ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။
“သူတို့ ထိန်းချုပ်နယ်မြေမှာ ခေါ်တယ်ဗျ။ ဆီဆိုင်တို့၊ ပင်လောင်းတို့၊ တောင်ကြီးဖက်တို့၊ ဟိုပုံးဖက်တို့၊ နောက် ဖယ်ခုံဘက်တော့ ခုမှ သူတို့ (PNO) ပြန်ဝင်လို့ရတယ်ဆိုတော့ ဖယ်ခုံဘက်က ဘယ်လိုနေလဲ မသိဘူး။ (စစ်သားစုဆောင်းတာ) နည်းနည်းရှိကောင်းရှိနိုင်တယ်၊ ကျန်တဲ့ နယ်မြေက အကုန်လုံးပါပဲ- သွားရတာပဲ။ အလှည့်ကျနဲ့ သွားကြတာပဲ။ အချို့က ရှေ့တန်းမသွားချင်ဘူး၊ မလိုက်ချင်ဘူးဆိုရင် လူငှါးတာ တရက်ကို ၅၀,၀၀၀၊ ၈၀,၀၀၀ လား အဲ့လောက်ပေးရတယ်။ အဲ့ဒါ ရှေ့တန်းသွားဖို့ ကြေးစား ပေါ့ဗျာ၊ တချို့က ကြေးစားအနေနဲ့ သွားကြတယ်။ တချို့ကတော့ အတင်းအဓမ္မ မသွားနေရ သွားရတာ ရှိတယ်ပေါ့လေ။ တချို့ဆို သွားတာသွားတာပဲ ။ရှေ့တန်းရောက်တော့ ဘာမှ စစ်ရေးအတွေ့အကြုံ မရှိတာ့ ကျတဲ့ဟာတွေ ကျတာပဲ။”
PNO က စစ်သင်တန်းကို ရက်ပိုင်းလောက်သာပေးပြီး ရှေ့တန်းလွှတ်နေတယ်လို့ဆိုပါတယ်။ ရှေ့တန်းပို့ခံရသူတချို့က တရက်ကို ကျပ်ငွေ ၈ သောင်းနဲ့ လူငှား အစားထိုးကြတာတွေရှိနေတယ်လို့ လုံခြုံရေးအရ နာမည်မဖော်ပြလိုတဲ့ ဒေသခံက ပြောပါတယ်။ ငွေကြေးချမ်းသာသူတွေက စစ်ထဲဝင်ဖို့ လူငှားပြီး အစားထိုးကြပေမယ့် ဆင်းရဲတဲ့ မိသားစုတွေကတော့ အခက်ကြုံနေကြပါတယ်။ တချို့ ငွေကြေးချို့တဲ့သူတွေကလည်း စားဝတ်နေရေးအတွက် ငွေကြေးယူပြီး လူစားထိုးသွားကြတာမျိုးတွေ လည်း ရှိနေပါတယ်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟိုပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုးကလည်း အခုလို ကရင်နီဒေသထဲမှာ PNO ပအိုဝ်းပြည်သူ့စစ်အဖွဲ့က အတင်းအဓမ္မ စစ်သား စုဆောင်းနေသလို တချို့နေရာတွေမှာ လူစားထိုးလို့လည်း မရဘူးလို့ ဗွီအိုအေကို ပြောပါတယ်။
“PNO ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ ကျေးရွာပေါ့နော်။ ပင်လောင်း၊ ဖယ်ခုံအစပ်က ကျေးရွာတွေမှာ PNO ပြည်သူ့စစ်တပ်တွေက အတင်းအဓမ္မ တပ်သား စုဆောင်းတာတွေ လုပ်နေတယ်။ တအိမ်ထောင် တဦးပေါ့နော်၊ စစ်မှုမထမ်း မနေရစနစ်ကို လုပ်နေတယ်။ ဆိုတော့ လျော်ကြေးပေးတာမျိုးလည်း လုပ်လို့မရဘူး၊ စစ်ကောင်စီကို မထောက်ခံပေမယ့်လည်း၊ PNO ကို မထောက်ခံပေမယ့်လည်း ဒီလို အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းခံရတဲ့ အခက်အခဲမျိုးတော့ ဒေသခံပြည်သူတွေ ကြုံတွေ့ရတယ်ပေါ့။”
ဒေသခံတွေကတော့ စစ်သားစုဆောင်းရေးကြောင့် စိုးရိမ်နေကြပေမဲ့ PNO ပြည်သူ့စစ်ကိုလည်း ကြောက်နေကြရတယ်လို့ လုံခြုံရေးအရ နာမည်မဖော်ပြလိုတဲ့ ဒေသခံက ဗွီအိုအေကို ပြောပါတယ်။
“စိုးရိမ်ကြတာပဲ၊ ဘယ်သူဖြစ်ဖြစ် မသွားချင်ကြဘူးလေ။ ဒီအခြေအနေကတော့ (စစ်မှုထမ်း) သွားမယ် ဆိုရင်တော့ တိုက်ပွဲဖြစ်ရင် ကိုယ့်အတွက် အန္တရာယ်များတယ်ဆိုတာ လူတိုင်းသိနေတာကို၊ တိုက်ပွဲ တောက်လျှောက်ဖြစ်နေတာလေ။ ဘယ်သူမှမသွားချင်ဘူး။ စိုးရိမ်ကြတယ်။ သို့သော်လည်း သူ့ရဲ့ အမိန့်သြဇာကို မလွန်ဆန်နိုင်တဲ့အခါကျတော့ မဖြစ်မနေသွားရတာမျိုးပေါ့နော်။”
ဇွန်လကတည်းက ဆီဆိုင်မြို့နယ်က စစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်လာဖို့နဲ့ ပြန်မလာရင် နေအိမ်၊ လယ်ယာစတဲ့ ပိုင်ဆိုင်မှုတွေ သိမ်းမယ်လို့ စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့တွေက ခြိမ်းခြောက်ခဲ့ပါတယ်။ နေရပ်ပြန်လာကြသူတွေထဲက အသက် ၁၈ နှစ်ကနေ ၅၀ နှစ်အောက် အရွယ်ရောက်တဲ့ အမျိုးသားတွေကို စစ်မှုထမ်းဖို့ ဖိအားပေး အတင်းအဓမ္မ စစ်သင်တန်းတက်ခိုင်းပြီး ရှေ့တန်းပို့ခံခဲ့ရသူတွေလည်း ရှိခဲ့ပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေဆင့် ခေါ်နေပြီး တသုတ်ကို လူဦးရေရာနဲ့ချီယူခေါ်ပြီး အခြေခံ စစ်သင်တန်းပေးနေတာလို့ ဒေသခံတွေက ပြောပြပါတယ်။
ဆီဆိုင်မြို့နယ်ထဲမှာ စစ်မှုထမ်းခေါ်ယူ စစ်သင်တန်းပေးနေတာရှိတယ်လို့ PNO အဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူ ခွန်သန်းကြွယ်က ဗွီအိုအေကို အရင်က ပြောထားဖူးပါတယ်။ ဒါပေမယ့် ဒေသခံတွေ ပြောကြ သလို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတာမရှိသလို စစ်မှုမထမ်းနိုင်လို့ ငွေကြေး ကောက်ခံတာမျိုးလည်း မရှိဘူးလို့ ဗွီအိုအေကို ဖြေဆိုဖူးပါတယ်။ အခုနောက်ဆုံး ဖြစ်နေတဲ့ အခြေအနေနဲ့ပတ်သက်လို့ PNO ကို မေးမြန်းဖို့ ကြိုးစားပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
Forum