သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြိုင်မြို့နယ် ဆုံကုန်းရွာ မင်္ဂလာဆောင် ဗုံးကြဲတိုက်ခိုက်ခံရ


မြိုင်မြို့နယ် ဆုံကုန်းရွာဘုန်းကြီးကျောင်း မင်္ဂလာပွဲ ဗုံးကျဲ တိုက်ခိုက်ခံရအပြီး (ဓါတ်ပုံ CJ) (ဖေဖေါ်ဝါရီ ၂၅၊ ၂၀၂၅)
မြိုင်မြို့နယ် ဆုံကုန်းရွာဘုန်းကြီးကျောင်း မင်္ဂလာပွဲ ဗုံးကျဲ တိုက်ခိုက်ခံရအပြီး (ဓါတ်ပုံ CJ) (ဖေဖေါ်ဝါရီ ၂၅၊ ၂၀၂၅)

မကွေးတိုင်း မြိုင်မြို့နယ် ဆုံကုန်းကျေးရွာက မင်္ဂလာဆောင်ကို စစ်တပ်က လေကြောင်းကနေ (၂) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ (၁၀) ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တဲ့အကြောင်း စစ်ကောင်စီကို လက်နက်ကိုင် တိုက်နေတဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ မနေ့ကလည်း ပေါက်မြို့နယ် ကင်းမရွာမှာလည်း လေကြောင်းတိုက်ခိုက်မှုအတွင်း သုံးဦးသေဆုံးပြီး အသက်မပြည့်သေးသူတွေ ပါဝင်ခဲ့တဲ့အကြောင်း ဒေသခံတွေကပြောပါတယ်။ မကွေးတိုင်းမှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေအကြောင်း ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၂၅ ရက် ဒီနေ့က မနက်ပိုင်းမှာ မကွေးတိုင်း မြိုင်မြို့နယ် ဆုံကုန်းကျေးရွာ ဘုန်းကြီးကျောင်းထဲ မင်္ဂလာဆောင် ကျင်းပနေချိန် စစ်တပ်ဘက်က လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်တာကြောင့် ၁၀ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့က VOA ကို ပြောပါတယ်။

ဂျက်ဖိုက်တာကနေ ကြဲချတဲ့ ဗုံးသီးဟာ မင်္ဂလာပွဲကျင်းပနေတဲ့ အနီးကချက်ပြုတ်ကျွေးမွေးနေတဲ့ ထမင်းစားအဆောင်ပေါ် ကျရောက်ပေါက်ကွဲခဲ့တာပါ။ လေကြောင်းတိုက်ခိုက်တဲ့အခြေအနေနဲ့ ပတ်သက်လို့ မြိုင်ပကဖ တာဝန်ရှိသူ ကိုလက်ယျာ်က အခုလို ပြောပါတယ်။

"ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးနဲ့ ကြဲသွားတယ်။ ပထမဆုံးတလုံးမှာတင် လူတွေက အသေများတယ်။ ထမင်းချက်တဲ့နေရာတင်ကျတာဆိုတော့ ထပ်ပြီးတော့လည်း နောက်တခေါက်ပြန်လာသေးတယ်။ လာတော့လည်း ပျက်စီးတယ်။ အဲ့ဒါတော့ အထိခိုက်မရှိဘူး။ ပထမတလုံးမှာတည်းက ထမင်းစားနေတဲ့အချိန် ထမင်းချက်နေတဲ့အချိန် လူစည်ကားတဲ့အချိန်မှာ ကျတာဆိုတော့ တော်တော်များများကို ထိခိုက်တယ်။အခုထက်ထိကို လိုက်စစ်နေဆဲပဲ တချို့ဟာတွေက အလောင်းကို ကောက်မရဘူး။ ဘယ်သူဘယ်ဝါလည်းမကွဲဘူး။ ထပ်ပြီးတော့ သေဆုံးတာတွေ တိုးလာနိုင်တဲ့အနေအထားမှာရှိတယ်။ အခုက သေဆုံးတာက ၁၀ အထက်မှာပဲ အရှေ့မှာ ရဲဘော်တွေနဲ့ အဲ့နားပတ်ဝန်းကျင်သွားခိုင်းပြီးတော့ ပြန်ပြီးကယ်တာ ဖော်ထုတ်တာ လုပ်ပြီးတော့ သတင်းသေချာအောင် စီစစ်နေတယ်။"

