မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်ထဲက လက်ဝဲရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် နေအိမ်တချို့ ထိခိုက် ပျက်စီးခဲ့ပြီး ဒေသခံတဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ လေကြောင်း တိုက်ခိုက်တာတွေ မကြာခဏ ရှိနေတာကြောင့် လူမှုဘ၀တွေ ပိုမို ထိခိုက်လာနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ နွားထိုးကြီးမြို့နယ်ထဲက အခြေအနေ ရန်ကုန်က ပေးပို့လာတာကို ပြောပြပေးမှာပါ။
မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်ထဲက လက်ဝဲရွာကို ဇန်နဝါရီ ၂၃ ရက် ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ နေအိမ်တချို့ ပျက်စီးပြီး ထိခိုက် ဒဏ်ရာရသူ တဦးလည်း ရှိခဲ့ပါတယ်။ အခုလို တိုက်ခိုက်မှုတွေကြောင့် ကျေးရွာထဲမှာ ဆက်နေရတဲ့သူ တချို့သာ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ လေကြောင်း တိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဒေသခံ တဦးက အခုလို ပြောပါတယ်။
"နွားထိုးကြီးမြို့နယ် လက်ဝဲကျေးရွာ ညနေ ၃ ခွဲ ဂျက်ဖိုက်တာနဲ့ ကောင်းကင်ကနေ ပတ်ပြီးတော့ လေယာဉ်ဝဲနေရင် ဂရုစိုက်နေရတာလေ။ လေယာဉ်ဝဲနေပြီဆိုပြီးတော့ ပစ်ချလိုက်တာ ၇ အိမ်လောက် ပျက်စီးသွားတယ်။ လက်နက်ကြီးနဲ့ ပစ်တာက ခဏတိုင်းပဲ။ အဲ့ဒီတော့ ရွာထဲက ဒေသခံပြည်သူတွေက အထိတ်တလန့်ဖြစ်ပြီးတော့ ရွာတွေထဲ မနေကြတော့ဘူး။ ချက်ပြုတ်မယ်ဆို နေ့လည် နေ့ခင်း ရွာထဲတော့နေတယ်။ ရွာထဲလည်း သိပ်မနေပါဘူး။ တောတွေထဲ ချက်ပြုတ်စားသောက်ပြီး ညဘက်ဆို ဆိုင်ကယ်လေးတွေနဲ့ ဒေသခံတွေက စစ်ရှောင်တဲ့ ပုံစံမျိုးနေ နေရတာပေါ့။ မြေပြင်စစ်ကြောင်းတော့ မရှိဘူး။ လေယာဉ်နဲ့ ဟောင်ဝစ်ဇာနဲ့ ကြောက်ရတော့ ညညဆို စစ်ရှောင်တဲ့ ပုံစံမျိုးနဲ့ တခြားနေရာတွေ ပြောင်းပြောင်း အိပ်ရတယ်။"
လက်ဝဲရွာဟာ အရင်ကလည်း မကြာခဏ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခံရတာ ခံရတဲ့အပြင် မြင်းခြံမြို့ ခမရ(၁၅) တပ်ရင်းထဲကနေ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် နေအိမ်တွေ ပျက်စီး မီးလောင်ပြီး ဒေသခံတွေ သေဆုံးတာ၊ ဒဏ်ရာရတာတွေ ရှိတာကြောင့် စိုးရိမ်ပြီး ဒေသခံ အများအပြား ဘေးလွတ်ရာနေရာတွေ ရွှေ့ပြောင်း နေထိုင်ကြတာလည်း ဖြစ်ပါတယ်။
အခုလို လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေအတွက် သွားလာနေထိုင်ရေးနဲ့ လူမှုစီးပွားဘဝတွေ သိသိသာသာ ထိခိုက်ရတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။
"စိုးရိမ်ရတာက စိုးရိမ်ရတာပေါ့ဗျာ။ သွားမှုလာမှုကလည်း ခက်ခဲ သွားပြန်တော့လည်း နောက်ကမိသားစုတွေက လေကြောင်းရန်နဲ့ သွားလာတဲ့အချိန် သူတို့က မချဘူးဆိုတာ ပြောမရဘူးလေ။ ကောင်းကင်ပေါ်က ဖြတ်သန်းနေတာ ဆိုတော့။ သူတို့ချချင်ရင် ဗုံးပါတယ် မပါဘူးဆိုတာလည်း မသိဘူး။ သူတို့ချချင်ရင် ချခဲ့တာဆိုတော့ အတပ်ပြောမရဘူး။ လူမှုစီးပွားရေးကတော့ အားလုံးတော့ ပျက်ပျယ်တာပေါ့။ သွားချင်တိုင်း သွားမရ။ အလုပ်ကိုလည်း ဖြောင့်ဖြောင့်တန်းတန်း လုပ်စားမရပါဘူး။"
ဇန်နဝါရီ ၂၄ ရက် မနက် ၁၂ ခွဲကလည်း မိထ္ထီလာ ခရိုင် မလှိုင်မြို့နယ်ထဲက သရက်ကန် ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်တာကြောင့် နေအိမ် ၁ လုံးပျက်စီးပြီး ဒေသခံတဦး ထိခိုက်ခဲ့ပါသေးတယ်။ အခုတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန် ပြောဆိုတာ မရှိသေးပါဘူး။
မြင်းခြံခရိုင်ထဲက ကျေးရွာတွေ ဖြစ်တဲ့ ငါန်းဇွန် ၊ မြင်းခြံ ၊ နွားထိုး ၊ တောင်သာ မြို့နယ်တွေကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကစလို့ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ အရှိန်မြှင့် လုပ်ဆောင်လာနေတာလည်း ဖြစ်ပါတယ်။ ဒီလို တိုက်ခိုက်တဲ့နေရာမှာ ဂျက်ဖိုက်တာတွေအပြင် စက်တပ် လေထီးတွေကိုပါ ပိုမို အသုံးပြု ဗုံးကြဲ တိုက်ခိုက်တာတွေ လုပ်လာတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
Forum