စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာ အမျိုးသမီး ၈၆ ဦး သေဆုံးခဲ့တယ်လို့ မြန်မာအမျိုးသမီးသမဂ္ဂရဲ့ သောကြာနေ့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။ စစ်ရေးပဋိပက္ခတွေအတွင်း အမျိုးသမီးတွေ အကြမ်းဖက်ခံနေရတာနဲ့ ပတ်သတ်ပြီး ကျူးလွန်သူတွေကို အရေးယူပေးဖို့ကိုလည်း မြန်မာအမျိုးသမီးသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။ ဒီအကြောင်း အပြည့်အစုံ ရန်ကုန်ကပေးပို့လာတဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တွေ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီကြား စစ်ရေးပဋိပက္ခတွေ တနေ့ထက်တနေ့ ကြီးထွားလာနေတဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီက လေကြောင်းပစ်ခတ်မှုတွေကို တိုးမြင့်လုပ်ဆောင်နေတာကြောင့် အရပ်သားထိခိုက် သေဆုံးတာတွေလည်း မြင့်မားလာတဲ့အကြောင်း မြန်မာအမျိုးသမီးသမဂ္ဂ(BWU) က သတင်း ထုတ်ပြန်တာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်းမှာပဲ စစ်ကောင်စီလေကြောင်းပစ်ခတ်မှုနဲ့ လက်နက်ကြီးတွေကြောင့် အမျိုးသမီး ၈၆ ဦးသေဆုံးခဲ့တယ်လို့ သတင်းထုတ် ပြန်ထားတာပါ။သေဆုံးသူတွေထဲမှာ ရခိုင်ပြည်နယ်က အမျိုးသမီး ၃၉ ဦးအထိ ပါဝင်ပြီး တလအတွင်း အမျိုးသမီးသေဆုံးမှု အများဆုံးဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။
လက်ရှိ ထုတ်ပြန်ထားတဲ့ သေဆုံးသူစာရင်းဟာ BWU ရဲ့ လက်လှမ်းမှီသလောက် ကောက်ယူထားတဲ့ စာရင်းသာြဖစ်ပြီး တကယ်တမ်း မြေပြင်မှာ ဒီထက်မက ပိုများနိုင်တယ်လို့လည်း မြန်မာအမျိုးသမီးသမဂ္ဂ (BWU)ရဲ့ အထွေထွေအတွင်းရေးမှူး(၂) မယဉ်မျိုးလှိုင်က ပြောပါတယ်။
“ အကြမ်းဖက်မှုထဲမှာ ဆိုလို့ရှိရင် လေကြောင်း တိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးရတဲ့ အမျိုးသမီး ဦးရေက များတယ်လို့ ကျမတို့ သုံးသပ်လို့ ရတယ်ပေါ့နော်။ တလအတွင်းမှာ ဒီလိုမျိုး ၈၆ ဦးသေဆုံးတယ်ဆိုတာက ဒါကလည်း ကျမတို့ BWU ရဲ့ လက်လှမ်းမှီတဲ့ ဒေသတွေရဲ့ အခြေအနေတွေကို ကျမတို့က စုပေးထားတာြဖစ်တယ်။ ဒီထက်မကလည်း ဒီ ၈၆ ဦးထက် ပိုနိုင်တဲ့ အရေအတွက်လည်း ရှိနိုင်တယ် ဘာလို့ ကျမ ဒီလိုဆိုနိုင်တာလည်းဆိုတော့ ကျမတို့ရဲ့ နိုင်ငံအခြေအနေက သတင်းအချက်အလက် ဖြတ်တောက်ခံထားရတဲ့ နေရာတွေလည်း အများကြီးရှိတာဆိုတော့ ကျမတို့ လက်လှမ်းမီှနိုင်ဖို့ အားနည်းတာကြောင့်မလို့ ဒီထက်ပိုတဲ့ ကိန်းဂဏန်းတွေလည်း ရှိနိုင်တယ်ရှင့်။”
လက်ရှိမြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ အတွင်းမှာ အမျိုးသမီးတွေဟာ အာဏာသိမ်း စစ်အုပ်ရဲ့ နည်းမျိုးစုံနဲ့ အကြမ်းဖက်တာတွေကို ခံနေရသလို အရပ်သားပြည်သူတချို့ရဲ့ အကြမ်းဖက်မှုတွေနဲ့လည်း ရင်ဆိုင်နေကြရတယ်လို့ သူက ဆက်ပြောပါတယ်။
“ ဒီ စစ်ရေးပဋိပက္ခအတွင်းမှာ အမျိုးသမီးတွေက လေကြောင်းတိုက်ခိုက်ခံရတဲ့ အပြင်ကို နောက်ထပ် တခုအနေနဲ့ Rape အဓမ္မ လုပ်တာမျိုးတွေ ခံရတာရှိတယ်ဆိုတော့ အမျိုးသမီးတွေက ဒီလိုကာလတွေမှာ အကြမ်းဖက် ခံရတာက တခြားသူတွေထက်စာရင် နှစ်ဆ ခံရတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ဒါကြောင့်မလို့ ဒီလိုမျိုး အရာတွေ ဆက်မဖြစ်သင့်ဘူး။ချက်ချင်း ရပ်ပေးဖို့ ကျမတို့ ပြောချင်တယ်။”
အခုလို အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ကျူးလွန်သူတွေကို ထိရောက်တဲ့ အပြစ်ပေး အရေယူတာတွေ လုပ်ဆောင်ပေးကြဖို့လည်း မြန်မာအမျိုးသမီးသမဂ္ဂ (BWU) အထွေထွေအတွင်းရေးမှူး(၂) မယဉ်မျိုးလှိုင်က ထပ်ပြောပါတယ်။
“ ဒီလို ကျူးလွန်ထားတဲ့ အကြမ်းဖက် စစ်အုပ်စုကိုလည်း အပြစ်ပေး အရေးယူတာတွေ ဖြစ်စေချင်တယ်။ ကျမတို့ စုဆောင်းထားတဲ့ အချက်အလက်အရဆိုရင် အကြမ်းဖက် စစ်အုပ်စုက ကျူးလွန်တာရှိသလို တချို့ အရပ်သားတွေ ကျူးလွန်တာလည်း ရှိတယ်။ ဆိုတော့ ကျူးလွန်သူ ဘယ်သူမဆိုကို ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုကို ခံရမှာြဖစ်တယ်။ ဒါကြောင့် ကျူးလွန်သူတွေကို အရေးယူပေးဖို့ ကျမတို့ ပြောချင်ပါတယ်။”
ဒီ သတင်းထုတ်ပြန်ချက်အပေါ် စစ်ကောင်စီဘက်က တုံ့ပြန်တာတော့ မရှိသေးပါဘူး။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ကစပြီး ၄ နှစ်တာ ကာလအတွင်း စစ်ကောင်စီဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်ထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နည်းမျိုးစုံ လုပ်နေတယ်လို့လည်း မြန်မာအမျိုးသမီးသမဂ္ဂ BWU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Forum