ဆုံကုန်းကျေးရွာဟာ ကျောက်ခွက်ရေနံမှော်အနီးမှာရှိပြီး မင်္ဂလာဆောင်ကလည်း ကာကွယ်ရေး တပ်ဖွဲ့ဝင်ဟောင်းတဦးရဲ့ မင်္ဂလာဆောင် ဖြစ်ပါတယ်။ ကယ်ဆယ်ရေးတွေလုပ်ဆောင်နေပြီး ဒဏ်ရာရရှိသူတွေကို ဆေးကုသပေးနေတဲ့အကြောင်းလည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

မြိုင်မြို့နယ် ဆုံကုန်းရွာဘုန်းကြီးကျောင်း မင်္ဂလာပွဲ ဗုံးကျဲ တိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဖေဖေါ်ဝါရီ ၂၅၊ ၂၀၂၅)
မြိုင်မြို့နယ် ဆုံကုန်းရွာဘုန်းကြီးကျောင်း မင်္ဂလာပွဲ ဗုံးကျဲ တိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဖေဖေါ်ဝါရီ ၂၅၊ ၂၀၂၅)

လေကြောင်းတိုက်ခိုက်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်မှု တစုံတရာမရှိသေးပါဘူး။ ဖြစ်ပွားတဲ့နေရာဟာ ဆက်သွယ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိတဲ့အတွက် VOA အနေနဲ့ သီးခြားအတည်ပြုချက် ရဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

မကွေးတိုင်းထဲကပဲ ပေါက်မြို့နယ်တောင်ပိုင်းက ကင်းမရွာကိုလည်း မနေ့က ဖေဖော်ဝါရီ ၂၄ ရက် ညပိုင်းက စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီး ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သေဆုံးသူတွေထဲ အသက်မပြည့်သေးတဲ့ ကလေးငယ်လည်း ပါဝင်တယ်လို့ ကင်းမ ဒေသခံတဦးက အခုလို ပြောပါတယ်။

"၁၁ နာရီ ၁၀ မိနစ်အလို ကြဲခံရတာက မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ကင်းမ ကျေးရွာအုပ်စု ကင်းမရွာ ကွက်သစ် အနောက်ပိုင်းပေါ့။ ၃ ယောက်သေးတယ်။ အမျိုးသမီး ၃ ယောက်။ ၁၇ နှစ် အေးသီရိကျော် G11 ကျောင်းသူ တယောက်ပါတယ်။ ဗုံးနဲ့ချတဲ့အချိန်မှာ အိပ်ပျော်နေတယ်။ အကြီး ဒေါ်တင်နွဲ့က ကျန်းမာရေး မကောင်းဘူး။ ခေါင်းတောင်မထောင်နိုင်ဘူး။ ဒေါ်တင်နွဲ့နဲ့အတူ သမီးကတော့ အေးသီရိကျော်ကတော့ သူတို့တွေက အိပ်ယာထဲမှာပဲ သေနေတာပေါ့။"

ကင်းမကျေးရွာဟာ ပေါက်တောင်ပိုင်းမှာရှိပြီး စစ်တပ်ရဲ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ပထမဆုံး နေအိမ် ၁၀၀ ကျော် မီးရှို့ခံရတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။ နေအိမ်တွေ မီးရှို့ခံရလို့ ဒေသခံတွေဟာ မူလနေအိမ်တွေနေရာမှာ ယာယီတဲအိမ်တွေ ပြန်လည် ဆောက်လုပ်နေထိုင်နေကြသလို စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်တွေကြောင့် မကြာခဏ ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်ကလည်း မကွေးတိုင်း စေတုတ္တရာမြို့နယ်ထဲက မုံညှင်းကျေးရွာကို စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံတွေရဲ့ တဲအိမ်တွေအပေါ် ကျရောက်ပြီး ကလေးငယ် ၂ ဦး အပါအဝင် ၈ ဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တဲ့အကြောင်း ဒေသခံတွေက VOA ကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG